နေပြည်တော် ၄ ဇွန်
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး အဋ္ဌမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြား ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၏ ဆောင်ရွက်နေမှု၊ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ယနေ့အထိ Rapid Test Kit ဖြင့် ၃၄၃၇ ဦး၊ PCR နည်းဖြင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဌာန(ရန်ကုန်)တွင် ၂၇ ဦး၊ တပ်မတော်ဆေးသုတေသနတပ်တွင် ၂၀၆ ဦး၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီးတွင် ၅၄၃ ဦးနှင့် အမှတ်(၃) တပ်မတော်ဆေးရုံတွင် ၂၇ ဦး၊ စုစုပေါင်း PCR နည်းဖြင့် ၈၀၃ ဦး၊ Cobas 6800 နည်းဖြင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီးတွင် ၈၂၄ ဦး၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီးတွင် ၆၇၀ စုစုပေါင်း Cobas 6800 နည်းဖြင့် ၁၄၉၄ ဦးစစ်ဆေးပေးနိုင်ခဲ့ပြီး ပိုးတွေ့ရှိသူ ၅ ဦးရှိသည့် အခြေအနေ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည် ၁၈ ဦးအနက် ၄ ဦးတွင် ရောဂါပိုးတွေ့ရှိရပြီး တပ်မတော်အသည်းရောဂါ အထူးကုဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကာ ကျန်းမာရေး ကောင်းမွန်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်မှ ပြည်သူ့ဆေးရုံများသို့ ဆေးအကာအကွယ်ပစ္စည်းများ လှူဒါန်းမှုနှင့် ဆေးရုံတက်လူနာများအား အာဟာရဖြည့်စွက်စာ ကျွေးမွေးမှုသည် ကောင်းမွန်သည့် ဆောင်ရွက်မှုများဖြစ်ပြီး ဆေးရုံတက်ရောက်နေသည့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စားရေးသောက်ရေးတွင် အခက်အခဲများကြုံတွေ့ရနိုင်ကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းများအလိုက် လူနာများပြားသည့် ဆေးရုံများတွင် တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများ ရောင်းချပေးခြင်းအားဖြင့် လူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း။
COVID-19 ရောဂါနှင့် တုပ်ကွေးရောဂါတို့သည့် ရောဂါလက္ခဏာအချို့ တူညီနေသဖြင့် အဆိုပါ အချက်အလက်များကို ပြည်သူလူထုသိရှိအောင် ပညာပေးမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျရောက်လာနိုင်သော သဘာ၀ဘေးအန္တရာယ်တို့အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများတွင် COVID-19 နှင့် အခြားရောဂါများ ဖြစ်ပေါ်လျက်ရှိရာ ဆက်စပ်လျက်ရှိသော နယ်မြေများတွင် အထူးသတိထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


