နေပြည်တော် ၁၃ စက်တင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လုံခြုံ စိတ်ချစွာဖြင့် အဆင်ပြေလွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိရာ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ ထွက်ပေါက်များမှ လာရောက်သည့် ခရီးသွားဧည့်သည်များ အတွက်လည်း ဝင်/ထွက် သွားလာမှု လွယ်ကူစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတကာမှ ခရီးသွားဧည့်သည်များသည် ၎င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင် ကယ်များဖြင့်လည်း နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ပြီး နိုင်ငံအတွင်းရှိ သဘာဝ အလှအပရှုခင်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများကို လာရောက် ကြည့်ရှုလေ့လာ လည်ပတ်လျက်ရှိပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးမှုနှင့် Traventure Travels & Tours Co., Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် ဒိန်းမတ်နိုင်ငံသား (၂) ဦးတို့သည် ကိုယ်ပိုင်မော်တော် ဆိုင်ကယ် (၂) စီးတို့ဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှ စက်တင်ဘာလ (၉) ရက်နေ့အထိ မြဝတီ နယ်စပ်ဂိတ်မှ ဝင်ရောက်လာပြီး မြဝတီ- ကျိုက်ထီးရိုး - နေပြည်တော်- ပုဂံ- ဂန့်ဂေါ်- တမူးမြို့များသို့ သွားရောက်၍ အဆိုပါဒေသများရှိ ထင်ရှားသော နေရာများကိုလည်ပတ်ခဲ့ကြပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် တမူးနယ်စပ်ဂိတ်မှ တဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။
ယခုအချိန်သည် မိုးရာသီကာလဖြစ်သော်လည်း နိုင်ငံခြားသားဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံသို့ နယ်စပ်ဝင်/ ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်/ ဆိုင်ကယ်များဖြင့် လည်းကောင်း၊ ၎င်းတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ဝင်ရောက်လာပြီး မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ သွားရောက် လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
MDN