ကမ္ဘာမြေကျန်းမာဖို့ ပလတ်စတစ်ကို ရှောင်ကြဉ်စို့

 

 

တင်ထက်ထက်ဇော်

 

ပလတ်စတစ်သမိုင်း

 

၁၉၀၇ ခုနှစ်က အမေရိကန်နိုင်ငံ နယူးယောက်တွင် ဘယ်လ်ဂျီယံနိုင်ငံသား ဓာတုဗေဒပညာရှင် Leo Baekaland က Synthetic Plastic ကို စတင်တီထွင်ထုတ်လုပ်ခဲ့ပါသည်။ Plastic ဆိုသော ဝေါဟာရသည် ဂရိဘာသာစကား Plastikos က ဆင်းသက်လာပြီး “ပုံဖော်နိုင်စွမ်း၊ ပုံသွင်းနိုင်စွမ်း ရှိသော - Capable of being shaped or molded” ဟု အဓိပ္ပာယ်ရသည်။

 

ထိုကာလ၌ အမေရိကန်နိုင်ငံတွင် လျှပ်ကာပစ္စည်းအဖြစ် အသုံးပြုနေကြသည့် ချိပ်အလွှာ (shellac) တွင် အစားထိုးအသုံးပြုရန် ပလတ်စတစ်ကို ကုန်ကြမ်းပစ္စည်းအသစ်အဖြစ် စမ်းသပ်ရှာဖွေ တွေ့ရှိခဲ့သည်။ ချိပ်သည် သဘာဝသစ်တောထွက် ပစ္စည်းဖြစ်သဖြင့် အကန့်အသတ်ရှိကာ လိုသလောက်မရနိုင်ပေ။ ပလတ်စတစ်ကမူ (က) ပလတ်စတစ် ရုပ်ကြွင်းလောင်စာကို အခြေခံပြီး ပေါပေါများများ လိုသလောက် ထုတ်လုပ်နိုင်ခြင်း၊ (ခ) လျှပ်စစ်ပစ္စည်းများတွင် လျှပ်စီးကြောင်းကို ကောင်းစွာတားဆီးနိုင်ခြင်း၊ (ဂ) ပလတ်စတစ်၏ သဘောသဘာဝက flexible ဖြစ်သဖြင့် လိုအပ်သော ပုံစံကို အလွယ်တကူ ထုတ်လုပ်၍ရခြင်း စသည့် အားသာချက်များ ရှိကြသည်။

 

ဤသို့ဖြင့် အမေရိကန်နိုင်ငံတွင် ပလတ်စတစ်ပစ္စည်းအသစ်များ ထုတ်လုပ်မှုသည် ၁၉၂၀ ပြည့် နှစ်ဝန်းကျင်တွင် စတင်ကျယ်ပြန့်လာခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း အမေရိကန်တွင် ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်မှုသည် ရာခိုင်နှုန်း ၃၀၀ အထိ တိုးပွားလာခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ဓာတုပစ္စည်းများနှင့် စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ပလတ်စတစ်မျိုးစုံ ထုတ်လုပ်မှုကလည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ပလတ်စတစ်ကုန်ကြမ်း အမျိုးမျိုးအပြင် မော်တော်ကားပစ္စည်းများ၊ အိမ်သုံး ပရိဘောဂပစ္စည်းများသာမက စက္ကူ (paper)၊ ဖန် (glass) အစားထိုးအဖြစ် ပလတ်စတစ်ပစ္စည်းများကို အသုံးပြုလာခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်ဝန်းကျင် တွင် အမေရိကန်နိုင်ငံတွင်းသာမက အမေရိကန်ပြင်ပ အခြားသောနိုင်ငံအများအပြားသို့ ပလတ် စတစ်အသုံးပြုမှု ပြန့်ပွားလာခဲ့ပြီး ဈေးကွက်များ ချဲ့ထွင်လာခဲ့ကြရာ ထိုကာလ၌ ပလတ်စတစ်ပစ္စည်းမျိုးစုံ မက်ထရစ်တန်ချိန်ပေါင်း နှစ်သန်း ထုတ်လုပ် ခဲ့သည်။ ၂၀၁၉ ခုနှစ် ရောက်သည့်အခါ မက်ထရစ် တန်ချိန်ပေါင်း ၃၆၈ သန်းအထိ ထုတ်လုပ်လာခဲ့ပြီး ၂၀၂၈ ခုနှစ်ရောက်လျှင် ဝယ်လိုအားများသဖြင့် မက်ထရစ်တန်ချိန်ပေါင်း သန်း ၅၀၀ နီးပါး ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း ပညာရှင်တွေက ခန့်မှန်းထား ပါသည်။

 

လူတွေဘာကြောင့် ပလတ်စတစ်ကို အသုံးများကြသနည်း

 

ခေတ်အဆက်ဆက်တွင် ပလတ်စတစ်ပစ္စည်းများကို ထုတ်လုပ်ရောင်းချသူများရော၊ သုံးစွဲသူများပါ သည်းခြေကြိုက် ဖြစ်နေကြသည်။ အကြောင်းမှာ ပလတ်စတစ်ပစ္စည်းများကို ထုတ်လုပ်ရောင်းချသူဘက်ကကြည့်လျှင် (က) ကုန်ကြမ်းပစ္စည်းက ဈေးမများသည့်အပြင် အလွယ်တကူပစ္စည်းများများ ထုတ်လုပ်နိုင်သဖြင့် ကုန်ကျစရိတ်နည်းနည်းနှင့် အမြတ်အစွန်းကြီးကြီးရ၍ တွက်ခြေကိုက်ခြင်း၊ (ခ) လိုသလို ပုံသွင်း၍ရပြီး အရောင်စုံထည့်၍ရသဖြင့် ရောင်းပန်းလှခြင်း၊ (ဂ) သံထည်ပစ္စည်းမဟုတ်သဖြင့် သံချေးကိုက်ခြင်းမရှိ၊ (ဃ) သစ်သားထည် မဟုတ်သဖြင့် ကျုံ့ခြင်း၊ ကြွခြင်းမရှိ ခြစားမည်ကိုလည်း စိတ်မပူရ၊ ကာလကြာရှည်ပစ္စည်းကို သိုလှောင်နိုင်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ထုတ်လုပ်ရောင်းချကြပါသည်။ ကြွတ်ကြွတ်အိတ်များ၊ တစ်ခါသုံး ရေသန့်ဘူးခွံ၊ ကလေးကစားစရာ အမျိုးမျိုးမှအစ အိမ်ဆောက်ပစ္စည်းအဆုံး ပလတ်စတစ်သုံးကာ ထုတ်လုပ်ကြသည်။

 

သုံးစွဲသူဘက်က ကြည့်လျှင် (က) ပေါ့ပေါ့ပါးပါး သယ်ဆောင်ရလွယ်ခြင်း၊ (ခ) ဈေးနှုန်း အလွန်သက်သာသော်လည်း ကြာကြာသုံးနိုင်သဖြင့် ငွေကြေးအရတွက်ခြေကိုက်ခြင်း၊ (ဂ) အရောင်နှင့် ဒီဇိုင်းများက ဆွဲဆောင်မှုရှိခြင်း စသည်ဖြင့် ပေါချောင် ကောင်းပစ္စည်းဖြစ်၍ ဝယ်လိုအားများကြသည်။ ထို့ကြောင့် အိမ်ထောင်စုတစ်ခုစီတွင် လူသုံးကုန် ပစ္စည်းများ၏ သုံးပုံတစ်ပုံကျော်က ပလတ်စတစ်ကို အခြေခံပြီး ထုတ်လုပ်ထားသည့်ပစ္စည်းများ ဖြစ်နေကြသည်။

 

ရှေးရှေးက ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ဖြစ်ပြီး ၁၉ ရာစုနှစ်လယ်မှစ၍ ယခု ပစ္စုပ္ပန်ခေတ်ကို “ပလတ်တစ်ခေတ်” ဟု ခေါ်ဆိုရမည့်ကိန်း ဆိုက်နေပါသည်။

 

ပလတ်စတစ်ဆိုးကျိုးအမျိုးမျိုး

 

