ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်မှု

မောင်စီးကူး

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များအရ ပွင့်လင်းမြင်သာမှုဆိုင်ရာ တာဝန်ဝတ္တရားများကို အဖွဲ့ဝင်နိုင်ငံများက လိုက်ပါဆောင်ရွက်ရာတွင် အခြေခံအားဖြင့် နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်ပါသည်။ ယင်းတို့မှာ (၁) ပုံမှန်အသိပေး အကြောင်းကြားစာများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံမှ ကျင့်သုံးသည့်စည်းမျဉ်းများ၊ မူဝါဒများ (သို့မဟုတ်) ဥပဒေများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အသိပေးအကြောင်းကြားခြင်း ((Notification ပြုလုပ်ခြင်း) နှင့် (၂) အဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒများကို ပုံမှန်ဆန်းစစ်မှုများပြုလုပ်ခြင်း (Trade Policy Review) တို့ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်သည် အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ဆက်စပ်မူဝါဒများအပေါ် သတ်မှတ်ထားသည့် အချိန်ကာလ အပိုင်းအခြားအလိုက် ပြန်လည်ဆန်းစစ် လေ့လာသုံးသပ်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်အား အဖွဲ့ဝင်နိုင်ငံများမှ မဖြစ်မနေ လိုက်ပါဆောင်ရွက်ရန် တာဝန်ရှိပါသည်။

ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက် (Marrakesh Agreement)၏ Annex-3 တွင် ဖော်ပြထားသည့်အတိုင်း အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များ အောက်တွင် ပြုလုပ်ထားသော ကတိကဝတ်များ၊ စည်းမျဉ်းများအပေါ် လိုက်နာဆောင်ရွက်မှုများ တိုးမြှင့်လာနိုင်စေရေးကို အထောက်အပံ့ပေးရန် ရည်ရွယ်ပါသည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများ၊ လက်တွေ့ဆောင်ရွက်နေမှုများတွင် ပိုမိုကောင်းမွန်သော ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်းအားဖြင့် နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ပိုမိုအားကောင်း ခိုင်မာလာစေရေးအတွက် အထောက်အကူ ပြုသွားနိုင်ရန်လည်းဖြစ်ပါသည်။

ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်ရသည့် အဓိကအချက်များ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် အပိုင်းသုံးပိုင်း ပါဝင်ပါသည်။ ယင်းတို့မှာ (၁) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးမှ ပြုစုတင်ပြသော အစီရင်ခံစာ (WTO Secretariat Report)၊ (၂) သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏ အစိုးရက ပြုစုတင်ပြသောအစီရင်ခံစာ (Government Report) နှင့် (၃) အဖွဲ့ဝင်နိုင်ငံများမှ မေးမြန်းသော မေးခွန်းများကို သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံမှ ရှင်းလင်းဖြေကြားခြင်းတို့ ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးမှ ပြုစုတင်ပြသော အစီရင်ခံစာအပိုင်းတွင် အတွင်းရေးမှူး အဖွဲ့မှ ကျွမ်းကျင်သူများက သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ ချမှတ်ကျင့်သုံးနေမှုနှင့် ယင်းမူဝါဒများအပေါ် လိုက်ပါဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို စိစစ်တင်ပြထားပါသည်။

သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံ၏အစိုးရမှ ပြုစုတင်ပြသော အစီရင်ခံစာတွင် ကုန်သွယ်မှု မူဝါဒဆန်းစစ်သည့်ကာလ အတွင်း၌ မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များနှင့်အညီ လိုက်ပါဆောင်ရွက်မှု အခြေအနေများနှင့် ယင်းသို့ ဆောင်ရွက်မှုများကြောင့် ကုန်သွယ်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကို တင်ပြခြင်းတို့ပါဝင်ပါသည်။ အဖွဲ့ဝင်နိုင်ငံများက မေးမြန်းသော မေးခွန်းများကို ဖြေကြားတင်ပြခြင်းတွင် အတွင်းရေးမှူးရုံးအဖွဲ့၏ အစီရင်ခံစာနှင့် အစိုးရ၏အစီရင်ခံစာပါ အချက်များနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ ပိုမိုသိရှိလိုသည့်အချက်များ၊ ၎င်းတို့၏ယူဆချက်များနှင့် ထောက်ပြစိစစ်သည့်အချက်များ၊ အခြားသော ဆက်စပ်သဘောထားမှတ်ချက်များ နှင့် ပတ်သက်သော မေးခွန်းများအတွက် သတ်မှတ်အချိန်ဇယားအတိုင်း သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံက ပြန်လည်ရှင်းလင်းဖြေကြားပေးရခြင်း ဖြစ်ပါသည်။

 

ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်မှရရှိသော အကျိုးကျေးဇူးများ

အဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ခိုင်မာသောမူဝါဒများ ချမှတ်နိုင်ရေး အထောက်အကူဖြစ်စေပြီး မိမိနိုင်ငံနှင့်သင့်လျော်သော ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်နိုင်ရေးအတွက် ပံ့ပိုးပေးပါသည်။ အဖွဲ့ဝင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများတွင် လိုအပ်သလို ပိုမိုပါဝင်လာနိုင်ရေးအတွက် များစွာအထောက်အပံ့ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ခြင်းအားဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သုံးသပ်ချက်အစီရင်ခံစာများအရ လေ့လာတွေ့ရှိရပါသည်-

(က) အစိုးရဌာနနှင့် အဖွဲ့အစည်းများအချင်းချင်း ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာခြင်း။

(ခ) အစိုးရဌာနနှင့် အဖွဲ့အစည်းများတွင် ချမှတ်ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများ အချင်းချင်းလိုက်လျောညီထွေ သဟဇာတဖြစ်ရန်လိုအပ်မှုကို ပိုမိုနားလည်သဘောပေါက်လာခြင်း။

(ဂ) အစိုးရဌာနနှင့် အဖွဲ့အစည်းများတွင် ချမှတ်ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောတူညီချက်များနှင့်အညီ လိုက်လျောညီထွေမှုရှိရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိစေခြင်း။

(ဃ) အဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအား နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုမိုနားလည် သဘောပေါက်စေခြင်းနှင့်အတူ ပွင့်လင်းမြင်သာရှိမှုတို့ကို ချပြနိုင်ခြင်းဖြင့် နိုင်ငံတကာ၏ ယုံကြည်မှုကိုမြှင့်တင်ပေးနိုင်ခြင်း။

(င) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အသိုင်းအဝိုင်းတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ တိုးပွားလာခြင်း။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စတင်ဖွဲ့စည်းစဉ် ၁၉၉၅ ခုနှစ်မှစ၍ ကနဦး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခဲ့သော်လည်း အခြေအနေအရ မြန်မာနိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်နိုင်ခဲ့ကာ သတ်မှတ်အချိန်ဇယားအတိုင်း တစ်နှစ်ကြာ အချိန်ယူ ဆောင်ရွက်ခဲ့ပါသည်။

ပထမအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ပေးပို့သည့် ကုန်သွယ်မှုနှင့်သက်ဆိုင်သော ကဏ္ဍကြီးများနှင့်ဆက်စပ်၍ မေးခွန်းစုစုပေါင်း ၂၈၃ ခုနှင့်ပတ်သက်သော အချက်အလက်များကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများသို့ ဆက်လက်ပေးပို့ ဖြေကြားစေခဲ့ပါသည်။ ပြန်လည်ဖြေကြားပေးပို့လာသည့် အချက်အလက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှု မူဝါဒဆန်းစစ်သည့်ဌာနသို့ ဆက်လက်ပေးပို့ခဲ့ပါသည်။ ယင်းတို့အပေါ် လေ့လာဆန်းစစ်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကျွမ်းကျင်သူများက မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာ (WTO Secretariat Report) ကို ပြုစုခဲ့ပါသည်။

အလားတူပင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူများနှင့် အနီးကပ်ဆွေးနွေးညှိနှိုင်းကာ အစိုးရ၏အစီရင်ခံစာ (Government Report) ကို ပြုစု၍ အထက်အဖွဲ့အစည်း၏ တင်ပြခွင့်ပြု ချက်ကိုရယူကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဆက်လက်ပေးပို့ခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများမှ အဆိုပါ အစီရင်ခံစာများကိုလေ့လာ၍ ၎င်းတို့သိရှိလိုသည့် မေးခွန်းစုစုပေါင်း ၁၉၇ ခုကို ထပ်မံမေးမြန်းခဲ့သဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဖြေကြားကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံးသို့ သတ်မှတ်ရက်အတွင်း အချိန်မီ ပြန်လည်ပေးပို့ခဲ့ရပါသည်။

ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပထမအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း အစည်းအဝေးကို ၂၀၁၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ်၍ လုပ်ငန်းစဉ်အား အပြီးသတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့ အစည်းများအားလုံး၏ အပြုသဘောဖြင့် အပြည့်အဝ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် စတင်ပြင်ဆင်

ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ ရလဒ်အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုဆောင်ရွက်ချက်များအပြင် ရှေ့ဆက်ဆောင်ရွက်မည့် အလားအလာများ၊ ပြုပြင်ပြောင်းလဲသင့်သည့် အချက်များကို ပိုမိုသိရှိ နားလည်စေပါသည်။ ပွင့်လင်းမြင်သာမှု ပိုမိုရှိလာသည့်အပြင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများနှင့် အမြင်အာဘော်များကို လေ့လာသိရှိနိုင်သည့်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံများမှ မျက်ခြည်မပြတ် အလေးထားစောင့်ကြည့် လေ့လာကြသည်ကို တွေ့ရှိရပါသည်။ ထို့အတူ လေ့လာဆန်းစစ်သည့် နိုင်ငံအတွက်လည်း မိမိနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် ကြိုးပမ်းအားထုတ်မှုများကို ကမ္ဘာ့နိုင်ငံများသို့ ရှင်းလင်းချပြနိုင်သည့် အခွင့်အရေးကို ရရှိစေပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်းများနှင့် ကတိကဝတ်များအား မိမိတို့နိုင်ငံအနေဖြင့် အကောင်းဆုံးလိုက်ပါ ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန်နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်း စဉ်ကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးဆောင်ရွက်သွားရန်လျာထားပါသည်။ အဆိုပါ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်ဆောင်ရွက်နိုင်ရေးနှင့် ဒုတိယ အကြိမ်ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းဆိုင်ရာ အပြီးသတ်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ အတွင်း၌ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ ကျင်းပသွားနိုင်ရေးတို့အတွက် သက်ဆိုင်ရာ အထက်အဖွဲ့အစည်းနှင့် ဌာနများသို့ အချိန်မီတင်ပြဆောင်ရွက်သွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် စတင်ပြင်ဆင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ။

ကြေးမုံ