၈ ဇန်နဝါရီ
ဤကမ္ဘာမြေသည် လူသားများအား အကျိုးပြုသည့် ရှင်သန်ရပ်တည်နေသော မြေဖြစ်၍ ကမ္ဘာမြေကို ငြိမ်းချမ်းသာယာ ဝပြောအောင် ထိန်းသိမ်းစောင့်ရှောက်သင့်သည်။ သို့မှသာ ဤကမ္ဘာမြေလည်း မညည်းညူဘဲ လူသားများအကျိုးကို ပြန်လည်၍ ပြည့်ပြည့်ဝ၀ စွမ်းဆောင်ပေးနိုင်လိမ့်မည်။ ကမ္ဘာမြေငြိမ်းချမ်းသာယာဝပြောစေရေးအတွက် ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ ကြွယ်ဝချမ်းသာခြင်းတို့ကို ထွန်းကားပြန်ပွားအောင် စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ငြိမ်းချမ်းခြင်း၊ မျှတခြင်း၊ ကြွယ်ဝခြင်းတွင် ငြိမ်းချမ်းခြင်းသည် ကမ္ဘာလောကတစ်ခွင်လုံးတွင် ဦးစားပေး လိုအပ်ချက်ဖြစ်သည်။ ငြိမ်းချမ်းမှသာ မျှတခြင်း၊ ကြွယ်ဝခြင်းတို့ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းခြင်း၊ မျှတခြင်း၊ ကြွယ်ဝခြင်းသည် ရေရှည်တည်တံ့နိုင်မည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးရည်မှန်းချက် အစီအစဉ်ဖြစ်သည်။ ငြိမ်းချမ်းခြင်း၊ မျှတခြင်းကို သက်ဆိုင်ရာနိုင်ငံတို့က ဖန်တီးဖော်ဆောင်နိုင်လျှင် ကြွယ်ဝချမ်းသာခြင်း၌ ပူးပေါင်းဆောင်ရွက်မှုတိုးလာပြီး မိမိနိုင်ငံအကျိုး ခံစားရေးသာမက တစ်ကမ္ဘာလုံးပါ မျှဝေခံစားနိုင်မည်ဖြစ်သည်။ ယင်းအစီအစဉ်ကို ကမ္ဘာတစ်ဝန်းမှ ပြည်သူများ နိုးကြားလက်ခံလာကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်သင့်နေပြီဖြစ်သည်။
လက်ရှိတွင် သည်းမခံမှုများ တိုးပွားနေပြီး ယုံကြည်မှုများ ကျဆင်းနေသည်။ သို့သော် ပဋိပက္ခဖြစ်ပွားရာနိုင်ငံများ နိုးကြားလာကြသည်။ ဥပမာအားဖြင့် ယီမင်နိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းရေး အခွင့်အလမ်းများ ပေါ်ပေါက်လာသည်။ အီသီယိုးပီးယားနှင့် အီရီထရီယာတို့ ရိယာ့ဒ်တွင် သဘောတူလက်မှတ် ရေးထိုးနိုင်သောကြောင့် ကာလရှည်တင်းမာမှုများ လျော့နည်းကျဆင်းလာပြီး ဒေသတစ်ခုလုံးအတွက် အလားအလာကောင်းများ ပေါ်ပေါက်လာသည်။ တောင်ဆူဒန် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများအကြား သဘောတူညီချက်များရရှိပြီး ငြိမ်းချမ်းရေးအခွင့်အလမ်းများ တစ်ဖန်ပြန်လည်ရှင်သန်လာသည်။ ဖွံ့ဖြိုးမှုနိမ့်ကျသော ထိုနိုင်ငံများ ကြွယ်ဝလာမည့် အလားအလာများ ရှိလာသည်။
တစ်ကမ္ဘာလုံးငြိမ်းချမ်းလျှင် ဤကမ္ဘာကြီး အေးချမ်းသာယာ ကြွယ်ဝချမ်းသာလာမည်ဖြစ်သည်။ ထိုအစီအစဉ်တွင် မြန်မာနိုင်ငံလည်း ပါဝင်သင့်နေပြီဖြစ်သည်။ တိုင်းရင်းသားနယ်မြေဒေသများတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့၊ အေးအေးချမ်းချမ်းနှင့် ပရိယေသန ဝမ်းစာရှာမှီးခွင့် ရနိုင်ဖို့၊ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေး အခွင့်အလမ်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရွေးချယ်ခွင့်ရနိုင်ဖို့ စသည့် အခြေအနေကောင်းများကို ပြည်သူများ မျှော်လင့်နေခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သည်။
ငြိမ်းချမ်းရေးကို လက်နက်ကိုင်ဖြေရှင်းခြင်းဖြင့် မရရှိနိုင်သည်ကို တစ်ကမ္ဘာလုံးက နားလည်လက်ခံလာကြသောကြောင့် ငြိမ်းချမ်းရေးကို အလျင်အမြန်ရယူလာကြသည်။ မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေးအတွက် လက်တွဲပူးပေါင်း ဆောင်ရွက်ကြမည်ဟု စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။ ငြိမ်းချမ်းရေး ရှေ့ခရီးရောက်အောင် လျှောက်လှမ်းကြရာတွင် တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြသည့် ညီအစ်ကိုအချင်းချင်း တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိဖို့၊ အပြန်အလှန် ရိုင်းပင်းကူညီကြဖို့ အရေးကြီးသည်။
ငြိမ်းချမ်းရေးခရီးသို့ ပန်းတိုင်တူ၊ လမ်းကြောင်းတူ လျှောက်လှမ်းရာတွင် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ အမြင်ကွဲပြားနေပါက အားလုံးမျှော်မှန်းထားသည့် ရည်မှန်းချက်နှင့် ဝေးကွာလာနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ အားလုံးမျှော်မှန်းထားသည့်ပန်းတိုင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကိုဦးတည်ပြီး မငြိမ်းချမ်းမှုကို ဖယ်ရှားရမည်ဖြစ်သည်။ နားလည်မှု၊ ယုံကြည်မှု၊ ညှိနှိုင်းမှုများကို တည်ဆောက်ယူရမည်ဖြစ်သည်။
သို့ဖြစ်ရာ တစ်ကမ္ဘာလုံးငြိမ်းချမ်းမည့်အရေးတွင် ကမ္ဘာ့နိုင်ငံများ ပါဝင်လာကြချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတွင် နောက်ဆုံး၌ မကျန်ရစ်အောင် လက်နက်ကိုင်ဖြေရှင်းနည်းများကို ဖယ်ရှား၍ ငြိမ်းချမ်းသောနည်းဖြင့် ခရီးဆက်စေလိုပါသည်။ မိမိဒေသ ကွက်ကွက်လေးသာ မရှုမြင်ဘဲ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးရေးဖြစ်စဉ်တွင် ပါဝင်နိုင်အောင် အားလုံး ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