နေပြည်တော် ၃ အောက်တိုဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက် လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေ သဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက် လည်ပတ်လျက်ရှိပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Myanmar Hotels and Cruises Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဗြိတိန်နိုင်ငံသားဧည့်သည်(၅၅)ဦးသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့မှ စက်တင်ဘာလ (၂၀)ရက်နေ့အထိ Road to Mandalay အပျော်စီးရေယာဉ်ဖြင့် ရန်ကုန်- မန္တလေး-မင်းကွန်း-နွယ်ငြိမ်း-ဇင်ချောင်း-ကြာညှပ်-ကသာ-ရွေကူ-ရွှေပေါ်ကျွန်း-ဗန်းမော်-ရွှေကူ-(ဝဲမဆင်စခန်း)-မိုးတား-နဘား-တကောင်း-နန်းတော်ကျွန်းရွာ-မန္တလေး-ရွှေကြက်ယက်ဆိပ်-ပုဂံ-ပုပ္ပါး-ပုဂံ-ရန်ကုန်ခရီးစဉ်များသို့ လည်ပတ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာ သွားကြပါသည်။
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများနှင့် ဒုတိယမြစ်ကျဉ်းသဘာဝအလှအပ ရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှုဓလေ့စရိုက်နေထိုင်မှုပုံစံများ၊ ဆင် စခန်း၊ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေဝင်ဆည်းဆာအလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့် ခရီးစဉ်များကို ပိုမိုတိုးတက်လည်ပတ်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
MDN


