ထွန်းသစ်စ
ကမ္ဘာ့လေထုအတွင်း လေထုရဲ့အပူချိန်ကိုမြင့်တက်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် စတဲ့အလားတူဓာတ်ငွေ့တွေရဲ့ ပမာဏဟာ စံချိန်သစ်တင် မြင့်တက်လျက်ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့က ကြေညာမောင်းခတ်လိုက်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ရာသီဥတုပြောင်းလဲမှုကို အဓိကဖြစ်စေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ အဲဒီလိုမျိုးသာ ဆက်လက် မြင့်တက်နေမယ်ဆိုပါက ကမ္ဘာ့လူသားတွေအနေနဲ့ အခက်တွေ့ရချည်ရဲ့ ဆိုပြီးတော့လည်း သတိပေးလိုက်ပါတယ်။
လေးစားလိုက်နာလာမယ့်လမှာ ပိုလန်နိုင်ငံမှာ ကျင်းပမယ့် ရာသီဥတုဆိုင်ရာ ညီလာခံ (COP 24) မတိုင်မီ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ လေထုရဲ့အပူချိန်ကို မြင့်တက်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် စတဲ့ဓာတ်ငွေ့ထုတ် လွှတ်မှုကို ၂ ဒီဂရီ ဆဲလ်စီးရပ်စ်ထက် လျှော့ချသတ်မှတ်ရေး လိုက်နာ ဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂ ထိပ်တန်းအရာရှိတွေက တစ်ခုခု ကြိုးစားလုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ ဒါမှလည်း ၂၀၁၅ ခုနှစ် ပါရီ သဘောတူညီချက်ကို လေးစားလိုက်နာရာရောက်မှာပဲ ဖြစ်ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေနဲ့ အခြားဖန်လုံအိမ်သဘာဝ ဓာတ်ငွေ့တွေကို လျင်မြန်စွာ လျှော့ချ ဖြတ်တောက်မှု မလုပ်ဘူးဆိုရင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ဟာ ကမ္ဘာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ လူသားတွေအပြင် အားလုံးသော သက်ရှိတွေအတွက် ဆိုးကျိုးများလျင်မြန်စွာ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကမ္ဘာ့ မိုးလေဝသအဖွဲ့ကြီးမှ ခေါင်းဆောင်ဖြစ်သူ ပက်တာရီတာလက်စ်က ကြေညာချက်မှာ ပြောခဲ့ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေနဲ့ အခြားဖန်လုံအိမ်သဘာဝ ဓာတ်ငွေ့တွေကို လျင်မြန်စွာ လျှော့ချ ဖြတ်တောက်ဖို့ အခွင့်အရေးတံခါးပေါက်တွေဟာ ပိတ်လုနီးပါးဖြစ်နေတယ်လို့လည်း သူကဆက်လက်ပြောခဲ့ ပါသေးတယ်။
ရပ်တန့်သွားနိုင်
COP 24 ညီလာခံမတိုင်မီ နိုင်ငံအားလုံးသို့ ပေးပို့ထားတဲ့ အိတ်ဖွင့် ပေးစာမှာ အကယ်၍ ကမ္ဘာကြီးအနေနဲ့ အပူချိန်မြင့်မားမှုကို ထိန်းသိမ်းမှုမရှိဘူး ဆိုပါက ရုတ်တရက်ကျရောက်တဲ့ သဘာဝကပ်ဆိုးကြီးတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂအခွင့်အရေး ကောင်စီမှ အကြီးအကဲဖြစ်သူ မီရှဲယ် ဘာချလတ်က ပြောခဲ့ပါတယ်။
ပါရီ သဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်ပါက တစ်ကမ္ဘာလုံး၊ ဂေဟစနစ်အားလုံး၊ လူသားတွေအားလုံးနဲ့ အသက်ရှင် နေထိုင်မှုပုံစံအားလုံး လုံးဝရပ်တန့်သွား နိုင်ကြောင်း မီရှဲယ်ဘာချလတ်က ဆက်လက်ပြောခဲ့ပါတယ်။
