၂၅  ဖေဖော်ဝါရီ

စာရေးသူသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ(U.A.E) အဘူဒါဘီမြို့၌ ကျင်းပသည့် (၁၀)ကြိမ်မြောက် ကမ္ဘာ့မြို့ပြညီလာခံ (World Urban Forum 10) (WUF 10) သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တက်ရောက်ခွင့်ရရှိခဲ့၏။ အဖွဲ့တွင် အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်နှင့် ဒေါ်မီမီတင်၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်အေး၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဒေါ်ယဉ်ယဉ်ဆွေနှင့် အမျိုးသားမြို့ပြမူဝါဒရေးဆွဲရာတွင် ပါဝင်အကြံပေးခဲ့ကြသော မြို့ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်နှင့် စာရေးသူတို့ ပါဝင်ခဲ့ကြပါသည်။ ထို့အပြင် ညီလာခံ၌နိုင်ငံတကာ၏ အိမ်ရာရန်ပုံငွေစနစ် (Housing Financing Mechanism)အတွေ့အကြုံများကို လေ့လာရန်အတွက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဘဏ်(CNIDB)မှ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြသော ဦးသက်လင်းနှင့် ဦးဟန်ကြည် တို့လည်း လိုက်ပါခဲ့ကြသည်။

ကမ္ဘာ့မြို့ပြညီလာခံကျင်းပခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြို့ပြကြီးထွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အစိုးရများသာမက နိုင်ငံသူနိုင်ငံသားများ၏ အသိတရားနိုးကြားမှုကို ပိုမိုမြှင့်တင်ရန်၊ ရေရှည် တည်တံ့သည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန်၊ မတူကွဲပြားသောအမြင်များကိုချပြ၍ စကားစစ်ထိုးပွဲဆင်နွှဲရန်၊ မြို့ပြဖွံ့ဖြိုး ရေးနယ်ပယ်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်ကို ပိုမို မြှင့်တင်ရန်နှင့် ကမ္ဘာကြီးပူနွေးလာမှု အကျိုးဆက်များကြောင့် မြို့ပြတွင် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရမှုကို ကြံ့ကြံ့ခံကျော်လွှားမည့် နည်းလမ်း များရှာဖွေရန် စသည့်အချက်များပါဝင်ကြောင်း တွေ့ရှိရသည်။

ကမ္ဘာ့မြို့ပြညီလာခံကို ကုလသမဂ္ဂက ၂၀၀၁ ခုနှစ်မှစတင်၍ ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရ၏။ ၂၀၀၂ ခုနှစ်တွင် ပထမအကြိမ် ညီလာခံကို ကင်ညာနိုင်ငံ နိုင်ရူဘီမြို့၌ စတင်ကျင်းပပြီးနောက် နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပခဲ့ရာ ၂၀၀၄ ခုနှစ်တွင် စပိန်နိုင်ငံ ဘာစီလိုနာမြို့၊ ၂၀၀၆ ခုနှစ်တွင် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့၊ ၂၀၀၈ ခုနှစ်တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့၊ ၂၀၁၀ ပြည့်နှစ်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၊ ၂၀၁၂ ခုနှစ်တွင် အီတလီနိုင်ငံ နေပယ်မြို့၊ ၂၀၁၄ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ မယ်ဒယ်လင်မြို့၊ ၂၀၁၈ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တို့၌ အသီးသီးကျင်းပခဲ့ကြောင်းနှင့် (၉)ကြိမ်မြောက်ညီလာခံကိုမူ ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသည်။

နိုင်ငံ၏စီးပွားရေးကို စနစ်တကျစီမံခန့်ခွဲ

(၁၀)ကြိမ်မြောက် ကမ္ဘာ့မြို့ ပြညီလာခံကျင်းပသည့် UAE နိုင်ငံသည် လူဦးရေ ၉.၈၅ သန်းခန့်သာရှိပြီး အကျယ်အဝန်းမှာ မြန်မာနိုင်ငံထက် ၉ ဆခန့်ငယ်သော်လည်း လူတစ်ဦးချင်း ချမ်းသာကြွယ်ဝမှုတွင် မြန်မာနိုင်ငံထက် အဆ ၄၀ ခန့်ပိုမိုကြောင်း တွေ့ရှိရပါသည်။ Per Capita GDP မှ အမေရိကန်ဒေါ်လာ ၄၁၄၇၆ အထိရှိကြောင်း တွေ့ရှိရ၏။ လူဦးရေ ၁၂ ရာခိုင်နှုန်းသာ နိုင်ငံသားများဖြစ်ပြီး ကျန်လူဦးရေမှာ အခြားနိုင်ငံများမှ အလုပ်အကိုင်လာရောက် လုပ်ကိုင်သူများဖြစ်၏။ ကမ္ဘာပေါ်တွင် ရေနံကြွယ်ဝမှု အဆင့်(၇)၊ သဘာဝဓာတ်ငွေ့ ကြွယ်ဝမှု အဆင့်(၁၇)ရှိသော နိုင်ငံဖြစ်သည်။ ရေနံကြောင့် ချမ်းသာသော နိုင်ငံဖြစ်သည်ဟု ဆိုကြသော်လည်း နိုင်ငံ၏စီးပွားရေးကို စနစ်တကျစီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးမှုနှင့် မူဝါဒချမှတ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မှုတွင် သင်ခန်းစာယူရန် အချက်များစွာရှိကြောင်း တွေ့ရှိနိုင်၏။

ညီလာခံကျင်းပရာ အဘူဒါဘီမြို့ရှိ အမျိုးသားဗဟိုပြခန်း၏ ဒီဇိုင်းကို နိုင်ငံတကာဗိသုကာအဖွဲ့ RMJM က ရေးဆွဲခဲ့ပြီး အင်္ဂလိပ်အက္ခရာ "U" ပုံသဏ္ဌာန်တည်ဆောက်ထားကြောင်းတွေ့ရှိရပါသည်။ ပြခန်းကြီးမှာ လွန်စွာ ကြီးကျယ်ခမ်းနားလှပြီး ခန်းမရိယာ စုစုပေါင်း ၇၃၀၀၀ စတုရန်းမီတာ ကျယ်ဝန်း၍ ပြင်ပဧရိယာ အကျယ်အဝန်းမှာ ၅၅၉၀၀ စတုရန်းမီတာ ကျယ်ဝန်းကြောင်း တွေ့ရှိရပါသည်။ ခန်းမအတွင်း ပြင်ပစမှာ ပေ ၁၀၀ ခန့် ကျယ်ဝန်းပြီး နားနေရာနေရာများ ကော်ဖီဆိုင်များပါဝင်၏။ ပြင်ပ စ စင်္ကြံမှ သက်ဆိုင်ရာအခန်းများသို့ ဝင်ရောက်နိုင်ပြီး တစ်ခန်းလျှင် လူဦးရေ ၂၀ မှ ၂၀၀ အထိ ဝင်ဆံ့သည့် ဆွေးနွေးပွဲ အခန်းငယ်ပေါင်း ၂၀ ပါဝင်ရုံမျှမက စုစုပေါင်း လူဦးရေ ၁၅၀၀ ခန့် ဝင်ဆံ့သော ခန်းမနှစ်ခု၊ လူဦးရေတစ်သောင်းကျော်ဆံ့သော ခန်းမကျယ်ကြီးတစ်ခုလည်း ပါဝင်ကြောင်း တွေ့ရှိရ၏။ စာရေးသူတို့အဖွဲ့သည် ညီလာခံတက်ရောက်ရန်အတွက် ၈.၂.၂၀၂၀ ရက်နေ့တွင် တစ်ဦးချင်းဓာတ်ပုံရိုက်ပြီး မှတ်ပုံတင်စာရင်း ရေးသွင်းရ၏။ နိုင်ငံပေါင်း ၁၆၄ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၁၈၀၀၀ ခန့် တက်ရောက်ကြောင်းသိရှိရပြီး တစ်နေကုန် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးပြီးနောက် စာရွက်စာတမ်းများနှင့် လည်ပင်း၌ချိတ်ဆွဲထားရမည့် ဓာတ်ပုံပါ ဝင်ခွင့်ကတ်ပြားကို တစ်ပါတည်း ထုတ်ပေးခဲ့၏။

ခန်းမပေါင်း ၁၀၀ ကျော်တွင် တစ်ပြိုင်တည်း လေးရက်တိုင်တိုင်ဆွေးနွေး

စာရေးသူသည် ရင်သပ်ရှုမောဖွယ်ကောင်းလှသည့် ခန်းမကြီးကို ကြည့်ရှုပြီး မိမိတို့နိုင်ငံတွင် ဤမျှခမ်းနား ကြီးကျယ်မှုမရှိသည့်တိုင်အောင် နိုင်ငံတကာအဆင့်မီ ဗဟိုပြခန်းကြီးတစ်ခုတည်ဆောက်ရန် အမှန်တကယ် လိုအပ်နေပေပြီဟု တွေးတောနေမိ၏။ ညီလာခံသို့ စာရေးသူတို့အဖွဲ့အပြင် မြို့တော်ဝန်များအဆင့် ဆွေးနွေးပွဲတက်ရောက်ရန်အတွက် ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့လည်း ရောက်ရှိလာကြောင်း တွေ့ရှိရ၏။ နှစ်ဖွဲ့ပေါင်းလျှင် ၁၅ဦး ခန့်သာရှိမည်ဖြစ်၍ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်း နေသေးကြောင်း တွေ့ရှိရ၏။ အခြားနိုင်ငံများမှ တက္ကသိုလ်ပါမောက္ခများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အများအပြား ပါဝင်ကြောင်း လေ့လာတွေ့ရှိ ရပြီး မိမိတို့စရိတ်ဖြင့် လာရောက်ကြကြောင်း သိရှိရသည်။ ညီလာခံရှိ ခန်းမပေါင်း ၁၀၀ ကျော်တွင် တစ်ပြိုင်တည်း လေးရက်တိုင်တိုင် ဆွေးနွေးကြရာ၌ ပါဝင်မည့် အောက်ပါခေါင်းစဉ်အချို့ကို သုံးသပ်ကြည့်ရုံမျှနှင့်ပင် မြန်မာနိုင်ငံမှ ပြည်သူ့ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခများ၊ အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ (Housing Developers) လည်း တက်ရောက်သင့်သည် ဟူသောအချက်ကို လက်ခံနိုင်ကြမည်ဟု  ယုံကြည်ပါသည်။

(၁) မြို့ပြစီမံကိန်းဥပဒေများ ထိရောက်မှုရှိမရှိ၊

(၂) မြို့ပြဖွံ့ဖြိုးရေးအတွက် သိပ္ပံနှင့်နည်းပညာတီထွင်မှု၊

(၃) မြို့နေအခွင့်အရေးနှင့် မြို့ပြယဉ်ကျေးမှုသစ်၊

(၄) ဝင်ငွေနည်း ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာ

တည်ဆောက်မှု၊

(၅) မြို့ပြကျေးလက် ဆက်နွှယ်မှုဖြစ်စဉ်၊

(၆) ပိုမိုကောင်းမွန်သော မြို့ပြလမ်းကွန်ရက်စနစ်၊

(၇) စမတ်စီးတီးများ တည်ဆောက်မှုနှင့် စီမံခန့်ခွဲမှု၊

(၈) မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေးစနစ်၊

(၉) ကျူးကျော်အိမ်ရာ၊ အဆင့်နိမ့်အိမ်ရာများ လုံးဝကင်းစင်သော မြို့ပြများ။

တန်ဖိုးနည်းအိမ်ရာများ တိုးချဲ့ ဖော်ဆောင်

၉-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပသော ဖွင့်ပွဲအခမ်းအနားသို့ ထောင်သောင်းချီ၍ တက်ရောက်လာကြသည့် ပရိသတ်ကြီးကို ကြည့်ရှုပြီး စာရေးသူ ၏စိတ်ထဲမှ “ဤညီလာခံကြီးကို ပီသုံးလုံး ညီလာခံဟု ခေါ်ဆိုရမည်။

အဘယ်ကြောင့်ဆိုသော် တက်ရောက်လာသူများတွင် ကမ္ဘာ့နိုင်ငံအသီးသီး၏ အစိုးရခေါင်းဆောင်များ၊ ပုဂ္ဂလိက ပညာရှင်နှင့် လုပ်ငန်းရှင်များပါဝင်မှု (Public Private Participation) ဟူသော ပီသုံးလုံးကို အခြေခံထားသည် မဟုတ်ပါလောဟု ကောက်ချက်ဆွဲနေမိ၏။ ဖွင့်ပွဲနေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် ဝန်ကြီးများအဆင့် ဆွေးနွေးပွဲသို့တက်ရောက် ဆွေးနွေးခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်အပါအဝင် အခြားအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ တန်ဖိုးနည်းအိမ်ရာများ တိုးချဲ့ဖော်ဆောင်ရေးနှင့် အကူအညီများရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

