ဗျူနိုအေးရိစ် ဖေဖော်ဝါရီ ၉

 

အာဂျင်တီးနားနိုင်ငံသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်မည်ဖြစ် ကြောင်း သမ္မတ ဂျာဗီယာမီလိုင် က ပြောကြားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အာဂျင်တီးနားနိုင်ငံ နုတ်ထွက်ရန် သမ္မတ ဂျာဗီယာမီလိုင်က နိုင်ငံခြားရေး ဝန်ကြီး ဂျီရာဒိုဝတ် သိန်းအား ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အာဂျင်တီးနားသမ္မတ မီလိုင်တို့သည် ရင်းနှီးသည့် ဆက်ဆံရေးရှိကြောင်း သိရသည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုသည် ကမ္ဘာ့နိုင်ငံများအကြား တန်းတူညီမျှစွာ ဆောင်ရွက်မှုမရှိသည့်အတွက် ယခုကဲ့သို့ နုတ်ထွက်ခြင်း ဖြစ်ကြောင်း အာဂျင်တီးနားသမ္မတ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

 

ထို့ပြင် ကပ်ရောဂါကာလအတွင်း ကျန်းမာရေးစီမံခန့်ခွဲမှုများဆောင်ရွက်ရာတွင် နိုင်ငံအချို့၏ လွှမ်းမိုးခြယ်လှယ်မှုအောက်တွင် လုပ်ငန်းများကို စီမံခန့်ခွဲခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ အမေရိကန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးဆုံးသော အလှူရှင်နိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံ နုတ်ထွက်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကူးစက်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အဟန့်အတားများဖြစ်ပေါ်မည် ကို ပြည်သူများက စိုးရိမ်လျက်ရှိစဉ် အာဂျင်တီးနားနိုင်ငံက ယခုကဲ့သို့ နုတ်ထွက်ရန် ကြေညာခြင်းဖြစ်သည်။

 

ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်တားဆီးရန် နိုင်ငံတကာမူဘောင်ဖြစ်သည့် ပါရီသဘောတူညီ ချက်မှ အမေရိကန်နုတ်ထွက်သည့် သမ္မတထရမ့်၏ ဆုံးဖြတ်ချက်အပေါ် အာဂျင်တီးနားသမ္မတ မီလိုင်က ထောက်ခံကြောင်းပြောကြားပြီး ၎င်းအနေဖြင့်လည်း ပါရီသဘောတူညီချက်မှ နုတ်ထွက်ရန် သုံးသပ်လျက်ရှိကြောင်း ပြောကြားသည်။

 

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရရှိပြီးနောက် ရွေးကောက်ခံသမ္မတနှင့် တွေ့ဆုံသည့် ပထမဆုံးနိုင်ငံခြားခေါင်းဆောင်ဖြစ်သည့်အပြင် ထရမ့်၏သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်