၇ အောက်တိုဘာ
ကျွန်တော်တို့ လူသားတွေ စုပေါင်းနေထိုင်တဲ့ ကမ္ဘာကြီးဟာ အခုအချိန်မှာ ကျန်းမာရေးပြဿနာအများအပြားကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရထားခဲ့တဲ့ ကူးစက်ရောဂါတွေ (ဥပမာ - ဝက်သက်၊ ပိုလီယို စတာတွေ)က ပြန်ခေါင်းထောင်ထလာတယ်။ ရောဂါပိုးမွှားတွေက ပဋိဇီ၀ဆေးတွေကို ခံနိုင်ရည် ရှိလာတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းတာနဲ့အမျှ အဝလွန်တာတွေက ပိုများလာတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ရာသီဥတုပြောင်းလဲမှု၊ စစ်ဖြစ်ပွားမှု စတဲ့ ကပ်ဘေးဆိုက်မှုတွေက များလာတယ်။
ဒီခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ၂၀၁၉ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက (၁၃) ကြိမ်မြောက် အထွေထွေ လုပ်ငန်းစီမံချက် ငါးနှစ်စီမံကိန်းကို စတင်လိုက်ပါတယ်။ ဒီစီမံကိန်းကြီးမှာ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၃၀၀၀ကို ဦးတည်ထားခဲ့ပါတယ်။ ဒါကြောင့် သန်း ၃၀၀၀ စီမံချက်လို့ နာမည်ပေးထားပါတယ်။ သန်း ၁၀၀၀ကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေမယ်။ နောက် သန်း ၁၀၀၀ ကတော့ အရေးပေါ် ကျန်းမာရေးပြဿနာများက ကာကွယ်ပေးမယ်။ နောက်သန်း ၁၀၀၀ ကိုတော့ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ကျန်းမာစွာနေထိုင်မှုကို ရရှိစေမယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒီရည်မှန်းချက်တွေကို ပြည့်မီဖို့ဆိုတာ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ပြဿနာကြီးတွေကို ဘက်ပေါင်းစုံက ရင်ဆိုင်ဖြေရှင်းနိုင်မှ ဖြစ်နိုင်မှာပါ။
အဲဒီကျန်းမာရေး ခြိမ်းခြောက်မှုကြီးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှု
ကမ္ဘာပေါ်မှာ လူ ၁၀ ဦးမှာ ကိုးဦးဟာ မသန့်ရှင်းတဲ့လေကို နေ့စဉ်ရှူရှိုက်နေရပါတယ်။ ပတ်ဝန်းကျင်လေထုထဲက မသန့်ရှင်းတဲ့ အမှုန်အမွှားလေးတွေဟာလူတွေရဲ့ အဆုတ်ကတစ်ဆင့်ဝင်ရောက်ပြီး အဆုတ်၊ နှလုံးနဲ့ ဦးနှောက် တို့ကို အန္တရာယ်ပြုပါတယ်။ ကင်ဆာ၊ လေဖြတ်ခြင်း၊ နှလုံးနှင့် အဆုတ်ရောဂါတွေကြောင့် နှစ်စဉ် လူပေါင်း ခုနစ်သန်းကို မိမိတို့ သက်တမ်းထက် စောစီးစွာသေစေနိုင်ခဲ့ပါတယ်။ ဒီလေထုညစ်ညမ်းမှုရဲ့ ၉၀ ရာခိုင်နှုန်းက ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်း နိုင်ငံတွေမှာ ဖြစ်နေတာပါ။ စက်ရုံအလုပ်ရုံက မီးခိုးငွေ့တွေ၊ ယာဉ်ရထား တွေက အင်ဂျင်အခိုးအငွေ့တွေ၊ အိမ်တွင်းမီးဖိုတွေကထွက်တဲ့ မီးခိုးငွေ့တွေကြောင့်အဓိက ဖြစ်ပါတယ်။
ဒီမီးခိုးငွေ့တွေ အထူးသဖြင့် ကျောက်မီးသွေးမီးခိုးငွေ့တွေက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ အဓိကတရားခံလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ၂၀၃၀ နဲ့ ၂၀၅၀ ကြားမှာ တစ်နှစ်ကို လူပေါင်း ၂၅၀၀၀၀ ခန့် ပိုမိုသေဆုံးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးက ဝန်ခံကတိပြုထားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ တကယ်လုပ်ဖြစ်ရင်တောင် ဒီရာစုနှစ် အတွင်းမှာ ကမ္ဘာကြီးရဲ့ အပူချိန်ဟာ ၃ ဒီဂရီစင်တီ ဂရိတ်တက်လာမှာကို ရှောင်ရှားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
