ကမ္ဘာမိုးမြေ ပညာရနံ့ သင်းပျံ့စေ

၁၃ ဒီဇင်ဘာ

အစဉ်အလာအရ  'တော်ဝင်'  နန်းထိုက်သည့် အသွင်အပြင်ဖြင့်  ဝှဲချီးထိုက်စွာ  ဆင်ယင် ကျင်းပလေ့ရှိသော 'နိုဘယ်ဆု' ပေးပွဲအခမ်း အနားကို ယခုနှစ်တွင် အွန်လိုင်းမှတစ်ဆင့် သာလျှင်    အကျဉ်းရုံးကျင်းပလိုက်ရသည် ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ကြားသိရ သောအခါ ၂၀၂၀  ပြည့်နှစ်၏ နိုဘယ်ဆု အပ်နှင်းပွဲကြီး၏ ထူးခြားသွင်ပြင် အခင်းအကျင်း ကို ခပ်မဆိတ် စေ့ငုလေ့လာမိလေ၏။

ခြိမ့်ခြိမ့်သဲသဲ ပွဲကြီးသဘင် ဝှဲချီး ဆင်ယင်သော ထုံးဓလေ့ရှိခဲ့လင့်ကစား ယခု နှစ်၏ နိုဘယ်ဆုပေးပွဲမှာ 'ကိုရိုနာ' ဗိုင်းရပ်စ် တည်းဟူသော 'ကမ္ဘာ့ကပ်ရောဂါ'၏ ခွတီးခွတိုက် လုပ်မှုကြောင့်   စိုစိုပြည်ပြည်မရှိတော့ ချေတကား။

အဝေးမှ ဂုဏ်ပြုခွင့်ရကြ

ကမ္ဘာ့သမိုင်းတွင်  ပထမဆုံးအကြိမ် မကြုံစဖူး ထူးထူးကဲကဲ 'အွန်လိုင်း' ထုတ်လွှင့် မှုမှတစ်ဆင့် နိုဘယ်ဆု ပေးပွဲအခမ်းအနားကို ကမ္ဘာသားတို့က အဝေးမှ တွေ့မြင်ခွင့်ရကြ၏။ အဝေးမှ ဂုဏ်ပြုခွင့်ရကြ၏။ အဝေးမှ 'မုဒိတာ' ပွားကြရ၏။ အဝေးမှ လက်ခုပ်ဩဘာပေးကြ ရ၏။

ကမ္ဘာတစ်လွှား    'ရပ်စွန်ရွာနား' အထိ ကိုရိုနာပိုးက   ပြည်သူတို့အပေါ်   ရက်စက် ကြမ်းကြုတ်စွာ ပြုမူဆက်ဆံနေဆဲ အခါသမယ ဖြစ်ပေရကား ကိုဗစ်-၁၉ ကျန်းမာရေးအစီအမံ ဆောင်ရန်၊   ရှောင်ရန်များကို အတိအကျ လိုက်နာကျင့်သုံးလျက် နိုဘယ်ဆုပေးပွဲ အခမ်းအနားကို ကျင်းပရခြင်းဖြစ်လေသည်။

ကမ္ဘာ့ကပ်ရောဂါပိုး နှိပ်စက်ကလူပြုနေ ခြင်းကြောင့် လောကီရေးရာ အဖြာဖြာအပေါ် ရိုက်ခတ်မှုများဖြစ်ပေါ်နေဆဲတွင် ပကာသန မချဲ့နိုင်ဘဲ၊    တခမ်းတနား     မပြုနိုင်ဘဲ၊ နန်းမဆန်နိုင်ဘဲ  အွန်လိုင်းနိုဘယ်ဆုပေးပွဲ ကြီးကျင်းပသည်ကို ကျွန်ုပ်တွေ့မြင်ရသော အခါ ပြောင်းလဲမှု 'နိယာမ'နှင့်အညီ တစ်ကမ္ဘာ လုံးရှိ လူသားမျိုးနွယ်ဝင်တို့ 'ရေလိုက်သင့်၊ ငါးလိုက်သင့်' အတူလိုက်ပါ ပြောင်းလဲလျက်ရှိ ကြပုံကို ကြီးစွာ ဂရုဓမ္မပြုမိ၏။ 'ပြောင်းလဲချိန် တန်လျှင် ပြောင်းလဲကြရသည့်   ဓမ္မတာကို သံသယမရှိယုံကြည်လက်ခံမိ၏။ နိုဘယ်ဆု ပေးပွဲကြီးကို အွန်လိုင်းထုတ်လွှင့်ချက်ပြုလုပ် ကာ  ကျင်းပခြင်းမှာ ကမ္ဘာ့သမိုင်းတွင် ပထမ ဆုံးအကြိမ် ဖြစ်သည်ဆို၏။

ယခုနှစ်၏ အသစ်ကျပ်ချွတ် နိုဘယ်ဆု ရှင်များ မည်သူမည်ဝါတို့ဖြစ်သည်ကို ကျွန်ုပ် ကြည့်ရှုလေသော်  တွေ့မြင်ရသည်မှာကား ရူပဗေဒဘာသာရပ်တွင် ရော်ဂျာပန်းရို့စ်၊ ရိန်းဟတ်ဂန်ဇယ်နှင့် အင်ဒရာဂဲတို့ကလည်း ကောင်း၊     ဓာတုဗေဒဘာသာရပ်တွင် အီမင်နျူယဲ    ချာပင်တိုင်ယာနှင့်    ဂျနီဗာ အေဒွတ်နားတို့ကလည်းကောင်း၊ ဇီဝကမ္မဗေဒ (ဝါ)သက်ရှိကိစ္စ သို့မဟုတ် ဆေးပညာဘာသာ ရပ်တွင် ဟာဗေးဂျေအယ်လ်တာ၊ မစ်ချဲဟပ်တန်နှင့် ချားလ်စ်အမ်ရိုက်စ်တို့ကလည်းကောင်း၊ စာပေဘာသာရပ်တွင် လူးဝစ်ဂလပ်ကလည်းကောင်း၊ ဘောဂဗေဒဘာသာရပ်တွင် ပေါလ်အာရ်မီဂရွမ်နှင့် ရောဘတ်ဘီ ဝီလ်ဆင်တို့ ကလည်းကောင်း အသီးသီး အသက အသက အောင်ပန်းဆွတ်ချူ    ရယူနိုင်ကြခြင်းဖြစ် သည်။

'သမားဂုဏ်' ပြနိုင်သည့် ပုဂ္ဂိုလ်ထူးများအားဦးညွှတ်ဂုဏ်ပြုလျက် ဆွီဒင်နိုင်ငံ စတော့ ဟုမ်းမြို့ရှိ ဘုရင့်နန်းတော်မှနေ၍ ' ပြည့်ရှင် မင်း' ၁၆ ဦးမြောက်  ဂူစတပ်က ဝမ်းမြောက် သဝဏ်လွှာပါးခဲ့သည်။

ယခင်နှစ်များကမူ 'မင်းတရားကြီး' ကိုယ်တိုင်ကိုယ်ကျ ဆုတံဆိပ်တော်များကို အပ်နှင်းပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ကပ်ရောဂါကာလအတွင်း ကျရောက်နေခြင်း ကြောင့် လူစုလူဝေး လုပ်ခွင့်မရှိရကား ဘုရင်မင်းမြတ်မှာ အဝေးမှပင် 'မင်္ဂလာ' ယူလိုက်ရ၏။ မင်းခမ်းမင်းနားပြုလိုက်ရ၏။ နိုဘယ်ဆု ရှင်သစ်များအဖြစ် ကမ္ဘာတစ်လွှား အကျော် ဇေယျဖြစ်လာသူအပေါင်းကို    အကျယ် အကျယ်မချဲ့ဘဲ အကျဉ်းချုပ် ဂုဏ်ပြုလိုက်ရ၏။

ကပ်ရောဂါဘေး ခြိမ်းခြောက်မှုကြောင့် ကမ္ဘာတစ်ခွင် ပြဲပြဲစင်အောင်ကိုယ်၊ စိတ်၊ နှလုံးမသာယာမှုအပေါင်းနှင့် ကြုံတွေ့ခဲ့ကြရသော ၂၀၂၀ ပြည့်နှစ်၏ နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလ၏ ဆောင်းနှင်းဖွေးဖွေး လေနုအေးအေး ဆော်သွေးချိန်တွင် နိုဘယ်ဆုပေးပွဲကြီးကို ကျင်းပခြင်းဖြစ်သည်။

