ကမ္ဘာမြေကိုကာကွယ်ဖို့ ပလတ်စတစ်သုံးစွဲမှု လျှော့ကြပါစို့

၂၃  ဇူလိုင်

မြန်မာနိုင်ငံတွင် ယခုနှစ်နွေရာသီသည် အပူချိန်များ စံချိန်သစ်တွေ တင်သွားသည်။ ပူတယ်လေ၊ ဆယ်နေကဲလို့ ပြောရမလား။ လှတောသားတွေပြောသလို ငရဲအိုးထဲရောက်နေသလားမှတ်ရလို့ ဆိုရမလား။ ပူချက်ကတော့ ကမ်းကုန်ပဲလေ။ တချို့က ပူတဲ့အကြောင်းရင်းကို သစ်ပင်တွေ မဆင်မခြင်ခုတ်လို့တဲ့။ သိပ္ပံပညာရှင်တွေကလည်း နေဂြိုဟ်က တဖြည်းဖြည်းကြီးလာလို့တဲ့ စုံနေတာပဲ။ သူတို့တွေ ပြောတဲ့အချက်တွေကိုလည်း အထောက်အထား ခိုင်ခိုင်မာမာနဲ့ပြောကြလို့ စိတ်ဝင်စားစရာ၊လက်ခံချင်စရာပါပဲ။ ဒါ့ကြောင့်ပဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေက သစ်ပင်တွေစိုက်ဖို့ နည်းလမ်းပေါင်းစုံကနေ ပညာပေးနေတယ်။ ကိုယ်တိုင်လည်းစိုက်ကြတယ်။ စိုက်ချင်တဲ့သူတွေကိုလည်း သစ်ပင်ပျိုးပင်တွေ ဝေငှကြတယ်။ ပြီးတော့ အဖိုးတန်ရေတွေကို ချွေတာသုံးစွဲဖို့၊ စနစ်တကျသုံးစွဲဖို့နဲ့ ပလတ်စတစ်များ သုံးစွဲမှုလျှော့ချရေးတို့ကိုလည်း ပညာပေးလျက်ရှိပါတယ်။ မြေကမ္ဘာကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့ ဆောင်ရွက်နေကြတာ အားရစရာပါပဲ။ တစ်ယောက်မှ တစ်မိသားစု၊ တစ်မိသားစုမှ တစ်ရပ်ကွက် စသည်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ရင် စိမ်းလန်းစိုပြည်တဲ့ မြန်မာနိုင်ငံ၊ ရာသီဥတုကောင်းမွန်တဲ့ မြန်မာနိုင်ငံဖြစ်လာမှာ မလွဲပါဘူး။

လူသားတို့အရေးမထားသော အပြစ်ခြောက်ပါး

လက်ရှိကမ္ဘာပေါ်တွင် သဘာဝကပေးသော လက်ဆောင်မွန်များကို လွယ်လွယ်ကူကူ ရယူသုံးစွဲနေသည်။ စီးပွားရေး၊ ကြီးပွားရေးအတ္တများ အမှောင်ဖုံး၍ သဘာဝကပေးသော လက်ဆောင်မွန်များကို တန်ဖိုးမထား၊ ဖျက်ဆီးသကဲ့သို့ ဖြစ်လာ နေသည်။ ရှားပါးလာသော ရေချို၊ ညစ်ညမ်းလာသောလေနှင့် ကျဉ်းမြောင်းလာသော မြေတို့ကြောင့် ကမ္ဘာကြီးသည် ပျက်စီးချို့ယွင်းမှု အရှိန်အဟုန်မြန်မြန်ဖြစ်လာနေသည်။ ဘယ်သူမပြု၊ မိမိမှုပင် ဖြစ်သည်။ အသိဉာဏ် အဆင့်မြင့်သော၊ တွေးခေါ် မြော်မြင်နိုင်မှုမြင့်မားသော လူတို့ကြောင့်ပင်ဖြစ်သည်။ သဘာဝကပေးသော နေရာမြေ၊ သောက်စရာရေနှင့် ရှူစရာလေတို့ကို အလကားနီးနီးလောက်ရနေသဖြင့် တန်ဖိုးထားရကောင်းမှန်း မသိပေ။ ထိုမြေ၊ လေနှင့် ရေတို့ကို ထာဝစဉ်ရရှိမည်ဟု ထင်မြင်ယူဆနေကြသည်။ ထို့ကြောင့်ပင် လူသားတို့၏ အပြစ်ခြောက်ပါးကို သဘာဝပတ်ဝန်းကျင် ပညာရှင်များက သတိမူမိစေရန်နှင့် ဆင်ခြင်မိနေစေရန် ဖော်ပြကြသည်။

လူသားတို့က အရေးမကြီးဟုထင်မြင်ယူဆကာ အပြစ်ခြောက်ပါးကို ကျူးလွန်နေကြ၍ ကမ္ဘာကြီးသည် တဖြည်းဖြည်း ခံနိုင်ရည်စွမ်းရည်၊ တည်ငြိမ်မှုစွမ်းရည်၊ အကျိုးပြုပေးနိုင်မှု စွမ်းရည်များ ခြောက်ခန်းလာနေသည်။ လူသားတို့၏ အပြစ်ခြောက်ပါးဖြစ်သည့် သဘာဝအရင်းအမြစ်များသည် သုံးမကုန်၊ စားမကုန်ဖြစ်နေသည်ဟုလည်းကောင်း၊ သဘာဝသည် လူသားတို့ ထုတ်လုပ်၊ သုံးစွဲ၊ စွန့်ထုတ်လိုက်သော အညစ်အကြေး မှန်သမျှကို စုပ်ယူသိမ်းဆည်း လက်ခံနိုင်သည်ဟု လည်းကောင်း၊ သဘာဝမျိုးစိတ်များကို အလေးမထား၊ ဂရုမပြုဘဲ နောင်မျိုး စိတ်တွေထပ်ရှိလာမည်ဟု သဘောထား၍ အစွမ်းကုန်ဖျက်ဆီး နေ၍လည်းကောင်း၊ မိမိတို့၏ ခန္ဓာကိုယ်သည် မိမိတို့ထုတ်လုပ်သော ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်သည်၊ ခုခံနိုင်သည်ဟု အထင်တကြီး ယုံကြည်လက်ခံနေ၍ လည်းကောင်း၊ သဘာဝကပေးအပ်သော အရင်းအမြစ်များ အားလုံးကို သိပ္ပံနည်းပညာဖြင့် ပြုလုပ်နိုင်သည်ဟု စိတ်ကြီးဝင် နေ၍လည်းကောင်း၊ လူ့အဖွဲ့အစည်းကို နည်းပညာများဖြင့် လွယ်လွယ်ကူကူပင် အုပ်ချုပ်၊ စီမံ၊ ခန့်ခွဲနိုင်သည်ဟု ခပ်လွယ်လွယ် ယူဆနေကြ၍ လည်းကောင်း၊ သဘာဝကိုအလေးမထားဘဲ အဆိုပါအပြစ်ခြောက်ပါးကို ထမင်းစားရေသောက်ပမာ လွယ်လွယ်ကျူးလွန်နေကြသည်။

နှစ်ထောင်ချီကြာ မဆွေးမြည့်နိုင်သော ပလတ်စတစ်ညစ်ညမ်းမှု

ငယ်ငယ်က အဘွားဖြစ်သူမှလည်း ပြောပြဖူးသည်။ “ရာသီဥတုဖောက်ပြန်မှာပေါ့။ လူတွေကသဘာဝတရားကြီးကို သစ္စာမှ မရှိကြတာပဲတဲ့” သစ်ပင်တွေကို လွယ်လွယ်ခုတ်နေကြတယ်။ မြေအောက်ရေတွေကို အဆမတန် ထုတ်ယူသုံးစွဲတယ်။ အညစ်အကြေးတွေကို လွယ်လွယ်စွန့်ထုတ်တယ်။ သဘာဝတရားကြီးကို အန်တုပြီးထုတ်ထားတဲ့ ပလတ်စတစ်တွေကို ဗုံးပေါလအော သုံးစွဲနေကြတယ်တဲ့။ မကြာမီလူတွေကြောင့် ကမ္ဘာကြီးအချိန်မတန်ခင် ပျက်စီးသွားလိမ့်မယ်တဲ့။ လူသားတွေ ကျူးလွန်နေကြတဲ့ ကမ္ဘာကြီးကို အပြစ်လုပ်မိစေတဲ့၊ လူသားတို့ရဲ့ အပြစ်ခြောက်ပါးကို ကိုယ်တိုင် သိမြင်ဆင်ခြင်နိုင်မှ၊ ပြန်လည်အစားထိုးနိုင်မှ ကမ္ဘာကြီးလည်း သက်ရှည်ကျန်းမာမယ်။ လူသားတွေလည်း သက်ရှည်ကျန်းမာမယ်တဲ့လေ။

