ရန်ကုန် ၁၂ မတ်

 

ကမ္ဘာ့ကပ်ရောဂါကြောင့် နောက်ဆက်တွဲ စီးပွားရေးနှင့် လူမှုရေး သက်ရောက်မှုများကို စီမံဖြေရှင်းမည့် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကို ပုဂ္ဂလိကကဏ္ဍ ကိုယ်စားပြု ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းရန် နိုင်ငံတော်အစိုးရသို့ တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က မတ် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

 

လက်ရှိ ဖြစ်ပေါ်နေသည့် COVID -19 နောက်ဆုံးအခြေအနေများအရ နိုင်ငံတော်အစိုးရထံ အချိန်နှင့် တစ်ပြေးညီတင်ပြ၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အဆိုပါ “ကမ္ဘာ့ကပ်ရောဂါကြောင့် နောက်ဆက်တွဲ စီးပွားရေးနှင့် လူမှုရေးသက်ရောက်မှုများကို စီမံဖြေရှင်းမည့် အမျိုးသားအဆင့်ကော်မတီတစ်ရပ်” ကို ပုဂ္ဂလိက ကဏ္ဍကိုယ်စားပြု ကိုယ်စားလှယ်များပါ ပါဝင်ဖွဲ့စည်းရန် နိုင်ငံတော်အစိုးရသို့ တင်ပြ တောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အစိုးရ ၊ အလုပ်ရှင်၊ အလုပ်သမားများ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှုများဖြင့် COVID-19 ကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးနှင့်လူမှုရေး အကျပ်အတည်းများကို ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

လက်ရှိ ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေသော COVID-19 ကို ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ သတ်မှတ်ခဲ့ပြီးဖြစ်ကာ ကပ်ရောဂါ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးရိုက်ခတ်မှုများရှိလာခြင်းကြောင့် ကုန်သည်စက်မှုအသင်းချုပ်သည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြု၍ စီးပွားရေးအရထိခိုက်မှုများအပေါ် အကောင်းဆုံး တုံ့ပြန်နိုင်ရန် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ ၊ ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် အသင်းချုပ်အနေဖြင့် COVID-19 ကြောင့် ရိုက်ခတ်လာနိုင်သည့် အခြေအနေများ၊ စီးပွားရေးလုပ်ငန်းများ အပါအဝင် အလုပ်သမားများကိုပါ ထိခိုက်မည့် အခြေအနေများကို ရောဂါစတင်ပျံ့နှံ့လာစဉ်မှစ၍ မျက်ချေမပြတ် လေ့လာဆန်းစစ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတော်အစိုးရ၊ ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှလည်း လက်ရှိအခြေအနေအပေါ် အချိန်နဲ့တစ်ပြေးညီ ညှိနှိုင်း၍ တုံ့ပြန်ဆောင်ရွက်ပေးနေကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ရရှိလာသည့် ရလဒ်ကောင်းများကိုလည်း ပုဂ္ဂလိကကဏ္ဍအနေဖြင့် အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း COVID – 19 ဂယက်ကြောင့် လုပ်ငန်းများတွင် ဖြစ်ပေါ်နိုင်သော အခက်အခဲများကို  နိုင်ငံတကာအဖွဲ့များအပါအဝင် လုပ်ငန်းရှင်  ၁၅၀ ခန့်မှ အချက်ဆယ်ချက်ကို ဆွေးနွေးတင်ပြခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် အစိုးရအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း၍ အမြန်ဆုံးဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

ယင်းမှာ  ယာယီပိတ်သိမ်းမည့် လုပ်ငန်းများ၊ အလုပ်လျော့ချမည့် လုပ်ငန်များ၏ လုပ်သားများကို ၂၀၁၂ လူမှုဖူလုံရေး ဥပဒေပါ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များကိုရည်ညွန်း၍ နိုင်ငံတော်အစိုးရ မှ ဆောင်ရွက်ပေးပါရန်၊ ဥပဒေအရလျော်ကြေးငွေပေးရမည်ဆိုလျင်လည်း အနည်းဆုံးလုပ်ခလစာ အပေါ်မှာသာ တွက်ချက်ပေးခွင့်ပြုရန်၊ အလုပ်သမားများ၏ လုပ်သက်ခွင့်/ရှောင်တခင်ခွင့်ကဲ့သို့သော ခွင့်ရက်များကိုလစာငွေ မပေးဘဲခွင့်ရက် ပေးခြင်း (Temporary Leave Without Pay) ဖြင့်ဗိုင်းရပ်(စ်) ရောဂါပြန့်ပွားမှု ငြိမ်သက်သွားသည်အထိ ယာယီ ဆောင်ရွက်ခွင့်ပေးရန်၊ လူမှုဖူလုံရေးထည့်ဝင်ကြေး ရန်ပုံငွေမှ သက်သာသောအတိုးနှုန်းဖြင့် ဗိုင်းရပ်(စ်)ကြောင့် အခက်အခဲ ကြီးစွာ ရင်ဆိုင်နေရသောလုပ်ငန်းရှင်များနှင့် အလုပ်သမားများအားကူညီရန်နှင့် မြန်မာနိုင်ငံရှိ အခက်အခဲကြုံတွေ့နေရသည့် လုပ်ငန်းလည်ပတ်လျက်ရှိသော လုပ်ငန်းရှင်များအား လုပ်ခလစာ ပေးရန် သော်လည်းကောင်း၊ လုပ်ငန်းလည်ပတ်ရပ်တည်နိုင်ရန်အတွက်သော်လည်းကောင်း ဘဏ်များမှ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများထုတ်ချေးပေးရန်တို့ ဖြစ်သည်။

 

ထို့ပြင် မေလတွင်ကြေညာမည့် အနည်းဆုံးလုပ်ခလစာနှင့် ပတ်သက်၍ ယခုဖြစ်ပေါ်နေသော အခြေအနေများအရ စက်တင်ဘာလသို့ နောက်ဆုတ်ပေးရန်၊ အလုပ်ရှင်-အလုပ်သမားများအကြား နားလည်မှုရရှိစေရန် အစိုးရမှ ပကတိအခြေအနေမှန် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ မျှဝေပေးရန်၊ အလုပ်သမားများအနေဖြင့် နားလည်မှုရှိစွာဖြင့် ဆန္ဒပြသပိတ်မှောက်ခြင်းများ မလုပ်ကြရန် အစိုးရမှတိုက်တွန်း နှိုးဆော်ပေးရန်၊ ကုန်ကြမ်းပြတ်လပ်မှုကြောင့် ကုန်ချောအချိန်မီ တင်ပို့နိုင်ခြင်းမရှိသည့်အတွက် စာချုပ်ကတိကဝတ်ဖောက်ဖျက်၍ လျော်ကြေးများပေးရခြင်းမှ ကာကွယ်ရန် အစိုးရမှ တရားဝင်ကြေညာချက် စာထုတ်ပေးရန်နှင့် ကုန်ကြမ်းပစ္စည်းများ ရောက်ရှိလာချိန်တွင် ဆိပ်ကမ်းမှ မြန်ဆန်စွာရှင်းလင်းထုတ်ယူနိုင်ရေး အတွက် အကောက်ခွန်ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးရန် တို့ဖြစ်သည်။

 

ငြိမ်းငြိမ်း