နိုဝင်ဘာ ၁၅

ကမ္ဘာ့ကုလသမဂ္ဂ၏ခန့်မှန်းတွက်ချက်မှုအရ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ ရှစ်ဘီလီယံအထိ ရောက်ရှိလာကြောင်း သိရသည်။ အိန္ဒိယနှင့်အာဖရိကနိုင်ငံတို့တွင် လူဦးရေတိုးပွားမှုအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။

မိခင်နှင့်ကလေးများသေဆုံးမှုနှုန်းလျော့ကျလာပြီး ပျမ်းမျှသက်တမ်းပိုရှည်လာခြင်းကြောင့် လွန်ခဲ့သော ၁၂ နှစ်အတွင်း ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့်တိုးပွားလာကြောင်း သိရသည်။

အာဖရိကနှင့်တောင်အာရှနိုင်ငံအချို့တို့တွင် ဆက်လက်၍လူဦးရေသိသိသာသာတိုးပွားလာဖွယ်ရှိသည်ဟု ကုလသမဂ္ဂက ဆိုသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်လာဖွယ်ရှိကြောင်း ခန့်မှန်းတွက်ချက်ထားသည်။

ကမ္ဘာ့လူဦးရေသည် ၂၀၈၀ တွင် ၁၀ ဒသမ ၄ ဘီလီယံနီးပါးအထိ တိုးပွားလာနိုင်ပြီးထို့နောက်တွင် ကျဆင်းလာနိုင်သည်ဟု ခန့်မှန်းဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို