၃ ဩဂုတ်
ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ကူးစက်ခံရသူ ၁၈ သန်းကျော်အထိ ရှိသွားကြောင်း ဒီနေ့(တနင်္လာနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ခြောက်လကစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုကြောင့် ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် လူပေါင်း ၆၈၇,ဝ၀ဝ ကျော် ကမ္ဘာတစ်ဝန်းမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။
တချို့နိုင်ငံတွေမှာ ဗိုင်းရပ်စ်ရောဂါပိုး တကျော့ပြန် တွေ့ရှိမှုတွေ ဖြစ်လာတဲ့အတွက် သက်ဆိုင်ရာ အစိုးရတွေကနေ အသွားအလာ ကန့်သတ်မှုတွေကို နိုင်ငံ့စီးပွားရေးတွေ ထိခိုက်မှုရှိပေမယ့် ပြန်လည်ပြဋ္ဌာန်းလာတာမျိုးတွေ လုပ်ဆောင်လာပါတယ်။
ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားလာတဲ့အတွက် တနင်္ဂနွေနေ့ကစပြီး ည ၈ နာရီကနေ နံနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့်နဲ့အတူ တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှုကို စက်တင်ဘာ ၁၃ ရက်နေ့အထိ ပြဋ္ဌာန်းလိုက်ပါတယ်။
ကမ္ဘာ့တချို့ နေရာတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် အခက်အခဲနဲ့ တွေ့ကြုံနေရပါတယ်။
တောင်အာဖရိကနိုင်ငံမှာ အသွားအလာ ကန့်သတ်မှု ဖြေလျော့ပေးပြီးနောက် ဗိုင်းရပ်စ်ပိုး ကူးစက်သူဟာ ၅၀,ဝ၀ဝ ကျော်သွားကြောင်း သိရပါတယ်။
လက်တင်အမေရိက နိုင်ငံတွေထဲက ဘရာဇီးနဲ့ မက်ဆီကိုနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက် များပြာလာကို တွေ့ရပါတယ်။ ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂,၇၀ဝ,ဝ၀ဝ ကျော်ရှိနေသလို မက္ကဆီကိုနိုင်ငံမှာလည်း ၄၃၀,ဝ၀ဝ ကျော်ရှိသွားတာကို တွေ့ရပါတယ်။
ကမ္ဘာမှာ ကပ်ရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၈,၂၃၆,ဝ၇၃ ဦးနဲ့ သေဆုံးသူ ၆၉၂,၈၀၉ ဦးရှိကြောင်း ဩဂုတ် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား- AFP