၃၀ ဩဂုတ်
ဗြိတိန်နိုင်ငံ The Economist magazine ၏ သုတေသနစံသတ်မှတ်ချက်အရ နှစ်နှစ်တစ်ကြိမ် ပြုလုပ်သော စာရင်းတွင် မြို့တော်တိုကျိုသည် ကမ္ဘာ့လုံခြုံမှုအရှိဆုံး မြို့တော်အဖြစ် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း သတ်မှတ်ခဲ့သည်။
The Economist Intelligence Unit မှ ၂၀၁၉ ခုနှစ်အတွက် လုံခြုံမှုအရှိဆုံးမြို့တော်များ အညွှန်းကိန်းကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာသည် သဘာဝဘေးအန္တရာယ်များ၏ ထိခိုက်မှုဒဏ်နှင့် ရာဇဝတ်မှု ဖြစ်ပွားမှု နှုန်းများအပါအဝင် ညွှန်းကိန်း ၅၀ ခန့်ကို အကဲဖြတ်၍ ကမ္ဘာ့အဓိကမြို့ကြီးများ၏ အဆင့်ကို သတ်မှတ်ခဲ့သည်။
တိုကျိုသည် သဘာဝဘေးကြိုတင်ပြင်ဆင်မှုတွင် အမှတ်အမြင့်ဆုံးရရှိခဲ့သည့်အပြင် ကွန်ပျူတာဗိုင်းရပ် ကူးစက်ခံရမှုနှင့် မှုခင်း ဖြစ်ပွားမှုနှုန်းတွင်လည်း အနည်းဆုံးဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အကျင့်ပျက်ခြစားမှုနှင့် ဂိုဏ်းဖွဲ့၍ ရာဇဝတ်မှုကျူးလွန်ခြင်းများသည် တိုကျိုကို ရိုက်ခတ်လျက်ရှိသေးကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာတွင် စင်ကာပူသည် ဒုတိယနေရာတွင် ရှိပြီး ဂျပန်နိုင်ငံ၏ နောက်ထပ်မြို့တော်တစ်ခုဖြစ်သော အိုဆာကာသည်လည်း တတိယနေရာတွင် ရပ်တည်နေသည်။ မြို့တော် ၁၀ ခုတွင် ၆ခုမှာ အာရှ-ပစိဖိတ်ဒေသမှ ဖြစ်ပြီး အခြားမြို့တော်များမှာ ဝါရှင်တန် ဒီစီ၊ တိုရွန်တို၊ အမ်စတာဒန်နှင့် ကိုပင်ဟေဂင်တို့ဖြစ်ကြသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်