သိပ္ပံစာရေးဆရာကိုကိုအောင်
(ယခင်တစ်ပတ်မှအဆက်)
ဟာဝိုင်ယီကျွန်း ရေအောက်မြေပြိုကျမှု
ရေအောက်မြေပြိုကျမှုကြောင့် ရုတ်တရက်ဖြစ်ပေါ်လာသော ဧရာမလှိုင်းတံပိုးကြီးများ၏ ဖုံးလွှမ်းမှုကို ခံလိုက်ရသည့် ဟာဝိုင်ယီ ကျွန်းပေါ်မှ ပင်လယ်ပြင်ဆီသို့ မျောပါသွားသူများကို ဆယ်ယူကယ်တင်နိုင်ရန်အတွက် လေယာဉ်နှင့် ရဟတ်ယာဉ်များက သမုဒ္ဒရာ ရေပြင်ပေါ်သို့ အသက်ကယ်လှေနှင့် ဖောင်များချပေးနိုင်ခဲ့သည့်အတွက် အသက်သေဆုံးရမှု များစွာလျော့ပါးသက်သာ ခဲ့သည်။ အဆိုပါ ရေအောက် ချောက်ကမ်းပါးကြီး ပြိုကျမှုကြောင့် ဖြစ်ပေါ်လာသော ငလျင်လှိုင်းတံပိုး အစုအဝေးကြီးသည် အလွန်ပင် ကြီးမားကျယ်ပြန့်ကာ တစ်နာရီလျှင် ကီလိုမီတာ ၇၅၀ အမြန်နှုန်းဖြင့် ရွေ့လျားမှုကြောင့် ကီလိုမီတာ ၁၃၀ဝဝ ခန့်ဝေးသော တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံ ဗာလ်ပါရေဆိုမြို့ ကမ်းခြေဆီသို့ ၁၈ နာရီ အတွင်းမှာပင် ဆိုက်ရောက် သွားခဲ့သည်။
မီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်သော လှိုင်းတံပိုးကြီးများ
ကျွန်းများပေါ်ရှိ မီးတောင်ပေါက်ကွဲမှုများကြောင့်လည်း အလွန်ကြီးမားသော လှိုင်းတံပိုးကြီးများ ထကြွဖြစ်ပေါ်လာတတ်သည်။ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားနှင့် ဂျာဗားကျွန်းအကြားရှိ ဆန်းဒါးရေလက်ကြားဒေသ၌ ပေ ၁၄၀ဝ မြင့်သော ‘ကာရာ ကာတို’ အမည်ရှိ ကျွန်းတစ်ကျွန်းတည်ရှိခဲ့ရာ ထိုကျွန်းပေါ်ရှိ မီးတောင်ကြီးသည် ၁၈၈၃ ခုနှစ် ဩဂုတ်လ ၂၇ ရက်က ပေါက်ကွဲခဲ့သည်။ မီးတောင်ဝမှ အခိုးအငွေ့များ ကာလကြာရှည်စွာ ထွက်ပေါ်နေရာမှ အဆိုပါနှစ် ဩဂုတ်လတွင် ချော်ရည်ပူ ဆူပွက်သံကြီးများ ထွက်ပေါ်လာခဲ့ကာ ဩဂုတ်လ ၂၇ ရက်တွင် အင်အားပြင်းထန်စွာဖြင့် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
နောက်နှစ်ရက်အကြာတွင် အဆိုပါ မီးတောင်ကြီးနှင့်အတူ ကျွန်းကြီးတစ်ခုလုံး ပေါက်ကွဲခဲ့ရာ ပေ ၁၄၀ဝ မြင့်သော ကာရာကာတို ကျွန်းကြီးသည် သမုဒ္ဒရာရေအောက် ပေ ၁၀ဝဝ ကျော်အထိတိုင် နိမ့်ဆင်းနစ်မြုပ်သွားကာ ကမ္ဘာ့မြေပုံပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်။ မီးတောင်ပေါက်ကွဲမှုအရှိန်ကြောင့် သမုဒ္ဒရာရေပြင်ပေါ်၌ မီတာ ၃၀ ကျော် မြင့်မားသော ဧရာမလှိုင်း တံပိုးကြီးများ ထကြွဖြစ်ပေါ်လာကာ ထိုလှိုင်းတံပိုးကြီးများသည် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းပြီး တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံ ကိပ်ဟွန်းအငူကို အင်အားပြင်းထန်စွာဖြင့် ရိုက်ခတ်သည်။ ကြောက်မက်ဖွယ်ကောင်းလှသည့် အဆိုပါ လှိုင်းတံပိုး ကြီးများသည် ထိုမှတစ်ဆင့် ကိပ်ဟွန်းအငူကို ကွေ့ပတ်ပြီး အတ္တလ္တိတ်သမုဒ္ဒရာကို ဆက်လက်ဖြတ်သန်းကာ အင်္ဂလိပ် ရေလက်ကြားအထိတိုင် ရောက်ရှိသွားကြသည်။
ကာရာကာတိုကျွန်းပေါ်ရှိ မီးတောင်ပေါက်ကွဲမှုသည် ဟိုက်ဒရိုဂျင်ဗုံး အလုံး ၃၀ ၏ ပေါက်ကွဲအားနှင့် ညီမျှပြီး က္ဘာ့သမိုင်း၌ အကျယ်လောင်ဆုံးသော မြည်ဟည်းသံကြီးကို ထွက်ပေါ်လာစေသည်။ ထိုပေါက်ကွဲသံကြီးကို ကီလိုမီတာ ထောင်နှင့်ချီ၍ ဝေးလံသော ဩစတြေးလျ ကုန်းတွင်းပိုင်းဒေသများနှင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မာဒါဂါစကာကျွန်းများမှပင် အတိုင်းသားကြား ကြရသည်။ ကျွန်းကြီးတစ်ကျွန်းလုံးကို တစ်စစီ ကြေမွသွားစေကာ ရေအောက်သို့ စုံးစုံးမြုပ်သွားစေခဲ့သော မီးတောင်ပေါက်ကွဲမှု ကြီးကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းတံပိုးကြီးများသည် အခြားသော လှိုင်းတံပိုးများနှင့် မတူကွဲပြားနေသည့် အချက်တစ်ချက်မှာ တန်ချိန်များစွာသော ချော်ရည်ပူများ ရောနှောနေသောကြောင့် အလွန်ပူလောင်နေခြင်းပင် ဖြစ်သည်။
ပင်လယ်လှိုင်းကြက်ခွပ်များ၏ အန္တရာယ်
ရေလှိုင်းများဟုဆိုရာတွင် ကမ်းခြေသို့ရိုက်ပုတ်လာသော လှိုင်းအမျိုးမျိုးတို့သာလျှင် အန္တရာယ်ပေးနိုင်သည် မဟုတ်ဘဲ ပင်လယ်ဒီရေနှင့် မြစ်ချောင်းတို့၏ ရေစီးကြောင်းများ ထိပ်တိုက်တွေ့ဆုံရာမှ ဖြစ်ပေါ်လာသော လှိုင်းငယ်များကလည်း အန္တရာယ်ရှိနိုင်သည်ကို သတိပြုသင့်ကြသည်။ ပင်လယ်အတွင်းသို့ စီးဝင်နေသော မြစ်ချောင်းများကြောင့် မြစ်ဝများတွင် ပေါ်ပေါက်တတ်သော လှိုင်းများသည်လည်း လှိုင်းကြက်ခွပ်ဟုခေါ်ဆိုရမည့် လှိုင်းအသေးစားကလေးများပင် ဖြစ်လင့်ကစား ထို လှိုင်းကြက်ခွပ်ကလေးများက လှေ၊ သမ္ဗန်နှင့် သင်္ဘောများကို အန္တရာယ်ကျရောက် စေနိုင်သည်။
ပင်လယ်ဒီရေတက်လာချိန်တွင် ထိုဒီရေဦးတည်ရာလမ်းကြောင်းနှင့် ဆန့်ကျင်ပြီး မြစ်ဝမှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်လာသော မြစ်ရေစီးကြောင်းများသည် မြစ်ဝရေပြင်ပေါ်၌ လှိုင်းကြက်ခွပ်ကလေးများကို ဖြစ်ပေါ်လာစေသည်ဖြစ်ရာ ထိုနေရာမျိုး၌ ပဲ့ကိုင် ထိန်းချုပ်ပုံ ကျွမ်းကျင်မှုမရှိပါက ကျောက်ဆောင်နှင့် တိုက်မိခြင်း၊ ကျောက်ဆောင်ပေါ် တင်သွားခြင်းတို့မှသည် တိမ်းမှောက်သွား သည်အထိပင် ဖြစ်ပွားနိုင်ခြေရှိသည်။