ပလတ်စတစ်ပစ္စည်းများသည် ကမ္ဘာကြီး၏ ဂေဟစနစ်အား ဖျက်ဆီးနေပြီဖြစ်ကြောင်း ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၏ လေ့လာဖော်ထုတ်ချက်အရ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွင် စတင်တွေ့ရှိလာခဲ့ပါသည်။ ပလတ်စတစ်ဆိုးကျိုးများက စာဖွဲ့၍ မကုန်နိုင်ပါ။ ကုန်း၊ ရေ၊ လေ သက်ရှိ သက်မဲ့ အရာအားလုံးကို ပလတ်စတစ်က မညှာ မတာ ဖျက်ဆီးပစ်ပါသည်။

 

စက္ကူ၊ သစ်သားတို့က ဆွေးမြည့်ပျက်စီးလွယ် သော်လည်း ပလတ်စတစ်အပိုင်းအစလေးတစ်ခု ပျက်စီးသွားရန် အနှစ် ၇၀၀ ကြာမြင့်ပြီး အလုံးစုံ ပျက်စီးဆွေးမြည့်ဖို့က အနှစ် ၁၀၀၀ အထိ ကြာပါသည်။ သာဓကဆိုရပါမူ လူ့သက်တမ်းကို ပျမ်းမျှအသက် ၇၀ ဖြင့်တွက်လျှင် ထိုသူစွန့်ပစ်လိုက် သော ပလတ်စတစ်အမှိုက်တစ်စက သူ နောင် ဆယ်ဘဝမက ကြာမြင့်သည်အထိ ပလတ်စတစ် အမှိုက်က မပျက်စီးမဆွေးမြည့်နိုင်သေးပေ။ ထို့ကြောင့် အလွန်စိုးရိမ်ဖွယ်ဖြစ်ပါသည်။

 

ပလတ်စတစ်အမှိုက်က ပေါ့ပါးလွန်း၍ လေနှင့်အတူသော်လည်းကောင်း၊ ရေစီးကြောင်းဖြင့် သော်လည်းကောင်း နေရာအနှံ့အပြား ရောက်ရှိသွား ပါသည်။ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်တွင်လည်း ပလတ်တစ်အမှိုက်များ ရှိနေပါသည်။ ကုန်းပေါ် ရှိ ပလတ်စတစ်က မြေဆီလွှာကို ပျက်စီးဆုံးရှုံးစေသဖြင့် လယ်ယာသီးနှံများနှင့် စားပင်သောက်ပင် များ မဖြစ်ထွန်းတော့ပေ။ ထို့ပြင် မြေဆီလွှာ ပျက်စီးမှုကြောင့် သစ်ပင်များ မဖြစ်ထွန်းတော့ဘဲ မိုးလေဝသရာသီဥတုလည်း မမှန်နိုင်တော့ပေ။

 

လူသူအရောက်အပေါက်နည်းလှသည့် ကျွန်းများတွင်လည်း ပလတ်စတစ်အမှိုက် ရှိနေကြပါသည်။ အကြောင်းမှာ ငါးစက်လှေများ သုံးလို့မရတော့သည့် ငါးဖမ်းပိုက်များကို ရေထဲသို့ အလွယ်တကူ စွန့်ပစ်ခြင်း၊ လမ်းမပေါ်ကို ပရမ်းပတာစွန့်ပစ်ထားသည့် အမှိုက်များက မိုးရွာချိန်တွင် ရေမြောင်းများမှ တစ်ဆင့် မြစ်ချောင်း၊ အင်းအိုင်များသို့ စီးဝင်ပြီး ပင်လယ်သမုဒ္ဒရာအထိ ရောက်သွားတတ်ကြပါသည်။ ထိုအခါ ပင်လယ်သမုဒ္ဒရာကြမ်းပြင်တွင် ပလတ်စတစ်အမှိုက်များ စုပုံနေကြသည်။ ထိုအခါ ရေနေသတ္တဝါများဖြစ်ကြသည့် ပင်လယ်ငှက်၊ ငါး၊ လိပ်၊ ဖျံတို့က ပလတ်စတစ်များကို အစာအမှတ်ဖြင့် စားမိကြကာ အစာမချေဖျက်နိုင်တော့ဘဲ သေကြရ ပါသည်။ ၂၀၅၀ ပြည့်နှစ်ရောက်လျှင် ပင်လယ် သမုဒ္ဒရာထဲရှိ ပလတ်စတစ်အမှိုက် အလေးချိန် ပမာဏက ရေနေသတ္တဝါများထက် ပိုများနေမည် ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။ ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင်အစီအစဉ် (UNEP) က ယခုအခါ သမုဒ္ဒရာအတွင်းရှိ ပလတ်စတစ် ပမာဏသည် တန်ချိန် ၇၅ သန်းမှ ၁၉၉ သန်းအထိ ရှိမည်ဟုလည်း မကြာသေးမီက ခန့်မှန်းထားပါသည်။