ပါရီညီလာခံမှ ထွက်ခွာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ ဟာ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်များအပေါ် ယုံကြည်မှုနည်းနေ သလိုပါပဲ။ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များဟာ အမေရိကန် ခေါင်းဆောင်ပိုင်းကိုတော့ တိုက်ရိုက်စိန်ခေါ်မှုရှိမှာမဟုတ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးမှ ဒုတိယခေါင်းဆောင်ဖြစ်သူ အယ်လ်လီနာ မနန်ကိုဗာက ပြောပါတယ်။
ကုလသမဂ္ဂရာသီဥတု အေဂျင်စီရဲ့ နှစ်စဉ် ဖန်လုံအိမ်သဘာဝဓာတ်ငွေ့ ထုတ်ပြန်ချက်မှာ လေထုထဲမှာ အန္တရာယ် ဖြစ်စေတဲ့ ဓာတ်ငွေ့ပါဝင်မှုဟာ လွန်ခဲ့တဲ့ ၁၇၅၀ ပြည့်နှစ်ကတည်းက စတင်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
တဖြည်းဖြည်းများပြား
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖြစ်စဉ်ကို အခြေခံပြီး တွက်ချက်ထားတဲ့ ၂၀၁၈ ဖန်လုံအိမ်သဘာဝဓာတ်ငွေ့ထုတ်ပြန် ချက်မှာ လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်ပါဝင်မှုဟာ ၄၀၅ ဒသမ ၅ ပီပီအမ် ပါဝင်နေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ၂၀၁၅ ခုနှစ်မှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုဟာ ၄၀၁ ဒသမ ၁ ပီပီအမ်မှသည် ၂၀၁၆ ခုနှစ်မှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုဟာ ၄၀၃ ဒသမ ၃ ပီပီအမ်အထိ ရောက်ရှိလာပါတယ်။ တစ်နှစ်ထက် တစ်နှစ် လေထုထဲမှာ ကာဗွန်ဒိုင် အောက်ဆိုက်ပါဝင်မှုဟာ တဖြည်းဖြည်း များပြားလာတာကို တွေ့ရမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃ သန်းမှ ၅ သန်းလောက်ကတော့ ကမ္ဘာကြီးမှာ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုဟာ အနည်းအကျဉ်းလောက်ရှိခဲ့ပြီး အပူချိန် ဟာ ၂ ဒီဂရီ ဆဲလ်စီးရပ်စ်မှ ၃ ဒီဂရီဆဲလ်စီး ရပ်စ်အထိပူနွေးလာခဲ့ပါတယ်လို့ ကမ္ဘာ့ မိုးလေဝသအဖွဲ့ကြီးမှ ခေါင်းဆောင်ဖြစ်သူ ပက်တာရီ တာလက်စ်ကပြောခဲ့ပါတယ်။
သုတေသနပြုလုပ်သူတွေဟာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၈၀ဝ၀ဝ၀ လောက်က ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုကို ဘယ်လိုစမ်းသပ်ခဲ့လဲဆိုရင် သူတို့ဟာ ဂရင်းလန့်နဲ့ အ္တာတိကရှိ ရေခဲတွေပေါ်မှာ လေပူပေါင်းလေးတွေ အသုံးပြုပြီး စူးစမ်းခဲ့ကြတာပဲဖြစ်ပါတယ်။
သို့သော်လည်း ရုပ်ကြွင်းလောင်စာတွေကို လေ့လာစမ်းစစ်ချက်အရ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ငါးသန်းလောက်ကတည်းက ရှိခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက အကြမ်းဖျင်းခန့်မှန်းခဲ့ပါတယ်။
ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှု အပြင် မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုက်၊ အိုဇုန်းလွှာပေါက် ယိုယွင်းစေသော CFC-11 ဟုခေါ်သော အခြားဓာတ်ငွေ့ ပါဝင်မှုဟာလည်း မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။ ကားများ၊ စက်ရုံများနှင့် အခြားသော စက်မှုလုပ်ငန်းများမှ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့များကိုလည်း ထုတ်လွှတ် လျက်ရှိရာ ယခုအခါတွင် စက်မှုဖွံ့ ဖြိုး တိုးတက်လာသည်နှင့်အမျှ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုများ ပိုပိုမြင့်တက်လာကြောင်း သိရသည်။