သာဓကအားဖြင့် စကော့တလန်နိုင်ငံ၏ ပင်လယ်ကမ်းမြှောင်ဒေသအတွင်းသို့ ဝင်ရောက်ဖြတ်သန်းကြမည့် သင်္ဘောများအနေဖြင့် ကမ်းမြှောင်အတွင်း၌ လှိုင်းကြက်ခွပ်များနှင့် ထိပ်တိုက်ရင်မဆိုင်ရမီကတည်းက အစစအရာရာ ကြိုတင်ပြင်ဆင် ထားကြရသည်။ အသင့်ပြင်ဆင်မှုမရှိဘဲ ရုတ်တရက် ကြုံတွေ့လာသည့်အခါမှ သင်္ဘောကို ထိန်းချုပ်ရန်ကြိုးစားမည်ဆိုပါက အလွန်ပင် နောက်ကျ သွားလိမ့်မည် ဖြစ်သည်။
ဂျပန်ဘာသာ ဝေါဟာရအနေဖြင့် ဆူနာမီဟု ခေါ်တွင်သော ကြီးမားသည့် လှိုင်းတံပိုးကြီးများသည်လည်း ကမ်းခြေဒေသများ အတွက် အလွန်အ္တရာယ်ကြီး သောလှိုင်းများပင် ဖြစ်ကြသည်။ ပင်လယ်နှင့် သမုဒ္ဒရာကြမ်းပြင်ကို ဗဟိုပြု၍ သို့တည်းမဟုတ် ယင်းတို့နှင့် နီးကပ်သောနေရာများကို ဗဟိုပြု၍ လှုပ်ခတ်သော အင်အားပြင်းငလျင်ကြီးများကြောင့် ရေအောက်ကြမ်းပြင်၌ ကွဲအက်မှုဖြစ်ပေါ်သည့် အခါ အနီးရှိရေထုကြီးက အက်ကွဲကြောင်းကြီးအတွင်းသို့ သက်ဆင်းကျရောက်သွား ကြရသည်။ ထိုအခါ မျက်နှာပြင်နိမ့်ဆင်းသွားသော ရေထုဆီသို့ ဝေးရာအရပ်မှ ရေထုကြီးက အစားထိုးဝင်ရောက်လာကြသည့်အခါ ဆူနာမီ ဖြစ်ပေါ်လာသည်။
ဆူနာမီလှိုင်းတံပိုးကြီးများသည် ကီလိုမီတာ ၁၀ဝ မျှ ကျယ်ပြန့်ပြီး ရွေ့လျားနှုန်းကလည်း ဘိုးရင်းလေယာဉ်၏ အမြန်နှုန်းတမျှ ရှိကြသည်။ တစ်နာရီလျှင် ကီလိုမီတာ ၈၀ဝ နှုန်းအထိ မြန်ဆန်လှသော ဆူနာမီလှိုင်းတံပိုးကြီးများ၏ ရွေ့လျားသံကို လူတို့၏ နားအကြားအာရုံက ကြိုတင်မကြားနိုင်သည့်အတွက် လှိုင်းလုံးကြီးများ ကမ်းခြေသို့ ဆိုက်ရောက်လာမှသာ သိရှိကြလေ့ရှိသည်။ သိလိုက်ချိန်တွင် မည်သည့်နည်းနှင့်မျှ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့ဘဲ ရေနစ်သေဆုံးကြရတော့သည်။ ထို့ကြောင့်ပင် ပင်လယ်ကမ်းစပ်နှင့် အနီးတစ်ဝိုက်၌ နေထိုင်ကြသူများအနေဖြင့် ဆူနာမီသတိပေးချက်များကို အချိန်နှင့်အမျှ သတိတရ နားစွင့်နေကြရမည်သာဖြစ်သည်။
