ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ကိုယ်ပိုင် မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်  ၂၀    သြဂုတ် 


ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်း များဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ  အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လည်ပတ်လျက်ရှိသည်။ 


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Osuga Myanmar Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် နယူးဇီလန်နိုင်ငံသားဧည့်သည်(၁)ဦး၊ ပြင်သစ်နိုင်ငံသားဧည့်သည်(၂)ဦး၊ သြစတြေးလျ နိုင်ငံသားဧည့်သည် (၁) ဦး၊ ချက်စ်နိုင်ငံသားဧည့်သည် (၁) ဦး၊ စုစုပေါင်းဧည့်သည် (၅)ဦးသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ် (၅)စီးဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၈) ရက်နေ့မှ သြဂုတ်လ (၁၂)ရက်နေ့အထိ မြဝတီ-ဘားအံ-တောင်ငူ-ညောင်ဦး-ကလေး-တမူး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။


နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ် ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသော ဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။


MDN