တလောက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနရှိ တိုင်းဒေသကြီး ဦးစီးမှူး ရုံးတစ်ရုံးက ပလတ်စတစ်ရေဘူးတွေနေရာမှာ ဖန်ဘူး၊ ဖန်ခွက်နဲ့ အစားထိုးပြီး အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်။ အတုယူစရာလုပ်ဆောင်မှုလို့ ကျွန်တော်ထင်တယ်။ အခမ်းအနား တစ်ခုလုပ်ပါက သုံးစွဲလိုက်ရတဲ့ ပလတ်စတစ်ရေသန့်ဘူး နည်းတာမဟုတ်ပေ။ အခမ်းအနားတစ်ခုပြီးဆုံးပါက သုံးစွဲလိုက်ရသော ရေသန့်ဘူးခွံတွေကို သန့်ရှင်းရေးသမားတွေ ကလည်း သိမ်းဆည်းတယ်။ မြေကြီးထဲရောက်တာတွေရှိတယ်။ မီးရှို့ဖျက်ဆီး လိုက်တာတွေရှိတယ်။ ရောင်းတာတွေ ရှိတယ်။ ဝယ်သူကလည်း အရည်ကျိုကာ အခြားပလတ်စတစ် အသုံးအဆောင်တွေ ပြန်လည်ထုတ်လုပ်ကြတယ်။ အဲဒီ ပလတ်စတစ်ဘူးခွံ မြေကြီးထဲရောက်သွားရင် နှစ်ထောင်ချီ မပျက်မစီးရှိနေတတ်တယ်။ မီးရှို့လိုက်ရင်လည်း ပလတ်စတစ် ညှော်နံ့တွေကြောင့် ရောဂါရတယ်။ ဘာများကောင်းတာရှိလို့လဲ။ ငွေကုန်တယ်၊ ရောဂါရတယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေ တယ်။ ရုံးတိုင်း၊ အိမ်တိုင်းမှာ ရေကို ဖန်ဘူး၊ ဖန်ခွက်လေးတွေနဲ့ ဧည့်ခံကြရင်၊ အသုံးပြုကြရင် ပလတ်စတစ်ကိုလည်း သုံးစွဲမှု ချွေတာရာရောက်တယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေဘူး။ ငွေကိုလည်း ချွေတာရာရောက်တယ်။ ဒါလောက် ကောင်းတဲ့ ဆောင်ရွက်မှုမျိုးကို ကျွန်တော်တို့ အတုယူသင့် ပါတယ်။ တဖြည်းဖြည်းနဲ့ ပြောင်းလဲအသုံးပြုသင့်ပါတယ်။ ဤကဲ့သို့လူသားတို့၏ နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ စားသောက်မှုပုံစံတွေကြောင့် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ဖြစ်မှာ စိုးရိမ်မိတယ်။

ကျွန်တော်တို့ လူသားတွေထင်သလို ကမ္ဘာကြီးကပေးအပ်ထားသော သဘာဝအရင်းအမြစ်များသည် သုံးမကုန်၊ စားမကုန်ရှိနေသည်ဟု အထင်မမှားသင့်ပေ။ အချိန်အတိုင်းအတာ ရှိသည်။ လူသားတို့၏ ဂရုစိုက်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ အားပေးကူညီမှုတို့ဖြင့် စောင့်ရှောက်ထိန်းသိမ်းမှသာလျှင် ရေရှည်အသုံး ပြုနိုင်မည်ဖြစ်သည်။ သုံးမကုန်၊ စားမကုန် ပေးထားသည်ဟု ထင်မြင်ပါကမူ မကြာမီသဘာဝအရင်းအမြစ်များသည် ကုန်ဆုံး ပြီး လူသားကမ္ဘာလည်း ပျက်စီးသွားမှာ စိုးထိတ်မိပါသည်။

ထို့အပြင် သဘာဝသည် လူသားတို့စွန့်ထုတ်သော အညစ်အကြေးမှန်သမျှကို စုပ်ယူသိမ်းဆည်းနိုင်သည်ဟု အမြင်မှားနေမှုကိုလည်း ပယ်ဖျောက်ထားသင့်သည်။ သဘာဝမိခင်မြေကြီးအတွက် အာဟာရဖြစ်စေမည့် အညစ်အကြေး များများသာ စုပ်ယူနိုင်ပြီး ပလတ်စတစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများကိုမူ မစုပ်ယူ မဖျက်ဆီးနိုင်ပေ။ ကမ္ဘာမြေကြီးအတွက် အန္တရာယ်ရှိသော စွန့်ပစ်မှုများဖြစ်နေသည်ကို သတိထားသင့်သည်။

သက်ရှိများနှင့် သဘာဝမျိုးစိတ်များ သေကျေပျက်စီးကြရ

သဘာဝမျိုးစိတ်များမှာ အသစ်တစ်ဖန်ရှင်သန်နေမည်ဟု ထင်မှားနေမှုများကိုလည်း စဉ်းစားသင့်သည်။ သဘာဝက ပေးအပ်ထားသော မျိုးစိတ်လေးသန်းခန့်သည် လူသားတို့၏ မဆင်မခြင်ဆောင်ရွက်မှုများကြောင့် ကွယ်ပျောက်သွားပြီဖြစ် သည်။ ဆက်လက်၍လည်း အပင်များ၊ တိရစ္ဆာန်များ၊ မြေဆီလွှာများသည် အရှိန်အဟုန်ဖြင့် ကွယ်ပျောက်နေသည်။ သတိထား ဆင်ခြင်ကာ သုံးစွဲမှသာလျှင် သဘာဝမျိုးစိတ်များကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လူသားတို့၏ အနာဂတ် မျိုးဆက်သစ်များအတွက် သဘာဝကပေးသော မျိုးစိတ်များကို ကာကွယ်သင့်သည်။ ထိန်းသိမ်းစောင့်ရှောက်သင့်ပါသည်။

ပလတ်စတစ်ပန်းနှင့် သဘာဝပန်းများ ရောစပ်ထားသော ပန်းဥယျာဉ်ထဲတွင် ပျားများသည် ပန်းအစစ်ထံမှသာ ဝတ်ရည်စုပ်မည်မှာ အသေအချာပင်ဖြစ်သည်။ သိပ္ပံပညာဖြင့်သဘာဝ တရားကြီးကိုတုပခဲ့ရာမှ ပလတ်စတစ်ကဲ့သို့ ပစ္စည်းများကြောင့် သဘာဝတရားကြီးသည် ပျက်စီးလာနေသည်။ လူတွေသေကျေ ရောဂါရကြသည်။ ကမ္ဘာကြီးမရှိပါက၊ လူသားများ ပျောက်ကွယ်ပါက၊ သိပ္ပံပညာသည်လည်း နတ္ထိဖြစ်သွားမည်ကို ဂရုပြုသင့်ပါ သည်။

ပလတ်စတစ်ပစ္စည်းများကို မဆင်မခြင်သုံးစွဲနေမှုတွေကြောင့် စက္ကန့် ၃၀ တိုင်း လူတစ်ဦးသေဆုံးနေသတဲ့လေ။ အံ့ဩထိတ်လန့်စရာပင် ဖြစ်ပါတယ်။ ပြီးတော့ ပလတ်စတစ်ပစ္စည်းတွေကြောင့် ကင်ဆာရောဂါအပါအဝင် အခြားဆက်နွှယ်သော ရောဂါတွေကြောင့် နှစ်စဉ်လူသားတစ်သန်းခန့် အသက်သေ ဆုံးလျက်ရှိနေကြတယ်လို့ မီဒီယာများတွင် ဖော်ပြထားချက်များအရ သိရှိရပါတယ်။ မကြာမီကလည်း ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အနက်ကို တိုင်းတာတဲ့အဖွဲ့ဟာ ပေတစ်သောင်းကျော်အနက်သို့ အရောက်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ထူးခြားစွာ တွေ့ရလို့ အံ့ဩမှုဖြစ်ရတယ်လို့ ဆိုပါတယ်။ ပလတ်စတစ်တွေကို အစာအမှတ်စားမိတဲ့ ကုန်းနေ၊ ရေနေသတ္တဝါတွေ သေကျေပျက်စီးကြရတာတွေကိုလည်း တွေ့မြင်နေရလို့ စိတ်မကောင်း ဖြစ်မိပါတယ်။

