နေပြည်တော် ၂၈ နိုဝင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွား ဧည့်သည်များအတွက်လည်း ဝင်/ထွက် သွားလာမှုလွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Kaung Hein Shwe Sin International Co.,Ltd စီစဉ်ဆောင်ရွက်မှုတို့ဖြင့် မလေးရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် ခြောက်ဦးတို့သည် ကိုယ်ပိုင်မော်တော်ဆိုင်ကယ် ခြောက်စီးဖြင့် မြဝတီနယ်စပ်ဂိတ်မှ နိုဝင်ဘာ ၉ ရက်တွင် ဝင်ရောက်လာပြီး မြဝတီ-ကျိုက်ထို-နေပြည်တော်-ပုဂံ-ဂန့်ဂေါ-တမူးမြို့များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာ ၁၃ ရက်တွင် တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
အလားတူ တူရကီနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည် နှစ်ဦးတို့သည် ကိုယ်ပိုင်မော်တော် ဆိုင်ကယ် နှစ်စီးဖြင့် တမူးနယ်စပ်ဂိတ်မှ နိုဝင်ဘာလ ၁၇ ရက်တွင် ဝင်ရောက်လာပြီး တမူး-ဂန့်ဂေါ-ပုဂံ-နေပြည်တော်-ကျိုက်ထို-မြဝတီမြို့များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာ ၂၁ ရက်တွင် မြဝတီ နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြသည်။
ထို့အပြင် မလေးရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည် လေးဦးတို့သည် ကိုယ်ပိုင် မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် တမူးနယ်စပ်ဂိတ်မှ နိုဝင်ဘာ ၂၁ ရက်တွင် ဝင်ရောက်လာပြီး တမူး-ဂန့်ဂေါ-မိတ္ထီလာ-ကျိုက်ထို-မြဝတီမြို့များသို့ သွားရောက်လည်ပတ်၍ နိုဝင်ဘာ ၂၄ ရက်တွင် မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် ပွင့်လင်းရာသီကာလဖြစ်ခြင်းနှင့် ခရီးသွားဧည့်သည် တိုးမြှင့်ဝင်ရောက်လာနိုင်ရေး ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဝင်/ထွက်ပေါက်များမှတစ်ဆင့် ဝင်ရောက်လာ၍ မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများ သို့ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
MDN