အောင်သူရ(သမဝါယမ)
၁၉၀၄ ခုနှစ်တွင် သမဝါယမအသင်းအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ တွင် စစ်ကိုင်းခရိုင် မြင်းမူငွေစုငွေချေး သမဝါယမအသင်း စတင်ဖွဲ့စည်းခဲ့သည်မှစ၍ သမဝါယမ လုပ်ငန်းများ သန္ဓေတည်လာခဲ့ပါသည်။ ခေတ်အဆက်ဆက် သမဝါယမအသင်းများ ရှင်သန်ဖွံ့ဖြိုးရေး အတွက် ဦးစီးဌာန၊ ဝန်ကြီးဌာန ဖွဲ့စည်းထူထောင်ပြီး လမ်းညွှန်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် ဧပြီလတွင် သမဝါယမဝန်ကြီးဌာနမှာ သီးခြားရပ်တည်ခွင့်မရရှိဘဲ ဦးစီးဌာနဖြင့်သာ သမဝါယမ လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခဲ့ရပါသည်။ (၁၇-၆-၂၀၂၁) ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဝန်ကြီးဌာနအသစ်အဖြစ် ပြန်လည်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ခေတ်နှင့်အညီ မူဝါဒအသစ်များဖြင့် သမဝါယမ လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေး ဆောင်ရွက်လျက်ရှိသည်။
ရှစ်ရပ်ချမှတ်
သမဝါယမဦးစီးဌာနက ပြည်သူတို့၏ လူမှုစီးပွားအတွက် ထိရောက်အကျိုးရှိမည့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ Action Plan ရှစ်ရပ်ချမှတ်၍ ပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သမဝါယမအသင်းများ ဖွဲ့စည်းခြင်း (Organizing)၊ စည်းရုံးပညာပေးခြင်း (Educating)၊ တည့်မတ်ပြုပြင်ပေးခြင်း (Regulating) တို့ကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိ သည်။ အမှန်တကယ် အလုပ်လုပ်လိုသူများ၊ လုပ်ငန်းတူရာအလိုက် စိတ်ဝင်စားသူများအား စည်းရုံးပြီး သမဝါယမအသင်းသစ်များ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။ ယနေ့အထိ သမဝါယမ အသင်းပေါင်း ၃၉၃၉၉ သင်းတို့ကို ဖွဲ့စည်းထားရှိရာ ပြုပြင်၍ရသောအသင်းများ၏ အားနည်းချက်များ ပြုပြင်တည့်မတ်ပြီး မည်သို့မျှပြုပြင်၍မရနိုင်သော အသင်းများအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ BOD ပြန်လည်ရွေးချယ်ရာတွင်လည်း အမှန်တကယ် စိတ်ပါဝင်စားပြီး အလုပ်လုပ်နိုင်သူများအား ရွေးချယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ကုန်ထုတ်လုပ်မှုသမဝါယမအသင်း ၃၁၉၂၁ သင်းကို ဖွဲ့စည်းထားရှိပြီး ကုန်ထုတ်လုပ်မှုအသင်း များတွင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၂၂၉၇၁ သင်း၊ မွေးမြူရေးကုန်ထုတ်သမဝါယမ အသင်း ၃၅၈၈ သင်း၊ လယ်ယာအထောက်အကူပြု သမဝါယမအသင်း ၁၆၁ သင်းနှင့် မျိုးစေ့ထုတ် သမဝါယမအသင်း ၁၈၇ သင်းတို့ ပါဝင်သည်။
စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး
စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများအတွက်လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်း၊ မျိုး၊ သွင်းအားစုဖြည့်ဆည်းပေးခြင်းနှင့် လယ်ယာသုံးစက်ကိရိယာများအား အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိသည်။ သမဝါယမအသင်းများမှ ပြည်တွင်းကုန်ကြမ်းများဖြင့် ထုတ်လုပ်သော သဘာဝမြေဩဇာများအား စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများက အသင်းသားများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက် ရှိသည်။
လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်း ၁၆၁ သင်းကလည်း ရိတ်သိမ်း ခြွေလှေ့စက် ၁၁၄ စီး၊ ထွန်စက်ကြီး ၄၅၂ စီး၊ အခြား စက်ကိရိယာ ၆၄ စီးတို့ဖြင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများအတွက် လယ်ယာဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ လယ်ယာဝန်ဆောင် မှု သမဝါယမအသင်းများအနေဖြင့် အသင်းသား များစိုက်ပျိုးသော လယ်ယာမြေများအား စာရင်း မှတ်စနစ်ဖြင့် သီးနှံပေါ်ချိန်မှ ဝန်ဆောင်ခရယူသည့် စနစ်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဆောင်ရွက်မည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် တောင်သူများ ဆုံးရှုံးနစ်နာမှုမရှိစေရေးနှင့် သီးနှံများ အထွက်တိုးစေရေး၊ ဈေးကွက်ခိုင်မာမှုရှိစေရေးတို့အတွက် ကုမ္ပဏီများနှင့်ချိတ်ဆက်၍ လည်းကောင်း၊ နိုင်ငံတော်ဘတ်ဂျက်မှ ပံ့ပိုးငွေရယူ၍ လည်းကောင်း၊ အသင်းပိုင်ငွေဖြင့် လည်းကောင်း သမဝါယမ ကန်ထရိုက်လယ်ယာလုပ်ငန်း (Cooperative Contract Farming) ဆောင်ရွက် လျက်ရှိသည်။
မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းများအနေဖြင့် သမဝါယမအသင်းပိုင် ငါးကန်များနှင့် အင်းများမှာ ငါးများအား ပိုမိုမွေးမြူထုတ်လုပ် ရောင်းချနိုင်အောင်နှင့် ရေထွက်ကုန်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းများ အနေဖြင့် ပြည်တွင်း/ ပြည်ပသို့ တိုးချဲ့တင်ပို့ ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဝန်ဆောင်မှုသမဝါယမအသင်း ၄၃၆၃ သင်း ဖွဲ့စည်းထားရှိပြီး ဌာနဆိုင်ရာ၊ ဈေးနှင့် အသေးစားငွေစုငွေချေး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အသင်းသားများ၏ အစုနှင့် စုဆောင်းငွေ များ တိုးမြင့်လာစေရေးစည်းရုံးခြင်း၊ အစုများ တိုးမြှင့်နိုင်ခြင်းမရှိပါက စီးပွားရေးလုပ်ငန်း လုပ်ဆောင်ပြီး ရရှိလာသည့် အကျိုးအမြတ်အပေါ် အစုတိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ အသင်းသားများက ငွေစုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများရှိလာစေရေးကိုလည်း စည်းရုံးဆောင်ရွက်ပေးလျက် ရှိပါသည်။ ဝန်ဆောင်မှု သမဝါယမအသင်းများအနေဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအပြင် အခြားဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးရုံဆေးခန်းများဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းများကို လုပ်ကိုင်ဆောင်ရွက် ပေးလျက်ရှိသည်။
သမဝါယမအသင်းပိုင် စက်ရုံအလုပ်ရုံများကို ထူထောင်
စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းများကလည်း ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ ရက်ကန်း၊ အထည်ချုပ်၊ ရေခဲစက် စသည်ဖြင့် သမဝါယမအသင်းပိုင် စက်ရုံအလုပ်ရုံများကို ထူထောင်ဆောင်ရွက် လျက်ရှိပြီး ထွက်ရှိသည့်ပစ္စည်းများကို ပြည်တွင်း/ပြည်ပဈေးကွက် အသီးသီးသို့ ဖြန့်ဖြူးရောင်းချလျက် ရှိသည်။ ဒေသတစ်ခုချင်း၏ ထုတ်ကုန်များကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်း/ ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်ခု (One Village, One Product) အနေဖြင့် ကုန်ကြမ်းရရှိမှုနှင့် ငွေကြေးအရင်းအနှီးအပေါ်မူတည်၍ ဝါးခမောက်၊ ရက်ကန်း၊ ဂျုံရိုးဦးထုပ်၊ ခြင်းတောင်း၊ တံမြက်စည်း၊ အိုး၊ သင်ဖြူးဖျာ၊ ပန်းပဲ၊ အိုးစည်နှင့် ယွန်းလုပ်ငန်း စသဖြင့် လုပ်ငန်းများကို သမဝါယမအသင်းများ ဖွဲ့စည်း၍ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ ယင်းလုပ်ငန်းများသည် တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။
ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်
ကုန်သွယ်မှုသမဝါယမအသင်း ၃၁၁၅ သင်း ဖွဲ့စည်းထားရှိပြီး ကုန်သွယ်မှုသမဝါယမ အသင်းများ ဖြစ်သည့် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း၊ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၊ ရောင်းဝယ်ရေးသမဝါယမအသင်း၊ အမှတ်တရ ပစ္စည်းများရောင်းချသည့် သမဝါယမအသင်း၊ ပို့ကုန် သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသော သမဝါယမ အသင်းများမှ ပြည်တွင်း/ပြည်ပကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ရောင်းဝယ်ရေး သမဝါယမအသင်းများမှ အရောင်း ဆိုင် ၄၆၂ ဆိုင် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ လူသုံး၊ အိမ်သုံးပစ္စည်းများအား ပြည်သူများ ပစ္စည်းမှန်၊ ဈေးမှန် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး သမဝါယမ အရောင်းဆိုင်များအား အဆင့်မြှင့်တင်ပြီး ရောင်းအားကောင်းသော ပစ္စည်းများ စုံစုံလင်လင်ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီး/ ပြည်နယ် အသင်းစုချုပ်များ၊ မြို့နယ်အသင်းစုများနှင့်ချိတ်ဆက်ပြီး လယ်ယာထွက်ကုန် သီးနှံများ၊ ဆန်စပါး၊ စားသုံးဆီ၊ ရေထွက် ကုန်ပစ္စည်းများကို စတင်ဆောင်ရွက်သည့် အချိန်များတွင် အမြတ်မယူအရှုံးမရှိစေရေးနှင့်အညီ ဆောင်ရွက်ပြီး အချိန်ကာလတစ်ခု ရောက်ရှိသည့်အချိန်တွင် သင့်တင့်သည့် အမြတ်ငွေရယူခြင်းများ ဖြင့် ဖြန့်ဖြူးရောင်းချ ဆောင်ရွက်ပေးလျက်ရှိသည်။
စက်ကိရိယာများဝယ်ယူခြင်း၊ သွင်းအားစုများ ထောက်ပံ့ခြင်း၊ ကန်ထရိုက်လယ်ယာများ ဆောင်ရွက်ခြင်း၊ ဆန်/စပါးများ၊ ရေထွက်ကုန်နှင့် ဒေသထွက်ကုန်သီးနှံများ ဝယ်ယူဖြန့်ဖြူးရောင်းချ ခြင်း၊ အရောင်းဆိုင်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အပါအဝင် အောင်မြင်နိုင်ခြေရှိသော လက်ရှိဖွဲ့စည်း ထားသည့် ကုန်ထုတ်၊ ဝန်ဆောင်၊ ကုန်သွယ် သမဝါယမအသင်းများနှင့် ထပ်မံဖွဲ့စည်းမည့် သမဝါယမအသင်းများ အား ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်များမှ Revolving Fund စနစ်ဖြင့် ထောက်ပံ့ရယူပြီး ကနဦးအစပိုင်း၌ Pilot အဖြစ် ဆောင်ရွက်ပြီး နောင်ကာလများတွင် ဘဏ္ဍာရန်ပုံ ငွေများ တိုးမြှင့်တောင်းခံပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များနှင့် အညီ စိတ်သစ်လူသစ်မူဝါဒသစ်များဖြင့် ရွာငံမြို့ နယ်တွင် ဆောင်ရွက်လျက်ရှိသော ကော်ဖီဝယ်ယူ ကြိတ်ခွဲရောင်းချသည့် အသင်းမှ အကျိုးအမြတ်ခွဲဝေပေးသည့် နမူနာကိုစံပြု၍ ဖြစ်ပေါ်လာသည့် အကျိုးအမြတ်ငွေများကို ရာသီ/ အချိန်အလိုက် အသင်းသားများအား ထိထိရောက်ရောက် ခွဲဝေပေးခြင်း၊ အသင်း၏ရှယ်ယာများ တိုးမြှင့်ပေးခြင်း၊ အသင်း၏ စီးပွားရေးလုပ်ငန်းတွင် ပြန်လည် သတ်မှတ်ထည့်ဝင်စေခြင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၁၉၇၀ ပြည့်နှစ်မှစ၍ တောင်ကိုရီးယားသမ္မတနိုင်ငံတွင် ကျေးရွာသစ် စီမံကိန်းလှုပ်ရှားမှုကို အခြေခံစိတ်ဓာတ်သုံးခုဖြစ်သည့် လုံ့လ ဝီရိယ စိတ်ဓာတ် (Diligence)၊ ကိုယ်ထူကိုယ်ထ စိတ်ဓာတ် (Self-Help)၊ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ဓာတ် (Cooperation)တို့ကို ခံယူလျက် အစိုးရ နှင့်ပြည်သူလက်တွဲ၍ ဟန်ချက်ညီညီ ရုန်းကန် လှုပ်ရှားမှုများကြောင့် နှစ်ပေါင်း ၄၀ အတွင်း ကမ္ဘာ့ နိုင်ငံများအကြား အချမ်းသာဆုံးအဆင့် (၁၂) သို့ ရောက်ရှိခဲ့သည့် ကျေးရွာသစ်လှုပ်ရှားမှု စံနမူနာကောင်းများကိုရယူပြီး ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရပါသည်။
ကျေးရွာသုံးရွာစီ ရွေးချယ်ထား
မြန်မာနိုင်ငံတွင်လည်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၃-၁၁-၂၀၂၁) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ခေတ်မီစံပြကျေးရွာများ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြား ချက်များအရ ခေတ်မီစံပြကျေးရွာများ (Smart Village)များ ဖြစ်ပေါ်စေရေးအတွက် နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ တွင် ကျေးရွာသုံးရွာစီ ရွေးချယ်ထားရာ သမဝါယမ ဦးစီးဌာနက Focal အဖြစ် ဆောင်ရွက်ပေးရမည့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသေးစားကုန်ထုတ်လုပ်ငန်းအတွက် လိုအပ် သော အရင်းအနှီးချေးငွေများထုတ်ချေးပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများ အပါအဝင် စက်ကိရိယာများ ပံ့ပိုးပေးခြင်းနှင့် မျိုးစေ့သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ သမဝါယမကန်ထရိုက် လယ်ယာလုပ်ငန်း (Cooperative Contract Farming) စနစ်တို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။
သမဝါယမပညာပေးရေးလုပ်ငန်းဆောင်ရွက်မှုအနေဖြင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်၊ သက်မွေးပညာ သင်တန်းကျောင်းများမှ အနည်းဆုံး အခြေခံပညာ အဋ္ဌမတန်း အောင်မြင်ပြီးသူများ အနေဖြင့် ပညာဆက်လက်သင်ယူရန် အခက်အခဲရှိ သူများအား စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် သက်မွေးမှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ ခေတ်မီစီမံခန့်ခွဲမှုဆိုင်ရာနည်းများဖြင့် ကွန်ပျူတာ စာရင်းကိုင်ပညာရပ်များ တတ်ကျွမ်းစေရန်၊ အစိုးရ အဖွဲ့အစည်းများ၊ သမဝါယမဆိုင်ရာအဖွဲ့အစည်း များ၊ ပြင်ပပုဂ္ဂလိက အသင်းအဖွဲ့များ၊ လုပ်ငန်းများ နှင့် ကုမ္ပဏီများတွင် အလုပ်လျှောက်ထားရာ၌ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ စာရင်းရေး စာရင်းကိုင်၊ သက်မွေးပညာ နှစ်နှစ်သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး သမဝါယမကောလိပ်များသို့ နှစ်နှစ် ထပ်မံပညာဆက်လက် သင်ယူနိုင်သည့် အခွင့်အလမ်းရှိပြီး ကျွမ်းကျင်မှုရှိပြီး သက်မွေးပညာ နှစ်နှစ်သင်တန်းဆင်းသူများကို သမဝါယမ အသင်းများနှင့် ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရေး သမဝါယမ ပညာပြန့်ပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ သည်။
အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးမှုသဘောတရားများ၊ အပြောင်းအလဲစီမံခန့်ခွဲမှု (Change Management) သဘောတရားများအား ဌာနဝန်ထမ်းများနှင့် အသင်းဝန်ထမ်းများ သိရှိလိုက်နာစေရန် ဆောင်ရွက်ပေး လျက်ရှိရာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ စီမံကိန်း အရ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သင်တန်း၊ စာရင်းစစ်သင်တန်း၊ သမဝါယမဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်ဆိုင်ရာသင်တန်း၊ အစားအသောက် ဘေးကင်းလုံခြုံမှုအသိပညာပေးသင်တန်း၊ ဘဏ္ဍာရေးဆိုင်ရာအသိပညာပေးသင်တန်း၊ သမဝါယမ စီမံခန့်ခွဲမှုနှင့် ဈေးကွက်ဖော်ဆောင်ရေး သင်တန်း၊ Introduction to Monitoring and Evaluation သင်တန်း၊ မြန်မာနိုင်ငံသမဝါယလှုပ်ရှားမှု ဆွေးနွေး ပွဲများ ဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
စံနမူနာအဖြစ် စီမံဆောင်ရွက်
ဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တောင်သူများကို လိုအပ်သည်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ကိုယ်တိုင်လုပ်၊ ကိုယ်ကိုယ်တိုင်သိပြီး တောင်သူများသို့ အတွေ့အကြုံများ မျှဝေပေးနိုင်အောင် ရုံးပတ်ဝန်းကျင်တွင် ကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ငါးကန်များ အသစ်ပြုလုပ်တူးဖော်ပြီး ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ စံပြစက်မှုလယ်ယာဖော် ထုတ်ဆောင်ရွက်ခြင်း၊ ဟင်းသီးဟင်းရွက် စိုက်ပျိုး ခြင်း၊ နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို စံနမူနာအဖြစ် စီမံဆောင်ရွက်လျက်ရှိပါသည်။
သမဝါယမအသင်းများကို ရပ်ကွက်/ကျေးရွာ အဆင့်တွင် အခြေခံသမဝါယမအသင်း၊ မြို့နယ် အဆင့်တွင် မြို့နယ်သမဝါယမအသင်းစု၊ တိုင်းဒေသ ကြီး/ပြည်နယ်အဆင့်တွင် အသင်းစုချုပ်နှင့် ဗဟို အဆင့်တွင် ဗဟိုသမဝါယမအသင်းကိုလည်းကောင်း ဖွဲ့စည်းထားရှိပြီး ဗဟိုသမဝါယမအသင်း Apex Body သည် (၇-၉-၁၉၉၃)ရက်နေ့၌ အပြည်ပြည် ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တွင် အသင်းဝင်အဖြစ် ပါဝင်ခဲ့ပါသည်။
နှစ် (၁၀၀) တိုင်ခဲ့ပြီ
အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ၁၉၂၃ ခုနှစ်မှစတင်၍ ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်ဆို လျှင် နှစ် (၁၀၀) တိုင်ခဲ့ပြီဖြစ်ပါသည်။ အပြည်ပြည် ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၏ အခြေခံမူများဖြစ် သည့် ဆန္ဒအလျောက် လွတ်လပ်စွာ အသင်းသား အဖြစ် ပါဝင်ခွင့်ရှိခြင်း၊ အသင်းသားများ၏ဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ သမဝါယမအသင်း၏ စီးပွားရေးလုပ်ငန်းများတွင် အသင်းသားများပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း၊ အသင်းအနေဖြင့် ကိုယ်တိုင် အုပ်ချုပ်ခြင်းနှင့် လွတ်လပ်မှုရှိခြင်း၊ ပညာပေးရေး၊ လေ့ကျင့်ရေးနှင့် သမဝါယမ သတင်းအချက်အလက် ဖြန့်ဝေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သမဝါယမ အသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြေခံလူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် တာဝန်ခံ ခြင်းတို့နှင့်အညီ ကမ္ဘာတစ်ဝန်း သမဝါယမလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံရှိ ဖွဲ့စည်းပြီးသည့် သမဝါယမအသင်းများအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်၏ အခြေခံမူများနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက နှစ်စဉ် ဇူလိုင်လ ပထမပတ်စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA Day)အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်က လည်း နှစ်စဉ်(ICA Day)အတွက် ကမ္ဘာတစ်ဝန်းရှိ သမဝါယမအသင်း၊ အဖွဲ့အစည်းများအနေဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို ပိုမို၍ လုပ်ဆောင် ကြရန် ဆောင်ပုဒ်များဖြင့် တိုက်တွန်းနှိုးဆော်လျက် ရှိသည်။ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်ဖြစ်သော “Cooperatives Build a Better World” “ကမ္ဘာ့လောက ပိုမို ကောင်းမွန်ရေးသမဝါယမများက တည်ဆောက် ပေး” ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၂၈) ကြိမ်ရှိခဲ့ပြီဖြစ်ပါသည်။
အောင်မြင်နေသော ကမ္ဘာ့အကြီးဆုံးသမဝါယမ လုပ်ငန်း ၃၀၀ အနက် ထိပ်တန်းအဆင့် (၁၀) တွင် အဆင့်(၁) အနေဖြင့် ပြင်သစ်နိုင်ငံရှိ Group Credit Agricole ငွေကြေးဝန်ဆောင်မှု အသင်းက ရပ်တည် လျက်ရှိပြီး ငွေကြေးဝန်ဆောင်မှု (Financial Service) လုပ်ငန်းဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၁၀ ဘီလီယံခန့် ဝင်ငွေရရှိသည်။ အဆင့်(၂) အနေဖြင့် လက်လီလက်ကား ကုန်သွယ်မှုလုပ်ငန်း (Whole Sale and Retail Trade) ဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၆၃ ဒသမ ၀၇ ဘီလီယံခန့်ဝင်ငွေ ရရှိသော ဂျာမနီနိုင်ငံရှိ REWE Group ကုန်သွယ်မှု သမဝါယမအသင်းဖြစ်ပြီး အဆင့်(၃)အနေဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း (Financial Service) ဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၀၁ ဘီလီယံ ခန့် ဝင်ငွေရရှိနေသော ပြင်သစ်နိုင်ငံရှိ Group BPCE ငွေကြေးဝန်ဆောင်မှု သမဝါယမအသင်းတို့မှာ အောင်မြင်ထင်ရှားလျက်ရှိသည်။
ကမ္ဘာ့ထိပ်တန်း စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသည် ဂျပန်နိုင်ငံ ဇန်နို Zen-Noh စိုက်ပျိုးရေး သမဝါယမအသင်း ဖြစ်ပါသည်။ ထိုအသင်းကြီး၏ ပန်းတိုင်မှာ အသင်းကြီး တိုးတက်အောင်မြင်ရေးအတွက် အသင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ ထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရန်၊ အသင်းသားလယ်သမားများ၏ ကုန်ထုတ်နိုင်မှုစွမ်းအား မြင့်မားလာစေရန်၊ အသင်းသားများ၏ လူမှုစီးပွားဘဝမြှင့်တင်ပေးရန်တို့ ဖြစ်ပါသည်။
သို့ပါ၍ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်ဖြစ်သော “Cooperatives Build a Better World” “ကမ္ဘာ့လောက ပိုမို ကောင်းမွန်ရေး သမဝါယမများက တည်ဆောက် ပေး” ဆောင်ပုဒ်နှင့်အညီ မြန်မာ့သမဝါယမအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှု၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဦးဆောင်မှုတို့ဖြင့် သမဝါယမဦးစီးဌာန၊ သမဝါယမ အသင်းနှင့် အသင်းသားပြည်သူများ၏ ဆောင်ရွက်မှု အခြေအနေများကို အပြည်ပြည်ဆိုင်ရာသမဝါယမ နေ့ကို ဂုဏ်ပြုကြိုဆိုရင်း တင်ပြလိုက်ရပါသည်။