၁၀-၂-၂၀၂၀ ရက်နေ့တွင် ခန်းမ ၃၊ အခန်းအမှတ် ၁၅ ၌ “မြန်မာနိုင်ငံတွင် လူနေဒေသ စီမံကိန်းရေးဆွဲမှုနှင့် အကောင်အထည်ဖော်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ရာ အာရှ၊ အာဖရိကနှင့် ဥရောပနိုင်ငံများမှ ကိုယ်စားလှယ်များ ခန်းမအပြည့် တက်ရောက်ကြကြောင်းတွေ့ရှိရ၍ များစွာ နှစ်ထောင်းအားရ ဖြစ်မိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပဏာမအဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံတွင် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံနှင့် UN Habitat အကူအညီဖြင့် “အမျိုးသားမြို့ပြဖွံ့ဖြိုးရေးမူဝါဒ (National Urban Policy)ကို အချိန်ယူ ရေးဆွဲခဲ့ကြောင်း၊ ပြည်သူ့ကိုယ်စား လှယ်များနှင့် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ပညာရှင်များအားလုံး စုပေါင်းပါဝင်ပြီး ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း၊ မြို့ပြစီမံကိန်းများကို ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းဖြင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပဏာမပြောကြားသည်။ ထို့နောက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်က မြန်မာနိုင်ငံရှိစုစုပေါင်းလူဦးရေ၊ မြို့ပြလူဦးရေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် မြို့ပြစီမံကိန်းရေးဆွဲ မှုနှင့် ဥပဒေရေးဆွဲပြီးစီးမှုများကို အကျဉ်းချုပ်ဖော်ပြပြီး အမျိုးသားမြို့ပြ မူဝါဒကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုကဲ့သို့ ဆွေးနွေးရာ၌ အမျိုးသားမြို့ပြမူဝါဒ၏ ရည်မှန်းချက်မှာ နိုင်ငံတော်အတွင်း လုံလောက်သော အခြေခံအဆောက်အအုံများ တည်ရှိခြင်း၊ မြို့ပြပြည်သူတို့အတွက် စွမ်းရည်ထက်မြက်သော ဌာနအဖွဲ့အစည်းများ ဖြစ်ပေါ်စေခြင်း၊ ထိရောက်သည့်ဥပဒေများပြဋ္ဌာန်းခြင်း၊ ပြည်သူတို့ အခိုင်အမာ အခြေချနေထိုင်နိုင်ခြင်း၊ အလုပ်အကိုင်နှင့် ကုန်ထုတ်လုပ်မှု ပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်စေခြင်းစသည့်အချက်များ ပြည့်စုံရုံမျှမက လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် ဘက်စုံအရည်အသွေး ပြည့်၀သည့် မြို့ပြများ စနစ်တကျ ပေါ်ပေါက်လာစေရန်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး အမျိုးသားမြို့ပြမူဝါဒအရ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်း (၈)ခုနှင့် စိန်ခေါ်မှုများကိုလည်း အကျဉ်းချုပ် ဆွေးနွေးခဲ့သည်။

ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းရပ်ရှစ်ခုမှာ (၁)အိမ်ရာဖွံ့ဖြိုးမှု၊ (၂)မြေယာစီမံခန့်ခွဲမှု၊ (၃)မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ဥပဒေရေးဆွဲပြဋ္ဌာန်းမှု၊ (၄)မြို့စည်ပင်သာယာရေးအဖွဲ့များ၏ အုပ်ချုပ်မှုစွမ်းရည်နှင့် ဘဏ္ဍာငွေ အင်အားတောင့်တင်းမှု၊ (၅)လူနေဒေသအသီးသီးတွင်ဟန်ချက်ညီစွာ ဖြန့်ကြက် နေထိုင်မှု၊ (၆)လူမှုစီးပွားဖွံ့ဖြိုးမှု၊ (၇)အခြေခံအဆောက်အအုံနှင့်တကွ ဝန်ဆောင် မှုလုပ်ငန်းများဖြည့်ဆည်းမှု၊ (၈)သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပြဿနာများဖြေရှင်းမှုဟူသည့် အချက်များဖြစ်ကြောင်း ဖော်ပြဆွေးနွေးပါသည်။

