နေပြည်တော် ၁၄ ဇွန်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့မှ ရရှိသော ဘဏ္ဍာငွေကို ပိုမိုအကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုရေးဆွဲတော့မည့် (၂၀၂၀-၂၁) ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ဝန်ကြီး ဌာနရှိ ကျန်းမာရေးစီမံချက် မန်နေဂျာများသည် ဖြစ်ပေါ်လျက်ရှိသော ကျန်းမာရေးနှင့် နှီးနွှယ်နေသော အခြေအနေများကို နောက်ခံထား၍ လက်တွေ့ကျ၍ လုပ်ကိုင်နိုင်မည့် လုပ်ငန်းများကိုသာ ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရရှိသည့် ရန်ပုံငွေမှာ ဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေး ကဏ္ဍ (public health) ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပိုမိုအဆင့်မြင့်ရေးဆောင်ရွက်ရာ၌ များစွာအထောက်အကူပြုပါကြောင်း၊
တစ်ချိန်တည်းတွင် ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လုပ်ကိုင်လျက်ရှိသော စီမံချက် လုပ်ငန်းများကို ဆန်းစစ်သုံးသပ်ခြင်းများ ပြုလုပ်၍ ပြည်သူများအား ယခုထက်ပိုမို ထိရောက်၍ စွမ်းဆောင်ရည်မြင့်မားသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးနိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများသည် လက်တွေ့မြေပြင်၌ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မှု ချောမွေ့စေသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေများမှာ ပြန်လည်ပေးဆပ်ရမည်ဖြစ်သဖြင့် အထူးဂရုစိုက်ပြီး ထိရောက်အောင်သုံးစွဲရမည်ဖြစ်ပါကြောင်း၊
ဤရန်ပုံငွေနှစ်ရပ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအားလုံးကို မိမိတို့ကိုယ်ပိုင် အရေးကိစ္စသဖွယ် အလေးထားဆောင်ရွက်မှု (sense of ownership) များ ပိုမိုရရှိမှသာလျှင် ရန်ပုံငွေများ အလေအလွင့် နည်းပါးမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးစီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များမြှင့်တင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရန်ပုံငွေများစီမံခန့်ခွဲမှုကို ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တို့မှ အချိုးညီခွဲဝေဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ထိုသို့ဆောင်ရွက်ရာတွင် ဗဟိုအဆင့် ကျန်းမာရေးစီမံချက်မှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ နည်းပညာရှင်များ၏ ပံ့ပိုးမှုသည် အရေးကြီးပါကြောင်း၊ လုပ်ငန်းစီမံချက်များ စတင်ရေးဆွဲစဉ်မှ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သည်အထိ မြို့နယ်၊ တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများ၏ ပါဝင်မှုသည် အရေးကြီးပါကြောင်း၊ လုပ်ငန်းကဏ္ဍနှင့် လုပ်ငန်းသဘာဝနှီးနွှယ်သည့် လုပ်ငန်းများကို စီမံချက်လုပ်ငန်းများ အချင်းချင်း လက်တွဲချိတ်ဆက် ပေါင်းစပ်၍ လုပ်မှသာ ဘဏ္ဍာငွေကုန်ကျခံရသလောက် အကျိုးရှိထိရောက်မည်ဖြစ်ပါကြောင်း၊
ဇွန်လ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် “ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ” မှ သုံးသပ်ဆွေးနွေးအကြံပြုချက်များကို အခြေခံ၍ (၂၀၂၀-၂၁) ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံချက်လုပ်ငန်းများတွင် ထည့်သွင်းရေးဆွဲကာ အကောင်အထည်ဖော်ဆောင်ရွက်သွား ရမည်ဖြစ် ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံချက်လုပ်ငန်းများရေးဆွဲရာ၌ လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှုဆိုင်ရာ လက်တွေ့ကျပြီး သော့ချက်ကျသည့် အညွှန်းကိန်းအချက် (key performance indicator) များနှင့် စောင့်ကြည့်ခြင်းနှင့် လေ့လာ သုံးသပ်ခြင်း (monitoring and evaluation) စနစ်ကို တစ်ပါတည်း ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါကြောင်း၊
ကျန်းမာရေးစီမံချက်များရေးဆွဲရာ၌ ကမ္ဘာ့ကျန်းမာရေးညီလာခံ ဆုံးဖြတ်ချက် (resolution) များကို ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်၍ မိမိနိုင်ငံနှင့် ကိုက်ညီပြီး ပြည်သူများအတွက် အကျိုးရှိစေမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို ကျန်းမာရေးစီမံချက်လုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊
ကျန်းမာရေးစီမံချက်အသီးသီးအနေဖြင့် ကောင်းမွန်တိကျသည့် စာရင်းဇယားနှင့် သတင်း အချက်စနစ်ကိုလည်း ဖော်ဆောင်ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် World Health Survey နှင့် Mental Health Survey ကို ပေါင်းစပ်၍ မကြာမီကောက်ယူတော့မည်ဖြစ်ရာ အခြေခံကျန်းမာရေးဆိုင်ရာ အချက်အလက်များ တိကျစွာရရှိနိုင်၍ ပိုမိုမှန်ကန်တိကျသည့် မဟာဗျူဟာများနှင့် စီမံချက်များချမှတ်ဆောင်ရွက် သွားနိုင်မည်ဖြစပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ Administrative Officer Mr. Maarten က Overview of planning and implementation of 13th General Programme of Work (GPW 13) in SEA Region ခေါင်းစဉ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀၂၀-၂၁) ဘဏ္ဍာနှစ်များတွင် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများအတွက် လျာထားရန်ပုံငွေ၊ ဦးစားပေးလုပ်ငန်းများနှင့် ရန်ပုံငွေအဆိုပြုတင်ပြရမည့် အချိန်ဇယားကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်က ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီရရှိရေးစီမံချက် (Essential Health Services Access Project - EHSAP) လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကျန်းမာရေးစီမံကိန်းမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်