၁ အောက်တိုဘာ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဦးဆောင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖြန့်ဖြူးရေးအစီအစဉ်တွင် နယ်မြေနှင့် နိုင်ငံပေါင်း ၁၆၇ ခု ပူးပေါင်းပါဝင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဒ်နွန် ဂါဘရီဆက်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် လူပေါင်း တစ်သန်းကျော် သေဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။
ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာကြောင်းနှင့် ထိုကပ်ရောဂါတိုက်ဖျက်ရေးကို ကမ္ဘာတစ်ဝန်းပေါင်းစည်း ကြိုးစားကြရန် တောင်းဆိုပါကြောင်း တက်ဒရော့စ်က ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘာ့ကာကွယ်ဆေးထောက်ပံ့မှုတွင် ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသော နယ်မြေနှင့်နိုင်ငံပေါင်း ၁၆၇ ခုက ယမန်နေ့က ပူးပေါင်းပါဝင်ခဲ့ပြီး ထိုပါဝင်လာမှုစာရင်းမှာ နေ့စဉ် တိုးပွားလာသည်ဟု ၎င်းကဆိုသည်။
ထိုရောဂါကာကွယ်ဆေးအစီအစဉ်တွင် အမေရိကန်နှင့်တရုတ် နိုင်ငံတို့ ပူးပေါင်းပါဝင်ခြင်း မရှိသော်လည်း ဂျပန်နိုင်ငံကမူ ပူးပေါင်းပါဝင်သည်။
တက်ဒရော့စ်က ကိုဗစ်-၁၉ ရောဂါကနဦးကာကွယ်ဆေးအတွက် ရန်ပုံငွေများကိုလည်း ထပ်မံတောင်းဆိုခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို