ကမ္ဘာမြေအရှည်တည်တံ့ရေး နိုင်ငံများနှင့်လက်တွဲဆောင်ရွက်

 

လူသားများနှင့်သက်ရှိလောက ရှင်သန်ရပ်တည်နိုင်ရေးအတွက် ယနေ့ကမ္ဘာ ကြီးဖြစ်တည်လာသည်မှာ နှစ်သန်းပေါင်းများစွာ ရှိပြီဖြစ်သည်။ ကမ္ဘာကြီးမပျက်မစီးဘဲ အရှည်တည်ရှိနေနိုင်ရန်အတွက် ရေ၊ မြေ၊ လေတည်းဟူသော သဘာဝအကြောင်း တရားသုံးခုက ထောက်ပံ့ထားသည်။ အဆိုပါ ရေ၊ မြေ၊ လေ သဘာဝအကြောင်းတရား များပျက်စီးလျှင် ကမ္ဘာကြီးလည်း ပျက်စီးယိုယွင်းသွားမည်ဖြစ်သည်။ ထို့ကြောင့် သက်ရှိများ  ရှင်သန်နေထိုင်ရာကမ္ဘာကြီး  မပျက်စီးစေရေးအတွက်  သဘာဝပတ်ဝန်းကျင် မယိုယွင်းအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။

 

ကမ္ဘာကြီးပျက်စီးယိုယွင်းခြင်းမရှိစေရန် အဓိကကာကွယ်ထားသောအရာ တစ်ခုမှာ အိုဇုန်းလွှာဖြစ်သည်။ အိုဇုန်းလွှာဆိုသည်မှာ သိပ္ပံနည်းအရ အောက်ဆီဂျင် ဒြပ်သုံးခုပါဝင်သည့် အငွေ့အစုအဝေးမော်လီကျူးတစ်ခုဖြစ်သည်။ အိုဇုန်းဓာတ်ငွေ့သည်  အပြာရောင်ဖျော့ဖျော့ရှိပြီး  အလွန်အနံ့ပြင်းသည်။  ကမ္ဘာမြေပြင်အထက် ၁၉ မိုင်မှ ၂၅ မိုင်အတွင်းရှိသည့် သဘာဝအလျောက် ဖြစ်တည်နေသော ကမ္ဘာ့လေထု၏  ဒုတိယအလွှာဖြစ်သည်။  ကမ္ဘာ့လေထုနည်းတူ ကမ္ဘာကြီးလှည့်ပတ်ရာ လမ်းကြောင်းအတိုင်း လိုက်ပါနေသော အလွှာတစ်ခုဖြစ်သည်။ အိုဇုန်းလွှာသည် နေမှကမ္ဘာမြေသို့ကျရောက်လာသော  လူသားများကိုအန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပေးသည်။

 

ကမ္ဘာကြီးတွင် ရေထု ၇၁ ရာခိုင်နှုန်းခန့်၊ မြေထု ၂၉ ရာခိုင်နှုန်းခန့်ရှိပြီး မြေထုနှင့်ရေထုတွင် ရေခဲတောင်များ၊ ရေခဲပြင်များပါဝင်သည်။ ကမ္ဘာကို လွှမ်းခြုံထားသော အိုဇုန်းလွှာ ပေါက်ပြဲပျက်စီးလျှင် အလွန်ပြင်းသော နေရောင်ခြည်များ ရေခဲတောင်၊ ရေခဲပြင်များပေါ်သို့ တိုက်ရိုက်ကျရောက်ပြီး အရည်ပျော်ကာ ပင်လယ်ရေထုမြင့်တက် လာမည်ဖြစ်သည်။ အကယ်၍ အိုဇုန်းလွှာက ခရမ်းလွန်ရောင်ခြည်ကို မကာကွယ်နိုင်လျှင် ကမ္ဘာမြေနှင့်သက်ရှိများ ပျက်သုဉ်းမည့်အရေး ကြုံလာနိုင်သည်။ ထို့ကြောင့် အိုဇုန်းလွှာ၏ အရေးပါပုံနှင့် အကျိုးပြုပုံတို့ကို လူတို့သိရှိ နားလည်ကြပြီး အိုဇုန်းလွှာ မပျက်စီးရေး ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်လာသည်။

 

ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ၁၉၈၇ ခုနှစ်တွင် ကနေဒါနိုင်ငံ  မွန်ထရီရယ်မြို့၌  အိုဇုန်းလွှာ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီး ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြသည်။ ယခုနှစ်  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “၃၅ နှစ်တာ မွန်ထရီရယ် အောင်မြင်မှုခရီး- သက်ရှိတွေကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့” ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၃ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီး စေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် လန်ဒန်ပြင်ဆင်ချက်များတွင်  အဖွဲ့ဝင် အဖြစ်လည်းကောင်း၊  ၂၀၀၉  ခုနှစ်  ကိုပင်ဟေဂင် ပြင်ဆင်ချက်နှင့်  ၂၀၁၂  ခုနှစ်  ပေကျင်းပြင်ဆင်ချက်များတွင်  အဖွဲ့ဝင်အဖြစ် လည်းကောင်း ပါဝင်လက်မှတ်ရေးထိုးပြီး ထိထိရောက်ရောက်ပါဝင်ဆောင်ရွက်နေသည်။

 

မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေမည့်  ဒြပ်ပစ္စည်းများ  လျှော့ချရပ်ဆိုင်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကလိုရိုဖလူ ကာဗွန်တင်သွင်းမှုကို ၂၀၀၇ ခုနှစ်တွင်လည်းကောင်း၊ ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် ဓာတ်ငွေ့သုံး  မြင်းကောင်ရေ  ၂  ဒသမ  ၅  အောက်  လေအေးပေးစက်တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ ဗီယင်နာကွန်ဗင်းရှင်းနှင့် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ပါ ကတိကဝတ်များအရ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများပူးပေါင်းဆောင်ရွက်မှုကြောင့်  ကမ္ဘာကြီးကိုလွှမ်းခြုံထားသော အိုဇုန်းလွှာ အခြေအနေမှာ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းဖြင့် အခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

 

စာချုပ်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသဖြင့် ရာသီဥတု ပြောင်းလဲမှုအပေါ် ပိုမိုကျယ်ပြန့်သည့် အကျိုးသက်ရောက်မှုရှိလာသည်။ ရာသီဥတု ဆိုင်ရာစိန်ခေါ်မှုများကို နိုင်ငံအများ ပူးပေါင်းဖြေရှင်းရန်နှင့် အနာဂတ်မျိုးဆက်သစ်များအား အသိပညာများ လက်ဆင့်ကမ်းပေးပြီး ကမ္ဘာကြီးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် အရှိန်အဟုန်မပျက် ကြိုးပမ်းကြရမည်ဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းဆိုင်ရာများတွင် လေအေးပေးစက်ကို ပိုမိုအသုံးပြုကြရာ စွမ်းအင်ချွေတာနိုင်သော အအေးဓာတ်ထိန်းညှိသည့် နည်းလမ်းများဖြင့် ပေါင်းစပ်အသုံးပြုကြခြင်းဖြင့် အိုဇုန်းလွှာပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုတို့ကို လျှော့ချနိုင်မည့်အပြင် စားနပ် ရိက္ခာဆုံးရှုံးမှုများကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း။

 

ကြေးမုံ