ရင်ဆိုင်တွေ့ကြုံရသော စိန်ခေါ်မှုများမှာ (၁)မြို့ပြကြီးထွားမှုနှင့် ပတ်သက်၍ လည်းကောင်း မြို့ပြနှင့်ကျေးလက် ဟန်ချက်ညီစွာ ဖွံ့ ဖြိုးရေးနှင့် ပတ်သက်၍ လည်းကောင်း မူဝါဒများချမှတ်ပြီး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ချက်ရှိနေသေးခြင်း၊ (၂)မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဥပဒေကို ပြဋ္ဌာန်းနိုင်မှု မရှိသေးခြင်း၊ (၃)တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် မြို့ပြဖွံ့ဖြိုးရေး ပင်မစီမံကိန်းများ လိုအပ်ချက်ကြီးမားစွာ ရှိနေရုံမျှမက အကောင်အထည်ဖော်မှုနှင့် အခြေခံအဆောက်အအုံအားနည်းခြင်း၊ (၄)အစိုးရ အဖွဲ့အစည်းအချင်းချင်း ဒေါင်လိုက်နှင့်အလျားလိုက် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ (၅) စွမ်းရည် ပြည့်၀သော မြို့ပြစီမံကိန်း ပညာရှင်များ နည်းပါးခြင်းနှင့် သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်ပေးရန် လိုအပ်နေသေးခြင်း စသည့် အချက်များဖြစ်ကြောင်းနှင့် ၎င်းစိန်ခေါ်မှုများကို မြို့ပြမူဝါဒနှင့်အညီ အစိုးရ၏ဦးဆောင်မှု၊ ပြည်သူများ အားလုံးပူးပေါင်းပါဝင်မှုတို့ဖြင့် ကျော်လွှားသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်သူများ၏ စိတ်ပါဝင်စားမှုရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံခြားသား ပညာရှင်အချို့က နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် မြို့ပြဖွံ့ဖြိုးရေးမူဝါဒ ဆက်စပ်မှုရှိပုံ၊ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး အရေးကြီးပုံ၊ ရန်ကုန်မြို့၏ ကိုလိုနီခေတ် ရှေးဟောင်းလက်ရာများ ကြွယ်ဝမှုမှာ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ  မြို့ပြစီမံကိန်းညွှန်ကြားရေးမှူး ဒေါ်တင်တင်ကြည်က ရှင်းလင်းဆွေးနွေးသော ရန်ကုန်မြို့အား စမတ်စီးတီး ဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်နေမှုများအကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ အင်တိုက်အားတိုက် တက်ရောက်အားပေးခဲ့ကြသည်။ အောင်မြင်ချောမွေ့စွာပြီးစီးခဲ့သော ၎င်းအစီအစဉ်အတွက် ဒုတိယမ္ပိ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်းလည်း ဖော်ပြအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့် အချက်(၃)ချက် ဖော်ပြလိုပါသည်။ ပထမအချက်မှာ U.A.E နိုင်ငံ ကမ္ဘာ့မြို့ပြဖွံ့ဖြိုးမှုနှင့်အပြိုင် စိတ်ဝင်စားဖွယ်ကောင်းသောပြပွဲမှာ ၎င်းနိုင်ငံ၏ မြို့တော် အဘူဒါဘီနှင့် စီးပွားရေးမြို့တော် ဒူဘိုင်းတို့၏ မြို့ပြဖွံ့ဖြိုးမှု အခင်းအကျင်းပင်ဖြစ်၏။ သဲကန္တာရအတွင်း စိမ်းလန်းသောမြေယာ ရှုခင်းမှာ ရန်ကုန်မြို့ထက် သာလွန်နေ၏။ Green City အသွင်ဆောင်၏။ ထို့အပြင် Smart City ဂုဏ်ရည်များလည်းရှိနေ၏။ မြို့အလှကို ပြည်သူတို့ မဖျက်ဆီးရန် ဥပဒေထိန်းသိမ်းမှုကလည်း ထိရောက်၏။ ဒုတိယအချက်မှာ တရားဥပဒေစိုးမိုးမှုဖြစ်၏။ ဘတ်စ်ကားနှင့်ရထားပေါ်တွင် ပီကေဝါးလျှင်ပင် အရေးယူ၏။ အမျိုးသမီးတစ်ဦးအသားကို ထိရန်မဆိုထားနှင့် မျက်လုံးဖြင့် စိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင်ကြည့်လျှင်(ငမ်းလျှင်)အရေးယူခံရ၏။ တတိယအချက်မှာ ရေနံနှင့် ဓာတ်ငွေ့သယံဇာတအပေါ် အလွန်အကျွံမှီခိုမှုမှ ခရီးသွားလုပ်ငန်းအပေါ်မှီခိုမှုဖြင့် အစားထိုးနေခြင်းဖြစ်၏။ စာရေးသူသည် U.A.E နိုင်ငံမှအပြန် အမိနိုင်ငံဖွံ့ဖြိုးရေးအတွက် မြို့ပြမူဝါဒပါအချက်များကို အစိုးရနှင့် ပြည်သူအားလုံး ပူးပေါင်း၍ ထိရောက်စွာ အကောင်အထည်ဖော် နိုင်ကြပါစေဟု ဆုတောင်းနေမိပါသတည်း။ ။

မြင့်မိုရ်ဆွေ