တောင်ကြီး ၄   သြဂုတ် 


ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လူထုလှုပ်ရှားမှု ဗဟိုအဆင့်ဖွင့်ပွဲအခမ်းနား (၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့အခမ်းအနားသည် မြို့ပြ၊ ကျေးလက်တောရွာများနှင့် ခက်ခဲဒေသများတွင် နေထိုင်ကြသည့် မိခင်များ၊ နိုင်ငံတော်၏ အနာဂတ်ဖြစ်သော ကလေးငယ်များ၊  ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ၏ အာဟာရ ပြည့်ဝဖွံ့ဖြိုးရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အရေးကြီးပါကြောင်း၊ ဘက်စုံအာဟာရ ပြည့်ဝမှုသည် ပြည်သူများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးအတွက် သာမက ဉာဏစွမ်းအား ပြည့်ဝမြင့်မားရေးအတွက် အရေးအကြီးသော အချက်ဖြစ်ပါကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ မလုပ်ဆောင်ပါက ကျန်းမာရေး၊ ပညာရေး၊ အားကစားနှင့် လူမှုစီးပွားစသည်ဖြင့် ကဏ္ဍစုံတွင် နောက်ကျကျန်ခဲ့မည်ဖြစ်ပြီး လာမည့်နှစ်များတွင် ဆိုးကျိုးများကို ခံစားရမည်ဖြစ်ကြောင်း။


အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံပါဝင်သည့် ကွင်းဆက်လုပ်ငန်းကြီးဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းမှ လုပ်ဆောင်၍မရဘဲ ကဏ္ဍအလိုက်၊ လုပ်ငန်းတာဝန်များအလိုက် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် ဝန်ကြီးချုပ်များနှင့် လူမှုရေးဝန်ကြီးများ၏ ဦးဆောင်မှုဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစား၊ လူမှုဝန်ထမ်း၊ စိုက်ပျိုးမွေးမြူရေး စသည့် ကဏ္ဍအသီးသီးတွင် တာဝန်ရှိသူများက တက်ကြွစွာဖြင့် လုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ငန်းစဉ် များ ဆောင်ရွက်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့တို့ အပါအဝင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အခန်း ကဏ္ဍသည် အရေးကြီးပါကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုကဲ့သို့ အာဟာရ ဖွံ့ဖြိုးမှု ရက်သတ္တပတ်များ ကာလအတွင်း သာမက အမြဲမပြတ် ဝိုင်းဝန်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသန ဌာနခွဲအနေဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် အာဟာရကျွမ်းကျင်မှုဆိုင်ရာတို့ကို ပံ့ပိုးကူညီပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများက  ငါးနှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင် - အေဆေးနှင့် သန်ချဆေးများတိုက်ကျွေးကာ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများ တိုက်ကျွေးခဲ့ပြီး ငါးနှစ်အောက်ကလေးများ၊ မူလတန်း ကျောင်းသူ/ကျောင်းသားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆားနှင့် အားဖြည့်ဆန်များ ဖြန့်ဝေခြင်းနှင့် အမှတ်တရလက်ဆောင်များပေးအပ်ကြသည်။


 ထို့နောက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေသော အာဟာရဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ထားရှိမှု ပြခန်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဆောင်ရွက်နေသော အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်း ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။


(သတင်းစဉ်)