နွေရာ သီကာလတွင် ရာ သီဥတုပူပြင်းသည်မှာ သဘာဝပင်ဖြစ်သော်လည်း ပုံမှန်ထက်လွန်ကဲသည့် ပူပြင်းမှုများ တစ်နှစ်ထက်တစ်နှစ်ပိုကဲလာသည်မှာ သက်ရှိများအတွက် စိုးရိမ်စရာဖြစ်လာသည်။ ရာသီဥတု တစ်စတစ်စ ပူပြင်းလာသည့် အဓိကအကြောင်းရင်းမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့် အလားတူ ဓာတ်ငွေ့ပမာဏများ ကမ္ဘာ့လေထုအတွင်း စံချိန်တင်မြင့်မားလာ၍ ဖြစ်ရသည်မှာ အငြင်းပွားဖွယ်မရှိချေ။
ထိုသို့သောအခြေအနေ မဖြစ်ပွားစေရေးအတွက် ကမ္ဘာမြေကိုကာကွယ်စောင့်ရှောက်ပေးနိုင်သည်မှာ သစ်တော၊ သစ်ပင်များဖြစ်ပြီး သစ်တော၊ သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုစုပ်ယူပေးသဖြင့် ကမ္ဘာကြီးမှာ ဥတုရာသီမျှတ၍ နေထိုင်ချင်စဖွယ်ဖြစ်ခဲ့ပါ သည်။ သို့သော် ယင်းအခြေအနေများမှာ ယိုယွင်းခဲ့ပြီး သစ်တော၊ သစ်ပင်များ ပြုန်းတီးမှုနှင့်အတူ ရာသီဥတုဖောက်ပြန်မှုများ၊ သတ္တဝါမျိုးစိတ်များ ပျောက်ကွယ်မှုများ စသည့် ဂေဟစနစ်ပျက်ယွင်းမှုများဖြစ်ပေါ်ခဲ့သည်။
ပျက်ယွင်းခြင်း၏ အကျိုးဆက်ကို ဤကမ္ဘာ ကြီးတွင် မှီတင်းနေထိုင်ကြသော ကမ္ဘာ့လူသားများနှင့် သတ္တဝါများ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်း သော အခြေအနေများနှင့်ရင်ဆိုင်ရပြီး သက်ရှိအားလုံးပျက်သုဉ်းရမည့်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ ယင်းကို ကျော်လွှားနိုင်ရန်အတွက် ကမ္ဘာ့ပြည်သူများ အားလုံးအား သစ်ပင်များစိုက်ပျိုးရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးကိုတိုက်တွန်းနှိုးဆော်ကြရမည် ဖြစ်သည်။
လက်ရှိတွင် လူသားများ၏အလိုဆန္ဒများနှင့် လောဘများကြောင့်သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့် အခြားဖန်လုံအိမ်ဓာတ်ငွေ့များကို လျင်မြန်စွာလျှော့ချဖြတ်တောက်နိုင်ရေးအခွင့်အရေးများနှင့် လုံးလုံးလျားလျားဝေးကွာနေသည်။ တစ်ဖက်တွင် သစ်ပင်စိုက်ပျိုးပြီး တစ်ဖက်တွင် သစ်ပင်များကိုထိန်းသိမ်းစောင့်ရှောက်ကာ အခြားတစ်ဖက်တွင် ဓာတ်ငွေ့များလျော့နည်းလာရေးအတွက်လူတို့၏လိုအင်များကို လျှော့ချကြရမည်ဖြစ်သည်။
ယင်းကို စတင်အကောင်အထည်မဖော်ပါက တစ်ကမ္ဘာလုံးရှိဂေဟစနစ်အားလုံး၊ သက်ရှိနှင့် လူသားအားလုံး အသက်ရှင်နေထိုင်မှုပုံစံများကိုဆိုးရွားစွာ ထိခိုက်လာနိုင်စရာအကြောင်းရှိပေသည်။ ကမ္ဘာမြေကိုကာကွယ်စောင့်ရှောက်ရန်အတွက် လွန်ခဲ့သည့်ကာလများမှစ၍ သိပ္ပံပညာရှင်များက သတိပေးပြောကြားခဲ့သလို ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ကလည်း ပြဿနာဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ သို့သော် အဆိုပါပြဿနာကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကမ္ဘာ့ ပြည်သူအားလုံး အသိစိတ်ဓာတ်ရှိစွာဖြင့် အလေးထားဆောင်ရွက်နိုင်မှသာ အကောင်အထည်ပေါ်မည် ဖြစ်သည်။
ယခုအခါ ကမ္ဘာကြီးပူနွေးလာမှုနှင့်နောက်ဆက်တွဲဆိုးကျိုးများကိုကမ္ဘာ့လူသားများ လက်တွေ့ကျကျ ခံစားနေရပြီဖြစ်သည်။ ကမ္ဘာကြီးတွင်ဖြစ်ပေါ်နေသော အပူချိန်မြင့်မားမှုကို ထိန်းသိမ်းနိုင်မှုမရှိလျှင် သဘာဝ ကပ်ဆိုးများကို ရုတ်တရက်ပိုမိုရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂမှပြောကြားထားသည်။ လေထုထဲသို့ ထုတ်လွှင့်လိုက်သောဓာတ်ငွေ့နှင့်လေထုထဲမှဖယ်ထုတ်နိုင်သောဓာတ်ငွေ့ အညီအမျှရှိရန် လိုအပ်ပေရာ လေထုထဲမှ ပူနွေးစေသောဓာတ်ငွေ့များလျော့ကျစေရန် များစွာကြိုးပမ်း အားထုတ်ရမည် ဖြစ်သည်။
ရာသီဥတုဆိုင်ရာပြောင်းလဲမှု၊ ဖောက်ပြန်မှုဆိုးကျိုးများကို အမျိုးမျိုး အဖုံဖုံ အသိပေးနှိုးဆော်လာခဲ့ကြသည်။ လက်တွေ့ကျကျ ဝိုင်းဝန်း အကောင်အထည်ဖော်ရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ ကမ္ဘာကြီးတွင် မှီတင်းနေထိုင်ကြသော လူသားများအားလုံးကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့် အခြားအလားတူ ဓာတ်ငွေ့များလျှော့ချနိုင်ရေးနည်းလမ်းရှာဖွေကြရမည် ဖြစ်သည်။ သို့မဟုတ်ပါက ဤကမ္ဘာကြီး ဖောက်ပြန်ပျက်စီးပြီး လူသားများဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဤကမ္ဘာမြေသည် တစ်နှစ်ထက်တစ်နှစ် ပူပြင်းမှုကိုဆိုးရွားစွာကြုံတွေ့လာပြီဖြစ်သည်။ ကမ္ဘာ့လေထုပူပြင်းမှုကို လျှော့ချပြီး ကမ္ဘာမြေအေးချမ်းရေး ထိန်းသိမ်းထားနိုင်ရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ လျှော့ချရမည်ဖြစ်ရာ နိုင်ငံများနှင့် အစိုးရများပူးပေါင်း၍ အဖွဲ့အစည်းများ၊ စေတနာရှင်လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်မှသာ ကမ္ဘာမြေ အေးချမ်းသာယာလာမည် ဖြစ်ပါကြောင်း။ ကြေးမုံ