၂။ မကူးစက်နိုင်သော ရောဂါများ
ဆီးချို၊ ကင်ဆာနဲ့ နှလုံးရောဂါစတဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် နှစ်စဉ်ကမ္ဘာ့လူသားပေါင်း ၄၁ သန်း သေဆုံးနေပါတယ်။ ဒါဟာ သေဆုံးမှုအားလုံးတို့ရဲ့ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီအထဲမှာ အသက် ၃၀ နဲ့ ၆၉ ကြား စောစီးစွာ သေဆုံးခဲ့သူ ၁၅ သန်းပါဝင်ပါတယ်။
ဒီသေဆုံးမှုတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းနိုင်ငံတွေမှာ ဖြစ်ပါတယ်။ ဒီရောဂါတွေမှာ အဓိက အကြောင်းရင်း ငါးချက်ရှိပါတယ်။ ဒါတွေကတော့ ဆေးလိပ်၊ အရက်အလွန်အကျွံသောက်မှု၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အစားအစာတွေနဲ့ လေထုညစ်ညမ်းမှုတို့ပါပဲ။ ဒီရောဂါတွေကြောင့်လည်း လူတွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စိတ်ရောဂါတွေရဲ့ ၅၀ ရာခိုင်နှုန်းက အသက် ၁၄ နှစ် မတိုင်ခင် လူငယ်ဘ၀မှာ စတင်ခဲ့ပြီး သတိမထားမိကြတာ များပါတယ်။
၃။ ရာသီတုပ်ကွေးကပ်ရောဂါ
၂၀၀၉ ခုနှစ် ကမ္ဘာ့ရာသီတုပ်ကွေးကပ်ရောဂါဖြစ် ပြီးတဲ့နောက်မှာ ကမ္ဘာ့ရာသီတုပ်ကွေးကပ်ရောဂါဟာ ပြန်ဖြစ်လာဖို့ သေချာပေါက်ရှိနေပါတယ်။ ဘယ်နေရာက စတင်မယ်၊ ဘယ်လောက်ပြင်းထန်မယ်ဆိုတာသာ မသေချာတဲ့အချက်ပါ။ ဒါနဲ့ပတ်သက်လို့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ အရေးပေါ်ပြင်ဆင်ထားမှုတွေဟာ အားနည်းနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နှစ်စဉ်ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးတွေရဲ့ သိသိသာသာ ဗီဇပြောင်းလဲမှု (ကပ်ရောဂါကို ပြန့်ပွားစေနိုင်)ကို နိုင်ငံပေါင်း ၁၁၄ နိုင်ငံက အဖွဲ့အစည်း ၁၅၃ ခုနဲ့ စောင့်ကြည့်နေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နှစ်စဉ်ဖြစ်ပွားနိုင်တဲ့ ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးတွေကို မှန်းဆဖော်ပြပြီး ကာကွယ်ဆေးတွေထုတ်ဖို့ အကြံပေးနေပါတယ်။ တကယ်လို့ ဗီဇပြောင်းလဲမှုဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားရင်လည်း အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေ ပါတယ်။
၄။ မတည်ငြိမ်သော၊ ထိခိုက်ပျက်စီးလွယ်သော အခြေအနေများ
ကမ္ဘာ့လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်း (၁ ဒသမ ၆သန်း)ဟာ ကာလရှည် မတည်မငြိမ်ဖြစ်နေတဲ့ နေရာတွေမှာ နေနေရပါတယ်။ အငတ်ဘေး၊ စစ်ဘေး၊ ရာသီဥတု ဘေးနှင့် အစုလိုက်ရွှေ့ပြောင်းနေထိုင်နေရတာတွေ ရှိပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေမှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကလည်း နဂိုကတည်းက အားနည်းနေရတဲ့အတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေကိုတောင် လက်လှမ်းမမီဘူး ဖြစ်နေပါတယ်။
မတည်ငြိမ်တဲ့ ဒေသတွေဟာ ကမ္ဘာရဲ့ဒေသအသီးသီးမှာ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု စီမံချက်တွေဟာ ဒီနေရာတွေမှာ ဒီအတိုင်းသွားရင် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။
ဒီနေရာဒေသတွေမှာ အဆင့်ပိုမြင့်၊ ပိုလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးနိုင်ဖို့ နိုင်ငံတွေကို ပံ့ပိုးတိုက်တွန်းသွားမှာပါ။
၅။ ဆေးယဉ်ပါးမှု အန္တရာယ်
ပဋိဇီ၀ဆေးတွေ ပေါ်ပေါက်လာတာဟာ ခေတ်မီဆေးပညာရဲ့ အဓိကအောင်မြင်မှုတစ်ခုပါ။ ဒါပေမယ့် အခုအခါမှာ ကူးစက်တတ်တဲ့ရောဂါတွေရဲ့ တရားခံဖြစ်တဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေက ဆေးဝါးတွေကို ပိုပိုပြီး ခံနိုင်ရည်ရှိလာပါတယ်။ ဒီလို ပဋိဇီ၀ဆေးတွေနဲ့ အာနိသင်သာ မရှိတော့ရင် ကျွန်တော်တို့ ကမ္ဘာကြီးက အဆုတ်အအေးမိ၊ တီဘီ၊ တိုက်ဖွိုက်စတဲ့ အလွယ်တကူ ကုသနိုင်တဲ့ ကူးစက်ရောဂါတွေကိုတောင် မကုသနိုင် တော့တဲ့ အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်။
ဒီလိုသာဖြစ်ရင် အခြားကုသမှုတွေဖြစ်တဲ့ ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်း ကုသခြင်းတွေကိုလည်း အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပါတယ်။
ပဋိဇီ၀ဆေးတွေကို လူတွေ မဆင်မခြင်အသုံးပြု ခြင်းအပြင် တိရစ္ဆာန်မွေးမြူရေးနဲ့ တချို့စိုက်ပျိုးရေး လုပ်ငန်းတွေမှာပါ မဆင်မခြင်အသုံးပြုခြင်းဟာ ဆေးယဉ်ပါးမှုအန္တရာယ်ကို ဦးတည်စေပါတယ်။ ဒီဆေးတွေကို စနစ်တကျသုံးကြဖို့အတွက် သက်ဆိုင်ရာ ကဏ္ဍပေါင်းစုံက ပူးတွဲကြိုးပမ်းနေပါတယ်။
၆။ အီဘိုလာနှင့် အခြားကပ်ရောဂါများ
၂၀၁၈ ခုနှစ်အတွင်း ကွန်ဂိုနိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်စ်ပိုးကပ်ရောဂါအသွင်ဖြစ်ပွားမှု နှစ်ကြိမ်ကြုံတွေ့ ခဲ့ရပါတယ်။ လူဦးရေတစ်သန်းကျော်နေထိုင်တဲ့ မြို့ကြီးတွေအထိ ပျံ့နှံ့သွားခဲ့ပါတယ်။ ပြည်တွင်းစစ် လောလောဆယ်ဖြစ်နေတဲ့ တစ်နေရာလည်း ပါဝင်ခဲ့ပါတယ်။
ဒီဗိုင်းရပ်စ်ပိုးလိုပဲ အခြားပြင်းထန်တဲ့ ကူးစက်ရောဂါပိုးတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ထားရမှာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ်ကပ် ရောဂါအနေနဲ့ ပေါ်ပေါက်လာနိုင်တဲ့ရောဂါတွေအဖြစ် အီဘိုလာ၊ အခြားသွေးလွန်စေတတ်တဲ့ ဗိုင်းရပ်စ်ပိုးများ၊ ဇီကာ၊ နီပါးဗိုင်းရပ်စ်၊ အရှေ့အလယ်ပိုင်း ကိုရိုနာဗိုင်းရပ်စ်၊ ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါနဲ့ မခန့်မှန်းနိုင်တဲ့ရောဂါ (Disease X) တွေလို့ ကြေညာထားပါတယ်။
၇။ ချည့်နဲ့သော ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု
လူနာတွေနဲ့ ပထမဆုံး တွေ့ဆုံဝန်ဆောင်မှုပေးရမှာက ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ နေရာတွေပါ။ ကျေးလက်ဆေးပေးခန်း၊ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံ စတာတွေပါ။ ဒီနေရာတွေက လူအများ လက်လှမ်းမီတဲ့ စောင့်ရှောက်မှု မျိုးစုံကို ပေးနိုင်ဖို့လိုပါတယ်။ ခိုင်မာအင်အားကောင်းတဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှု စနစ်ရှိမှသာ လူတိုင်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာပါ။
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ခိုင်မာတဲ့ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မရှိသေးတာတွေ့ရပါတယ်။ ဒါတွေက ငွေ၊ လူ၊ ပစ္စည်းမလုံလောက်လို့ ဖြစ်တာဖြစ်သလို ရောဂါတစ်ခုချင်းကို ဦးတည်တဲ့ စီမံချက်တွေပေါ်မှာပဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက အာရုံစိုက်ခဲ့လို့လည်းပါပါတယ်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစည်းအဝေးတစ်ခုမှာ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို ဦးစားပေးဖို့ ကတိပြုခဲ့ကြပါတယ်။
၈။ ကာကွယ်ဆေးများအပေါ် ယုံမှားသံသယရှိမှု
ရရှိနိုင်တဲ့၊ အကျိုးရှိတဲ့ ကာကွယ်ဆေးတွေအပေါ် ယုံမှားသံသယရှိပြီး မထိုးဖြစ်တာ၊ ထိုးဖို့တွန့်ဆုတ်နေတာ ကလည်း ကြီးမားတဲ့အန္တရာယ်တစ်ခုပါ။ ကာကွယ်ဆေး တွေနဲ့ ကာကွယ်ထားလို့ရတဲ့ရောဂါတွေ ပြန်ခေါင်းထောင် ထလာတဲ့အန္တရာယ်ရှိပါတယ်။
ကာကွယ်ဆေးတွေက ကုန်ကျငွေနဲ့စာရင် အထိရောက်ဆုံး ရောဂါကာကွယ်ရေးနည်းလမ်း ဖြစ်ပါတယ်။ ရင်းနှီးငွေ တစ်ဒေါ်လာရင်းရင် ၂၁ ဒေါ်လာနဲ့ ညီတဲ့ အကျိုးအမြတ်ကို ရရှိစေပါတယ်။ ကာကွယ်ဆေးကြောင့် တစ်နှစ်ကို လူနှစ်သန်းမှ သုံးသန်းအထက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးလွှမ်းခြုံမှုပို ကောင်းအောင်လုပ်နိုင်ရင် နောက်ထပ်တစ်နှစ်ကို လူ ၁ ဒသမ ၅ သန်းရဲ့ အသက်ကို ပိုပြီးကယ်တင်နိုင်မှာပါ။
ဥပမာအားဖြင့် ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ဝက်သက်ရောဂါဟာ ကမ္ဘာတစ်ဝန်းဖြစ်ပွားမှုမှာ အရင်နှစ်ကနဲ့စာရင် ၃၀ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။ အရင်က ပပျောက်ပြီလို့ကြေညာခဲ့တဲ့ နိုင်ငံတွေမှာ ပြန်လည်ပေါ်ပေါက်ခဲ့ပါတယ်။
ကမ္ဘာ့ကာကွယ်ဆေးအကြံပေးအဖွဲ့ကြီးက ကာကွယ်ဆေးတွေ ထိုးဖို့မလိုဘူးလို့ ထင်တာရယ်၊ ထိုးဖို့လက်လှမ်းမမီ အဆင်မပြေတာရယ်၊ ကာကွယ်ဆေးတွေအပေါ် ယုံကြည်မှုမရှိတာရယ်တို့က ကာကွယ်ဆေးမထိုးဖြစ်ခြင်းရဲ့ အဓိကအကြောင်းတွေ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ပြည်သူလူထုနဲ့ နီးစပ်တဲ့၊ ပြည်သူလူထုအားကိုးတဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်သူတွေက ကာကွယ်ဆေးနဲ့ ပတ်သက်လို့ မှန်ကန်ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ပြည်သူလူထုကြားဖြန့်ဝေပြီး ယုံကြည်မှု တည်ဆောက်ပေးဖို့ အရေးကြီးပါတယ်။
၉။ သွေးလွန်တုပ်ကွေးရောဂါ
ခြင်ကတစ်ဆင့်ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါကလည်း ကြီးထွားလာတဲ့ ကမ္ဘာ့ကျန်းမာရေး ပြဿနာတစ်ခုပါ။ ရောဂါပြင်းထန်ရင် ၂၀ ရာခိုင်နှုန်း လောက်အထိ သေပျောက်နှုန်းရှိနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့လို လူဦးရေများတဲ့ နိုင်ငံတွေရဲ့ မိုးတွင်းကာလမှာ အဖြစ်များ၊ အသေအပျောက် များပါတယ်။ ယခုအခါမှာ ဖြစ်ပွားနိုင်တဲ့ ကာလရှည်လာတာတွေ တွေ့ရသလို အရင်က မဖြစ်ဖူးခဲ့တဲ့ သမပိုင်းဇုန်ဘက်က နိုင်ငံတွေဆီမှာပါ ဖြစ်ပွားလာတာ တွေ့ရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ သွေးလွန်တုပ်ကွေး ကူးစက်နိုင်တဲ့ နေရာတွေမှာ ရှိနေပါတယ်။ တစ်နှစ်ကို ရောဂါကူးစက်မှု အကြိမ်ပေါင်း သန်း ၃၀၀ ခန့် ဖြစ်ပွားတယ်လို့ ခန့်မှန်းရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ၂၀၂၀ မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုကို ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ဖို့ ရည်မှန်းထားပါတယ်။
၁၀။ ခုခံအားကျဆင်းမှုရောဂါ
ခုခံအားကျဆင်းမှုရောဂါ (HIV) နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကြီးမားတဲ့ တိုးတက်အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ရောဂါပိုး ရှိ၊ မရှိ ကြိုတင်စစ်ဆေးမှု၊ လိင်မဆက်ဆံမီ ကြိုတင်ကာကွယ်မှု၊ ရောဂါဖြစ်ပွားနေ သူတွေကို ဆေးပေးကုသမှု (ရရှိသူ ၂၂သန်း) စတာတို့ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီရောဂါရဲ့အန္တရာယ်ကတော့ ရှိနေဆဲပါ။ နှစ်စဉ် လူတစ်သန်းလောက်က ဒီရောဂါနဲ့ သေဆုံးနေဆဲပါ။ စတင်ဖြစ်ပွားချိန်ကတည်းကဆိုရင် ကမ္ဘာ့လူဦးရေရဲ့ သန်း ၇၀ ကျော်ဟာ ဒီရောဂါပိုးကူးစက်ခံခဲ့ ရပြီး ၃၅ သန်းဟာ သေဆုံးခဲ့ပြီးပါပြီ။ ၃၇ သန်းလောက်ဟာ ရောဂါပိုးနဲ့ အသက်ရှင်နေထိုင်သူတွေ ဖြစ်နေပါ တယ်။ ဒီရောဂါဖြစ်ပွားမှုများတဲ့ ပြည့်တန်ဆာတွေ၊ ထောင်သားတွေ၊ လိင်တူဆက်ဆံသူတွေမှာ အများစုက ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြတာလည်း အဓိကပြဿနာတစ်ခုပါ။ လောလောဆယ်မှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိကြား လူရွယ်တွေမှာ ပိုမိုကူးစက်လာတာ တွေ့ရတာကလည်း စိုးရိမ်စရာပါ။ ဒီအချက်ကို ဆာဟာရသဲကန္တာရအောက်ပိုင်း အာဖရိကတိုက်မှာ အများဆုံးတွေ့ရပါတယ်။ အဲဒီမှာ ဒီအရွယ် တွေဟာ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာရှိပေမယ့် ခုခံအားကျရောဂါဖြစ်ပွားသူတွေရဲ့ ၂၅ ရာခိုင်နှုန်း ဖြစ်နေတာကို တွေ့ရှိရပါတယ်။
ဒီနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ လူများစွာကို မိမိကိုယ်ကို ကြိုတင်သွေးစစ်ဆေးခြင်းလုပ်ဖို့ ပိုမိုတိုက်တွန်းမှာပါ။ ဒါမှသာလိုအပ်တဲ့ကုသမှုကို ရရှိနိုင်ပြီး အခြားသူတွေကိုကူးစက်တာကိုလည်း ကာကွယ် နိုင်မှာပါ။ ၂၀၁၈ခုနှစ် အတွင်းမှာကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ ကမ္ဘာ့အလုပ်သမားအစည်းအရုံး (ILO)နဲ့ ပူးပေါင်းပြီး အလုပ်ရုံတွေ၊ ကုမ္ပဏီတွေမှာ လုပ်ငန်းခွင်အတွင်း မိမိကိုယ်ကို HIV ရှိ၊ မရှိ စစ်ဆေးခြင်းတွေ ပိုမိုလုပ်ဖို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။
အထက်က ဖော်ပြခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော အန္တရာယ် ၁၀ ခုကို အောင်အောင်မြင်မြင် တွန်းလှန်ကျော်လွှားဖို့ကတော့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးမှာ တာဝန်ရှိပါကြောင်း။ ။
ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)