နေပြည်တော် ၂၂ မေ
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
ရှေးဉီးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီများ၏ ဆောင်ရွက်နေမှု၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရောဂါကုသဆေးရုံသို့ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဖွဲ့စည်းစေလွှတ်ပေးသည့် အဖွဲ့(၁) တာဝန်ထမ်းဆောင်မှု ကာလပြည့်မြောက်ပြီး နောက်ထပ်အဖွဲ့(၂) သွားရောက်လဲလှယ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အခြေအနေ စသည်တို့ကို တင်ပြဆွေးနွေးကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်၍ အကောင်းဆုံးနည်းလမ်းမှာ ကြိုတင်ကာကွယ်မှု Prevention လုပ်ငန်းများဖြစ်သော တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ Mask နှင့် မျက်စိအကာအကွယ် မျက်မှန်များတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သန့်ရှင်းခြောက်သွေ့မှုရှိခြင်း၊ သွားလာမှုဆင်ခြင်ခြင်း၊ မဖြစ်မနေအရေးကြီးမှသာ အချိန်အနည်းဆုံးနှင့် လူအနည်းဆုံး သွားလာမှုမျိုး ပြုလုပ်ကြရန်လိုကြောင်း၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့သည် အပင်ပန်းခံ၍ စည်းကမ်းတင်းကြပ်စွာ ဆောင်ရွက်ခြင်း၏ အကျိုးကို ခံစားရခြင်းဖြစ်ကြောင်း၊ ပြည်ပတွင်အခက်အခဲရှိ၍ ပြန်ဝင်လာကြသူများမှာ မိမိတို့ နိုင်ငံသားများပင်ဖြစ်၍ ငြင်းပယ်၍ မရကြောင်း၊ ပြန်လည်ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အကောင်းဆုံးဖြစ်အောင် နည်းလမ်းများ ရှာဖွေလုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း။
တစ်ကမ္ဘာလုံးတွင် စီးပွားရေးထိခိုက်ပြီး အလုပ်လက်မဲ့ပြဿနာများ၊ အခက်အခဲ အကြပ်အတည်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေအနေပေါ်မူတည်၍ တတ်နိုင်သည့် ကုန်ထုတ်လုပ်မှုများ၊ အမှန်တကယ်လိုအပ်သူများကို ထောက်ပံ့ရေးများ ဆောင်ရွက်ပေးနိုင်ရန် လိုကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်နှင့် ဆွမ်းဟင်းများ စီမံလှူဒါန်းကြရန်လိုကြောင်း၊ အမှန်တကယ် လိုအပ်နေသော အလွှာများရှိကြောင်း၊ သတင်းမှန်များရအောင်ယူ၍ လုပ်ဆောင်ပေးနိုင်သမျှကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း စသည်ဖြင့် မှာကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


