နေပြည်တော် ၉  ဇန်နဝါရီ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာ၊ အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်း အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ်လျက်ရှိသည်။

ယင်းသို့ လာရောက် လည်ပတ်ကြရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Interconnection Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂျာမနီနိုင်ငံသား ဧည့်သည် ၃၀ သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၂၃ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ပေါက္ကံ-၂၀၁၂ အပျော်စီး ရေယာဉ်ဖြင့် ရန်ကုန်- ပြည်-သရက်-မင်းလှ-မကွေး-စလေ-ပုဂံ-အင်းဝ-အမရပူရ-စစ်ကိုင်း-မန္တလေး-ကျောက်မြောင်း-တကောင်း-ကသာ-ကျွန်းတော-မင်းကွန်း-မန္တလေး ခရီးစဉ်များသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယမြစ်ကျဉ်း သဘာဝအလှအပရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှု ဓလေ့စရိုက် နေထိုင်မှုပုံစံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေဝင်ဆည်းဆာ အလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့်ခရီးစဉ်များကို ပိုမို တိုးတက် လည်ပတ်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

MDN

 

mdn