ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နှစ် (၇၀)ပြည်‌့ အထိမ်အမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပသည့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights -UDHR) နှစ်(၇၀)ပြည်‌့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟို ဌာန(IBC)၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊  ဒုတိယဝန်ကြီး ဒေါက်တာ မြတ်လေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  NGO ၊ CSO များမှ တာဝန်ရှိသူ များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပေးပို့သည့် ကမ္ဘာ့လူ့ အခွင့်အရေး ကြေညာစာတမ်း နှစ်(၇၀)ပြည်‌့ အထိမ်းအမှတ်သဝဏ်လွှာကိုမြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ဖတ်ကြားသည်။

 

 

ထို့နောက်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကား ပြောကြားရာတွင်   လူ့အခွင့်အရေးသည် လူသားအားလုံး၏ မွေးရာပါ ခံစားခွင့်ဖြစ်ပြီး အခွင့်အရေးဟုဆိုရာတွင် ရရှိခံစားပိုင်ခွင့်သာမက ဆောင်ရွက်ပိုင်ခွင့်ပါ ပါဝင်ပါကြောင်း၊ ဆောင်ရွက်ပိုင်ခွင့်သည်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု အဓိပ္ပါယ်သက် ရောက်ပါကြောင်း၊ လူဟုဆိုရာတွင်လည်း တွေးခေါ်ဉာဏ်ရှိသော သတ္တဝါအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုကြရာ လူ့အခွင့်အရေးသည် အတွေးအခေါ်အမြော်အမြင်ရှိသော လူသားများအတွက် ရရှိခံစားပိုင်ခွင့်နှင့် တာဝန်ရှိမှုကို ဖော်ညွှန်းပါကြောင်း၊ ပြည်သူ့ အစိုးရအနေဖြင့် ပြည်သူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက် ပေးနေခြင်းသည် ၎င်းတို့၏ ရရှိခံစားသင့်သည့် အခွင့်အရေးများကို ဖော်ဆောင်ပေးနေ ခြင်းဖြစ်ပါကြောင်း၊ အစိုးရက ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ ပြည်သူများကလည်း ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင် ရွက်၍ လူ့အခွင့်အရေး စံနှုန်းများကိုပြည့်မီအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ရာတွင် လူ့အခွင့်အရေးသည် အတူယှဉ်တွဲပါလာပြီး လူ့အခွင့်အရေးကို မှန်ကန်စွာသိရန်၊ မှန်ကန်စွာ လေးစားမှုရှိရန်နှင့် မှန်ကန်စွာ ကျင့်သုံးနိုင်ရန် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသောကဏ္ဍဖြစ်ပါကြောင်း၊ အစိုးရ အနေဖြင့် တရားဥပဒေစိုးမိုးရန် တစ်ဦးချင်းစီ၏ အခွင့်အရေးကို ဖော်ဆောင်မည့် မူဝါဒ များ၊ ဥပဒေများ၊ နည်းဥပဒေများ ချမှတ်ဖော်ဆောင်နေရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း သည် နိုင်ငံအလိုက် မိမိတို့နိုင်ငံ၏ မူဝါဒလမ်းစဉ်နှင့် ကိုက်ညီမည့်ဥပဒေများကို လိုက်နာရသကဲ့သို့ နိုင်ငံတကာဥပဒေများကိုလည်း လိုက်နာရန်လိုအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အမှာစကားပြောကြားရာတွင် ပြည်သူများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ လူ့အခွင့်အရေး ဖောက်ဖျက်ခံရကြောင်း တိုင်တန်းချက်များကို ကော်မရှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေး ဆောင် ရွက်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း များဆောင်ရွက်လျက်ရှိပြီး အကျဉ်းထောင်၊ အကျဉ်း စခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့လည်း အခါအားလျော်စွာ သွားရောက်၍ လူ့အခွင့်အရေးအခြေအနေများကို ကြည့်ရှု စစ်ဆေးကာ စစ်ဆေး တွေ့ရှိချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာ ဌာနများသို့ လိုအပ်သလို အရေးယူဆောင်ရွက်ရန် ပေးပို့ခဲ့ပါကြောင်း၊  ကော်မရှင်အနေဖြင့် လူ့အခွင့် အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာတွင် ပဋိပက္ခဖြစ်ပွားရာနေရာ ဒေသများသို့လည်း သွားရောက်၍ ဆောင်ရွက် လျက်ရှိပါ ကြောင်း၊  လူ့အခွင့်အရေး ခံစားရရှိနိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှု ရှိရေးသည် လည်း အရေးပါသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊  တည်ငြိမ်အေးချမ်း မှုမရှိဘဲ လူ့အခွင့်အရေးကို အပြည့်အ၀ ခံစားရရှိနိုင်မည် မဟုတ်သလို လူ့အခွင့်အရေးခံစား ရရှိနိုင်ခြင်းမရှိပါကလည်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်မည်ဖြစ်ပါကြောင်း၊  ယခုအချိန်မှာ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရမည်ဆိုလျှင် ပြည်သူများအနေဖြင့် လူ့အခွင့်အရေးကို ယခင်ကထက် သိရှိလာ ကြပြီဟု သုံးသပ်လို့ရပါကြောင်း၊  လူ့အခွင့်အရေးကို ယခုထက်ပိုမို ကျယ်ကျယ် ပြန့်ပြန့် နားလည် သိရှိရန်အတွက် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများကို ယခုထက် ပိုမိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း   ပြောကြားသည်။

 

ဆက်လက်၍    ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် UN Resident & Humanitarian Coordinator, Mr.Knut Ostby တို့က   အမှာစကားပြောကြားပြီး   စာရေးဆရာမ မသီတာ (စမ်းချောင်း)က ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း အပါအဝင် အမျိုးသမီးအခွင့်အရေး နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဥက္ကဌ ဟံသာဝတီ ဦးအုန်းကြိုင်က သတင်းမီဒီယာ အခွင့်အရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဒုတိယဥက္ကဋ္ဌ ဦးချစ်နိုင်(စိတ်ပညာ) က  လူ့အခွင့်အရေးနှင့်ပတ်သက်သည့် သမိုင်း အကြောင်းအရာ များ ကိုလည်းကောင်း  ပြောကြားကြသည်။

 

ထို့နောက် UDHR မှတ်တမ်းကို Video ဖြင့် ပြသခြင်း၊ ကမ္ဘာ့ လူ့အခွင့် အရေးကြေညာစာတမ်း နှစ်(၇၀)ပြည့် အထိမ်အမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ များတွင်ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိ သူများက ဆုချီးမြှင့်ပြီး ဓာတ်ပုံပြပွဲကို  လှည့်လည် ကြည့်ရှုကြသည်။ 

 

 (သတင်းစဉ်)