ကမ္ဘာ့မြေထု၊ ရေထု၊ လေထုအတွင်းမှာ ပလတ်စတစ်နဲ့ ပတ်သက်တဲ့ အန္တရာယ်ရှိပစ္စည်းတွေ ဘယ်လောက်ထိ ပျံ့နှံ့နေပြီလဲ မသိနိုင်ပေ။ သို့သော် သိသာသည့်အချက်များမှာ ပလတ်စတစ်ပစ္စည်းများကြောင့် ဖြစ်သောရောဂါများ ပိုမို ဖြစ်ပွားလာနေသည်။ ဆေးရုံ၊ ဆေးခန်းတွေ ပိုမိုဖွင့်လှစ်လာကြသည်။ ကျန်းမာရေးအတွက် အသုံးစရိတ်များ ပိုမိုသုံးရသဖြင့် တစ်ဦးချင်းဝင်ငွေများ နည်းပါးသွားကြသည်။ လူ့စွမ်းအားအရင်း အမြစ်များဆုံးရှုံးရသည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အန္တရာယ်ရှိလာသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းသူများက အသိပညာပေးမှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ပလတ်စတစ်လျှော့ချသုံးရာ ပတ်ဝန်းကျင်ကို ထိန်းသိမ်း

ထို့ကြောင့်ပင် မြန်မာနိုင်ငံရှိ တချို့သောဆိုင်များတွင် ကိုယ်ပိုင်အိတ်ဖြင့်ဈေးဝယ်လာပါက ချိုချဉ်၊ သကြားလုံးများ လက်ဆောင်ပေးခြင်း၊ စားသောက်ဆိုင်များတွင် ချိုင့်ဖြင့် လာရောက်ဝယ်ယူပါက ဟင်းများအပိုထည့်ပေးခြင်း၊ သဘာဝ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် ထည့်စရာအိတ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်နေသော်လည်း ပလတ်စတစ်ရေသန့်ဘူးယဉ်ကျေးမှုသည် ပို၍ပို၍ များပြားလာနေပါသည်။ ပညာပေးမှုများရှိသော်လည်း လိုက်နာ ဆောင်ရွက်မှုမရှိခြင်းမှာ အတ္တ၊ လောဘသားများကြောင့်လား၊ အပြစ်ခြောက်ပါးကို မသိ၍ပဲလား မသိနိုင်ပေ။

သို့ဖြစ်ပါ၍ အတ္တ၊ လောဘ၊ ဒေါသကင်း၍ ကိုယ်ချင်းစာ တရား၊ မေတ္တာတရားပြည့်ဝသော စိမ်းလန်းစိုပြည်သည့် နိုင်ငံ ဖြစ်လာစေရေးအတွက် ပြည်သူများအားလုံးမှ လိုက်ပါ ဆောင်ရွက်ကြစေချင်ပါသည်။ အပြုံးပန်းတွေဝေဆာပြီး သန့်စင်သော လေကိုရှူ၍ အေးမြကြည်လင်သောရေကို ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်သည့်စိတ်ဓာတ်များ ကိန်းအောင်းစေချင်ပါသည်။ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများနေရာတွင် ရေရှည်အသုံးပြုနိုင်သည့် အန္တရာယ်ကင်းပစ္စည်းများဖြင့် အစားထိုး သုံးစွဲစေချင်ပါသည်။ အနာဂတ်မျိုးဆက်များအတွက် သန့်စင်သောက္ဘာမြေကို လက်ဆောင်အဖြစ်ပေးအပ်ရန် စံနမူနာကောင်များ ပြပေးစေချင်ပါကြောင်း စေတနာထား တိုက်တွန်းအပ်ပါသည်။ ။

နိုင်ဦး (DOCA)