နေပြည်တော်၊ ၆ ဒီဇင်ဘာ

နှစ်စဉ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့မြေဆီလွှာနေ့ ဂုဏ်ပြုအခမ်းအနားကို ယမန်နေ့က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ Virtual Meeting စနစ်ဖြင့် ကျင်းပသည်။

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦးက အမှာစကားပြောကြားကြသည်။ ယင်းနောက် မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေး အင်ဂျင်နီယာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစုစုဝင်းက ကမ္ဘာ့မြေဆီလွှာနေ့ သမိုင်းကြောင်းနှင့် မြေနှင့် ရေပြခန်းထားရှိရခြင်းအကြောင်းတို့အား ရှင်းလင်းပြောကြားသည်။

 

ကမ္ဘာ့မြေဆီလွှာနေ့ ဂုဏ်ပြုအခမ်းအနားတွင် မြေဆီလွှာဆိုင်ရာ Geographic Data Base အတွက် ဦးဆောင် ကြိုးပမ်းခဲ့မှုနှင့် Soil and Water Museum  ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့မှု၊ Soil Profile များ မြန်မာနိုင်ငံအနှံ့ သွားရောက်ဆောင်ရွက်ခဲ့မှု၊  Soil and Water Museum  အတွက် ပါဝင်ဆောင်ရွက်ခဲ့မှု၊  မြေနမူနာယူရန်နှင့်  Soil and Water Museum အတွက် လိုအပ်သော ကိရိယာများ၊ ရေ၊ မီးနှင့် ပြခန်းပြင်ဆင်ပေးမှုနှင့်  World Soil Day  ပန်းချီကားနှင့်  မှတ်တမ်းစာအုပ်များ ဖန်တီးမှုတို့အတွက် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

 

ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲရှိ မြေနှင့် ရေပြခန်းကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသော မြေဆီလွှာနှင့် မြေနမူနာဆိုင်ရာ မြေပုံများ၊ ဓာတ်ပုံမှတ်တမ်းများ၊ မြေဆီလွှာတိုက်စားမှု လျှော့နည်းရေးအတွက် ပညာပေးပုံစံငယ်များ၊ မြေဆီဓာတ်ခွဲသေတ္တာနှင့် ပညာပေးစာစောင်များ၊ စိုက်ပျိုးရေ၏ အရေးပါပုံ၊ စိုက်ပျိုးရေ အရည်အသွေးထိန်းသိမ်းခြင်းနှင့် ရေချွေတာသုံးစွဲခြင်းဆိုင်ရာ ပညာပေးမှတ်တမ်းနှင့် စာစောင်များအား ကြည့်ရှုအားပေးခဲ့ကြသည်။

 

ကမ္ဘာ့မြေဆီလွှာနေ့ကို နှစ်စဉ် ဒီဇင်ဘာလ (၅) ရက်နေ့အဖြစ် ၂၀၀၂ ခုနှစ်က စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်အလိုက် မြေဆီလွှာနေ့ကို ဂုဏ်ပြုသည့် ဆောင်ပုဒ်များထားရှိကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခု  ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့မြေဆီလွှာနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ "မြေဆီလွှာရှိ ဇီဝမျိုးကွဲများကို ကာကွယ်ခြင်းဖြင့် မြေဆီလွှာ ရှင်သန်မှုကို ထိန်းသိမ်းပါ (Keep Soil Alive, Protect Soil Biodiversity)" ဖြစ်ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ မြေနှင့် ရေပြခန်းကို ဂုဏ်ပြုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေမိုးသဲ