နေပြည်တော် ၁၈ ဒီဇင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေ ချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီး သင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Traventure Travels & Tours Co.,Ltd စီစဉ်ဆောင်ရွက်မှုတို့ဖြင့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် လေးဦးသည် ၎င်းတို့၏ ကိုယ်ပိုင် မော်တော်ဆိုင်ကယ်(၄)စီးဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၁) ရက်နေ့အထိ တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး တမူး-ဂန့်ဂေါ-ပုဂံ-ညောင်ရွှေ-အင်းလေး-နမ့်စန်-ကျိုင်းတုံ-တာချီလိတ်မြို့များသို့ သွားရောက်လည်ပတ်၍ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် ပွင့်လင်းရာသီ ကာလဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့် ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ စဉ်ဆက်မပြတ် လာရောက် လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
MDN