၁၉၆၀ ပြည့်နှစ်က ချီလီနိုင်ငံ ရေအောက်ငလျင်ကြီးကြောင့် ဖြစ်ပေါ်သော ဆူနာမီ လှိုင်းတံပိုးကြီးများသည် ပစိဖိတ် သမုဒ္ဒရာကြီးကို ဖြတ်သန်းကာ ဂျပန်နိုင်ငံ ဟွန်ရှူးဒေသ မြောက်ပိုင်းကမ်းခြေများဆီသို့ ဆိုက်ရောက်သွားခဲ့သည့်အတွက် လူပေါင်း ၁၃၀ သေဆုံးခဲ့ကြရသည်။ ၁၉၆၄ ခုနှစ်ကလည်း အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်၌ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် ကယ်လီဖိုနီးယား ကမ်းခြေသို့ ဆူနာမီလှိုင်းတံပိုးများ ရိုက်ခတ်ကာ လူ ၁၂၀ နီးပါး အသက်ဆုံးရှုံးခဲ့ ကြရသည်။ အလားတူ ၁၉၉၈ ခုနှစ်ကလည်း ပါပူအာနယူးဂီနီကမ်းလွန်၌ ရေအောက် ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ ဆူနာမီ လှိုင်းတံပိုးကြီးများ၏ ရိုက်ခတ်မှုကြောင့် ပါပူအာနယူးဂီနီ ကမ်းခြေဒေသများ၌ နေထိုင်သော လူပေါင်း ၂၀ဝဝ ခန့် ရေနစ် သေဆုံးခဲ့ကြရသည်။
အင်ဒိုနီးရှားဆူနာမီ
၂၀ဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒါအာချေးဒေသ၌ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြီးကြောင့် ဖြစ်ပေါ်လာသော ဆူနာမီ လှိုင်းတံပိုးကြီးများသည်လည်း အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှား၊ ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဆိုမာလီယားနိုင်ငံတို့၏ ကမ်းခြေအချို့ကို ရိုက်ခတ်ခဲ့ သည်။ ရစ်ချ်တာစကေး ၉ ဒသမ ၈ ရှိသော ဘန်ဒါအာချေး ငလျင်သည် နှစ်ပေါင်း ၄၀ အတွင်း ကမ္ဘာ့အင်အားအကြီးမားဆုံး ငလျင်ကြီးဖြစ်ကာ ထိုငလျင်ကြီးကြောင့် ဖြစ်ပေါ်သော ဆူနာမီ လှိုင်းတံပိုးကြီးများကြောင့် တောင်အာရှဒေသတွင် လူပေါင်း ၂၈၀ဝဝဝ ကျော် သေဆုံးခဲ့ကြရသည်။
အိန္ဒိယနိုင်ငံတစ်ခုတည်း၌ပင် သေဆုံးသူ စုစုပေါင်း ၁၆၄၀ဝ ကျော်ရှိပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဆူနာမီ လှိုင်းတံပိုးကြီးများသည် ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီတွင် တမီလ်နာဒူးပြည်နယ် ကမ်းရိုးတန်းသို့ ရောက်ရှိခဲ့ပြီး နောက် ၄ နာရီအကြာတွင် ကီရာလာဒေသသို့ ရောက်ရှိလာခဲ့ရာ ကီရာလာဒေသ တစ်ခုတည်း၌ ကျေးရွာပေါင်း ၁၆၀ ပျက်စီးသွားခဲ့သည်။ ထို့နောက် ချင်းနိုင်းနှင့် နာဂါပက်တီနမ် ဒေသများကိုပါ မွှေနှောက်ဖျက်ဆီးသွားခဲ့သလို သီရိလင်္ကာနိုင်ငံ ကိုလံဘို၊ ထိုင်းနိုင်ငံ ဘမ်နမ်ခမ်နှင့် အင်ဒိုနီးရှားနိုင်ငံ ဆူမတြားဒေသများ၌လည်း လူ့အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုကို ကြီးမားစွာ ဖြစ်ပေါ်စေခဲ့သည်။
အင်အားကြီးမားလှသော ဆူနာမီလှိုင်းတံပိုးများ၏ တွန်းတိုက်ရွေ့လျားမှုများကြောင့် အင်ဒိုနီးရှားနှင့် အိန္ဒိယ ကုန်းမြေများသည် ၁၂ စင်တီမီတာမျှ တိုး၍ နီးကပ် သွားခဲ့သည်။ အိန္ဒိယတောင်ပိုင်းကုန်းမြေများက အရှေ့ဘက်သို့ ရွေ့လျားသွားကာ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကုန်းမြေများက အနောက်ဘက်သို့ အနည်းငယ် ရွေ့သွားသည့်အတွက် ထိုကဲ့သို့ နီးကပ်သွားခြင်း ဖြစ်သည်။
ကမ်းစပ်နှင့် ရေလှိုင်း
ဤသည်တို့ကို ထောက်ရှုခြင်းအားဖြင့် ကမ်းခြေသို့ရိုက်ပုတ်လာသော လှိုင်းတို့၏ အရွယ်ပမာဏ၊ ရွေ့လျားရောက်ရှိနှုန်းနှင့် အင်အားတို့အပေါ် မူတည်ပြီး ပင်လယ်ကမ်းစပ်ဒေသများကို သာမောဖွယ်ရာ ကမ်းခြေများအဖြစ် အပန်းဖြေ အနားယူချင်စရာ ဖြစ်စေနိုင်သလို ကြောက်မက်ဖွယ်ရာ ကမ်းခြေများအဖြစ် ဝေးဝေးက ရှောင်ချင်စရာ ဖြစ်စေနိုင်သည်ကိုလည်း သတိပြု ဆင်ခြင်နိုင်ကြမည် ဖြစ်သည်။
သမုဒ္ဒရာနှင့် ပင်လယ်တို့၏ နယ်နိမိတ်နှင့် ကုန်းမြေတိုက်ကြီးများ၏ နယ်နိမိတ်တို့ ဆုံရာဖြစ်သော ကမ်းခြေဒေသနှင့် ကမ်းရိုးတန်းဒေသများ၌ ကမ်းစပ်နှင့် ရေလှိုင်းတို့၏ ထိတွေ့ဆုံစည်းမှုများသည် လူသားတို့အပါအဝင် သက်ရှိမျိုးစိတ်များနှင့် ကမ္ဘာမြေ၏ အနာဂတ်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေရန် လုပ်ဆောင်လျက် ရှိနေကြသည်။
က္ဘာအရပ်ရပ်ရှိ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပင်လယ်ကမ်းမြှောင်ဒေသများ၏ ကမ်းခြေ၊ ကမ်းစပ်များဆီသို့ ရောက်ရှိ လာကြသော လှိုင်းတို့သည် သက်မဲ့ဒြပ်ဝတ္ထုများပင် ဖြစ်ကြသည့်တိုင် ၎င်းတို့ကို ရွေ့လျားရောက်ရှိလာအောင် တွန်းပို့ ပေးလျက်ရှိကြသော ပင်လယ်ပြင်၏ အခြေအနေအရပ်ရပ်ကို ပြောပြပေးနေကြသည့်အလား အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ကမ်းစပ်များကို ရိုက်ပုတ်လျက်ရှိနေကြသည်။
ကမ်းစပ်သို့ရိုက်ပုတ်လာသော လှိုင်း၏အလျား၊ လှိုင်းထိပ်နှစ်ခု၏ အကွာအဝေး၊ လှိုင်း၏အမြင့်၊ လှိုင်း၏ ရွေ့လျားအမြန်နှုန်း၊ လှိုင်းဖြစ်ပေါ်မှု အချိန်အတိုင်းအတာ စသော လှိုင်း၏ အသွင်သဏ္ဌာန် အမျိုးမျိုးတို့မှာ အချိန်နှင့်အမျှ ပြောင်းလဲလျက် ရှိနေကြသည်ဖြစ်ရာ ထိုကဲ့သို့သော အခြေအနေအရပ်ရပ်တို့သည်ပင်လျှင် ကမ်းစပ်၌ နေထိုင်ကြသူများအတွက် ပင်လယ်ပြင်၏ အနေအထားကို အဝေးက ကြိုတင်ထောက်လှမ်းသိရှိနိုင်အောင် လုပ်ဆောင်ပေးလျက်ရှိနေကြခြင်းပင် ဖြစ်ပေတော့သည်။ ။