 

ပလတ်စတစ်အမှိုက်များသည် ရာသီဥတုဒဏ် ကြောင့်သော်လည်းကောင်း၊ နေရောင်ခြည်က ပါလာသည့် ခရမ်းလွန်ရောင်ခြည်ကြောင့် လည်းကောင်း ကြွပ်ဆတ်ပြီး အပိုင်းအစလေးသဖွယ် ဖြစ်သွားသည်။ ထိုအပိုင်းအစလေးများကို ကုန်းနေ ရေနေသတ္တဝါများက စားမိသည်။ ဆက်လက်၍ ၎င်းသတ္တဝါများကို လူတို့က စားကြသည်။ ထိုအခါ လူတို့၏ဝမ်းဗိုက်ထဲကို ပလတ်စတစ်အမှုန်များ ရောက်ကုန်သည်။ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံ ရှစ်နိုင်ငံက လူတို့၏မစင်ကို နမူနာယူ စစ်ဆေးကြည့် ရာ ပလတ်စတစ်များပါနေကြောင်း စိုးထိတ်ဖွယ် တွေ့ရှိရသည်။

 

လေထုထဲရောက်နေသည့် ပလတ်စတစ်အမှုန် များက လူသားတို့၏ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်နိုင်သလို သောက်ရေသုံးရေများမှာ လည်း ပလတ်စတစ်အမှုန်များ ပါရှိနေသဖြင့် လူတို့နေ့စဉ် ရေသောက်ရင်းဖြင့် ပလတ်စတစ်များက ဝမ်းဗိုက်ထဲ ရောက်မှန်းမသိ ရောက်နေပါသည်။ ထိုအခါ ကုသရန် ခက်ခဲသောရောဂါများနှင့် ကင်ဆာ ရောဂါအမျိုးမျိုးတို့ ဖြစ်ပေါ်စေပြီး လူ့သက်တမ်း တိုတောင်းလာနိုင်ပါသည်။

 

ကုန်း၊ ရေ၊ လေ ဂေဟစနစ်များ ပျက်စီးဆုံးရှုံး ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အစာရေစာ ရှားပါးလာနိုင်ပါသည်။ ထို့ကြောင့် ပလတ်စတစ် သုံးစွဲမှုကို ယခုအချိန်မှစ၍ လုံးဝ မချုပ်ထိန်းနိုင်ပါက မျိုးဆက်သစ် လူ၊ တိရစ္ဆာန် သက်ရှိအားလုံးအတွက် အငတ်ဘေးဆိုက်နိုင်ပါသည်။

 

ပလတ်စတစ်အသုံးပြုမှု လျှော့ချနည်း

 

ပလတ်စတစ်၏ ဆိုးမွေများကြောင့် ပလတ် စတစ်အသုံးပြုမှုကို လျှော့ချဖြတ်တောက်ဖို့ လိုပါသည်။ တစ်ခါသုံး ပလတ်စတစ်အိတ် သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ စက္ကူအိတ်ကဲ့သို့သော အလွယ်တကူဆွေးမြည့် နိုင်သည့် ထုပ်ပိုးပစ္စည်းများကိုသာ အသုံးပြုခြင်းဖြင့် ဓလေ့ကောင်းကို ကျင့်ကြံမွေးမြူရပါမည်။ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၀၂ ခုနှစ် (လွန်ခဲ့သော အနှစ်နှစ်ဆယ်)ကပင် ပလတ်စတစ်အိတ်များကို ပိတ်ပင်သည့် ပထမဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း ပလတ်စတစ်ပစ္စည်းသုံးစွဲမှုကို တားမြစ်နေပြီဖြစ်ပါသည်။ အလွန်ကောင်းမွန်သောနည်းစနစ်ဖြစ်၍ အတုယူစရာဖြစ်ပေသည်။

