၁၆ ဇူလိုင်
ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်း ၈၂၁ ကျော်ဟာ ပြီးခဲ့တဲ့နှစ်က အငတ်ဘေးနဲ့ ကြုံတွေ့ခဲ့ရကြောင်း မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းဟာ သုံးနှစ်ဆက်တိုက် တိုးပွားလာတဲ့ ပမာဏဖြစ်ပါတယ်။
၁၀ စုနှစ်များစွာ အငတ်ဘေးနဲ့ရင်ဆိုင်ရတဲ့ ကိန်းဂဏန်း ကျဆင်းနေရာမှ ၂၀၁၅ ခုနှစ်ကစပြီး စစ်ပွဲများနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် အဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်ခဲ့ရာကနေ ကိန်းဂဏန်းတွေ တိုးပွားလာတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က အငတ်ဘေးကြုံခဲ့ရတဲ့ လူဦးရေမှာ ၈၁၁ သန်းရှိပါတယ်။
၂၀၃၀ ခုနှစ် မှာ အငတ်ဘေးနဲ့ ကြုံတွေ့ရတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိရေးဆိုတာ မဖြစ်နိုင်ကြောင်း၊ အစားအစာမပြည့်စုံခဲ့ရင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး မရရှိနိုင်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ အကြီးအကဲ ဒေးဗစ် ဘေစလီကပြောပါတယ်။
ကမ္ဘာတဝန်းက ကလေးငယ် ၁၄၉ သန်းဟာ အဟာရချို့တဲ့မှုနဲ့ ဆက်စပ်နေတဲ့အတွက် ကြီးထွားနှုန်းမှာ နှောင့်နှေးနေတာကို တွေ့ရပါတယ်။
ဘေစလီက သတင်းမီဒီယာတွေကို ဘရစ်ဇစ် (Brexit) နဲ့ ဒေါ်နယ်ထရန့် သတင်းထက် အငတ်ဘေးကြုံလို့ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ ကလေးငယ်တွေ အကြောင်းကို ပိုပြီး သတင်းလုပ်သင့်ကြောင်း ပြောပါတယ်။
အဖရိကတိုက်မှာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အဟာရချို့တဲ့ပြီး အာရှတိုက်မှာတော့ လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းရှိကြောင်း၊ လက်တင်အမေရိကနိုင်ငံတွေနဲ့ ကယ်ရီ ဘီယန်နိုင်ငံတွေမှာတော့ လူဦးရေရဲ့ ၇ ရာခိုင်နှုန်း ဝန်းကျင်ဟာ အဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် မြောက်အမေရိကနိုင်ငံများနဲ့ ဥရောပနိုင်ငံများရှိ ၈ ရာခိုင်နှုန်း (၂ ဘီလီယံ) သော လူတွေက အဟာရရှိပြီး လုံခြုံတဲ့ အစားအစာကို ပုံမှန် မစားသောက်ရဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ရဲ့ ရည်ရွယ်ချက်ကို ပြည့်မီဖို့အတွက် အစိုးရတွေက greenhouse ထုတ်လွတ်မှုတွေကို လျှော့ချပြီး စိုက်ပျိုးရေးအတွက် ထောက်ပံ့မှုတွေ လုပ်ဆောင်ရန် နဲ့ ပဋိပက္ခတွေကိုပြေငြိမ်းရန် အားစိုက် လုပ်ဆောင်ရမယ်လို့ ဒေးဗစ် ဘေစလီက ပြောပါတယ်။
MDN
ကိုးကား - AFP