ထို့ကြောင့် တချို့နိုင်ငံများဆိုလျှင် အစိုးရအနေဖြင့် မူဝါဒတစ်ရပ်ချမှတ်ပြီး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆောင်ကြဉ်းလာမယ်
ဒါဟာ မျက်လှည့်ပြလိုက်တာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ လူတွေ သတိမထားမိခင်မှာဘဲ မြင့်တက်လာခဲ့ တာပဲဖြစ်ပါတယ်။ အခုဆိုရင် လူသားတွေသိတဲ့အတိုင်း ကမ္ဘာကြီးပူနွေးလာမှုကို လူသားတွေ ခံစားနေကြရပါပြီ။ ဒါတွေကို အချိန်မီ လျှော့ချမှုတွေ မလုပ်ဆောင်ဘူးဆိုရင် ယနေ့ ကျွန်တော်တို့ မှီတင်းနေထိုင်တဲ့ ကမ္ဘာကြီးဟာ ကျွန်တော်တို့အတွက် ဆိုးကျိုးတွေကို မဝေးတော့တဲ့ အနာဂတ်မှာ ဆောင်ကြဉ်းလာတော့မှာ ဖြစ်ပါတယ်။
ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေဟာ အဓိက ဖန်လုံအိမ်သဘာဝဓာတ်ငွေ့ တိုးမြင့်လာရတဲ့ အကြောင်းရင်းတွေပဲဖြစ်ပြီး ဒါတွေဟာ ကမ္ဘာကြီးကို ဆိုးကျိုးတွေဖြစ်လာမယ့် တရားခံတွေပဲဖြစ်ပါတယ်။ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းလောက်ကို ပင်လယ်သမုဒ္ဒရာတွေနဲ့ သက်ရှိများနေသည့် ကမ္ဘာမြေပြင် အပေါ်ဆုံး အလွှာနဲ့ လေထု (သတ္တလောက) တို့က စုပ်ယူလေ့ရှိပါတယ်။
ဘယ်လိုမှ မဖြစ်နိုင်
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂက အစိုးရအချင်းချင်း ဆွေးနွေးပွဲအဖွဲ့က လေထုအပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ ထိန်းသိမ်းထားရန်အတွက် ကာဗွန် ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုသည် သုညရာခိုင်နှုန်းရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆိုလို တာကတော့ လေထုထဲကိုထုတ်လိုက်တဲ့ ဓာတ်ငွေ့တွေနဲ့ လေထုထဲက ဖယ်ထုတ် လိုက်တဲ့ ဓာတ်ငွေ့တွေဟာ မျှခြေဖြစ်နေ ရမယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ ဒုတိယ အကြီးအကဲ အယ်လီနာက လေထုထဲနဲ့ သမုဒ္ဒရာထဲမှာ နှစ်ပေါင်းရာချီကြာမြင့်စွာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ ကျန်ရှိတုန်းပဲလို့ဆိုပါတယ်။ လတ်တလောလေထုထဲမှာရှိတဲ့ ပိုလျှံ နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကို မှော်တုတ်တံလိုအစွမ်းနဲ့ ချက်ချင်းဖျောက်ဖျက်ပစ်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလို့ ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။
ထို့ကြောင့် ယနေ့ကမ္ဘာမှာ မှီတင်း နေထိုင်နေကြတဲ့ လူသားတွေဟာ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ လျှော့ချဖို့ သက်ဆိုင်ရာနိုင်ငံများနဲ့ အစိုးရတွေနဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာပဲ ဖြစ်ကြောင်း သို့မှသာ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
ကိုးကား-အေအက်ဖ်ပီ