 

ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ် ၁၀ စင်း စာရင်းတွင်ပါဝင်ကြောင်း မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ (FFI)၏ ၂၀၂၁ ခုနှစ် စစ်တမ်းအရ သိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် ၂၀၂၂ ခုနှစ် သြဂုတ်လ တတိယပတ်ကစပြီး ဧရာဝတီတိုင်းဒေသကြီး၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ပြီး မြို့မဈေးများ၌ ဈေးရောင်းဈေးဝယ် ပြည်သူများကို အသိပညာပေး ဆောင်ရွက်လျက်ရှိ ပါသည်။ “ကမ္ဘာမြေကျန်းမာဖို့ ပလတ်စတစ်ကို ရှောင်ကြဉ်စို့” ဆောင်ပုဒ်နှင့်အညီ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသား၊ ငါးများနှင့် ဟင်းသီးဟင်းရွက်များ စသည့် အသုံးအဆောင် ပစ္စည်းများကို ပလတ်စတစ်အိတ်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ စက္ကူများ၊ ထမင်းချိုင့်များ၊ လက်ဆွဲခြင်း စသည့်ပစ္စည်းများဖြင့်သာ အစားထိုး သုံးစွဲတတ်ကြစေရန် အသိပညာပေးလျက်ရှိသည်။ ယခုဆိုလျှင် ဧရာဝတီတိုင်းဒေသကြီးသာမက လူဦးရေထူထပ်သော ရှမ်းပြည်နယ်တွင်လည်း ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုလျှော့ချရေး စီမံကိန် များကို အကောင်အထည်ဖော်နေပါပြီ။

 

အချုပ်အားဖြင့်ဆိုသော် လူသားများ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာရသည့် ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်ကပ်ဘေးကို သက်ရှိလူသားတို့ ကသာလျှင် ပြန်လည်ကုစားသည့်အနေဖြင့် ပလတ်စတစ်ပစ္စည်း ထုတ်လုပ်သုံးစွဲမှုကို ဖြတ်တောက်ရပါမည်။ ဤကမ္ဘာကို ကယ်တင်ရန် ပလတ်စတစ် ဖြတ်တောက်ရမည့်အချိန်သည် ယနေ့ယခုအချိန် ဖြစ်ပါသည်။ အနာဂတ်ပုံရိပ်ကို ဖော်ဆောင်ကြမည့် ကလေးများကိုလည်း မူလတန်းအရွယ်မှစပြီး ပလတ်စတစ်သုံးစွဲမှုအန္တရာယ်များကို အသိပညာ ပေးသင့်ပါသည်။ တစ်ဖက်ကလည်း ပြည်သူများ စည်းကမ်းတကျ အမှိုက်ပစ်နိုင်အောင် စည်ပင် သာယာမှ အမှိုက်ပုံးများကို လုံလုံလောက်လောက် ထားရှိကာ မှန်မှန်အမှိုက်သိမ်းပေးဖို့ လိုပါသည်။ တစ်ဖက်ကလည်း ပလတ်စတစ်အစားထိုး ကုန်ပစ္စည်းများထုတ်လုပ်ရာမှာ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် ကုန်ကြမ်းအသစ်များ ဖော်ဆောင်ပေးကြမည့် အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းရှင်များကို နိုင်ငံတော်အနေဖြင့် လိုအပ်သော နည်းပညာများနှင့် အခြားပံ့ပိုးမှုများ ပြုလုပ်ကာ အပြည့်အဝထောက်ပံ့ပေးမည်ဆိုပါက ပလတ်စတစ်ဆိုးကျိုးအန္တရာယ်မှ ကင်းဝေးမည် ဖြစ်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။            ။