အဝေးရောက် ဆင်နွှဲခဲ့ကြရ

'ဟေမာန်ဆောင်း' ဥတုကာလအတွင်း နေအရုဏ်သင့် ပွင့်သည့်ရွှေကြာ ပဒုမ္မာပမာ လန်းဆန်းလျက်ရှိကုန်သော နိုဘယ်ဆုရှင်များ မှာ မိမိ၏ သက်ဆိုင်ရာနိုင်ငံ၊ နေထိုင်ရာမြို့၊ မှီတင်းရာ ဂေဟာမှာပင် နိုဘယ်ဆုပေးပွဲကြီး ကို အဝေးရောက် ဆင်နွှဲခဲ့ကြရလေသည်။

ကျွဲချိုဖျားပင် ဆတ်ဆတ်တုန်အောင် ချမ်းလှသည်ဟု ဆိုစမှတ်ပြုကြသော နတ်တော်၊ ပြာသိုဝင်လုလု အခါသမယတွင် ကျင်းပသော နိုဘယ်ဆုပေးပွဲကြီးတွင် ဆွီဒင် ဘုရင်မင်းမြတ်က မိန့်ဆိုသည်မှာကား-

ယခင့်ယခင်  နှစ်များနှင့်မတူ   ကွဲပြား ခြားနားသော   ပွဲကြီးသဘင်  ဖြစ်ပါပေသည် ဟူသတည်း။

နတ်နှင့်   နဂါးပမာ  လှည့်စားခြင်းငှာ လူသားတို့မစွမ်းသာသော   ကိုရိုနာမိစ္ဆာပိုး အန္တရာယ်က အနောက်တိုင်းနိုင်ငံများအပေါ် အထူးအားဖြင့် ပိုမိုဖိစီးလာစေ၊ ဒုတိယလှိုင်းမှ သည် တတိယလှိုင်းသို့တိုင် ရိုက်ပုတ်လာစေ ဖြစ်လာချိန်တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ တော်ရှိ နန်းတော်ကြီးမှနေ၍ ဘုရင်မင်းမြတ် က ဂုဏ်ပြုသဝဏ်လွှာ ခြွေခဲ့သည်။ ယင်းမြို့ရှိ မြို့တော်ခန်းမ၏ ‘ရွှေခန်းမဆောင် အမည်ရှိ စုဝေးသဘင်တွင် ဒီဇင်ဘာ ၁၀ ရက် (ကြာသပ တေးနေ့)က ဆုပေးပွဲအကျဉ်းရုံး အခမ်းအနား ကျင်းပစဉ်အတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့ ရှိ မြို့တော်ခန်းမတွင်လည်း အလားတူ အခမ်း အနားကို     တစ်ပြိုင်နက်  တစ်ချက်တည်း ကျင်းပလေ့ရှိသည်။

ဆေးပညာ    သို့မဟုတ်    ဇီဝကမ္မဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ စာပေနှင့် ဘောဂဗေဒ ဘာသာရပ်တို့၌ ထူးချွန် ပေါက်မြောက်သူများအား ဆွီဒင်နိုင်ငံ  စတော့ဟုမ်းမြို့၌  ကျင်းပသော အခမ်းအနားတွင် ဆုများကိုအပ်နှင်း ပေးလေ့ရှိပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုကိုမူ နော်ဝေနိုင်ငံ   အော်စလိုမြို့၌  ကျင်းပသော အခမ်းအနားတွင် အပ်နှင်းလေ့ရှိပေသည်။

စတော့ဟုမ်းမြို့ရှိ ကပွဲခန်းမဆောင်ကြီး တွင် ‘နိုဘယ်ဆု တေးဂီတအဖွဲ့က အနီးကပ် ပွဲကြည့်ပရိသတ် မရှိလင့်ကစား အားပါးတရ ဖျော်ဖြေတီးမှုတ်မှုပြုကာ နိုဘယ်ဆုရှင်များကို ဂုဏ်ပြုခဲ့လေသည်။

နိုဘယ်ဆု ရရှိသူများမှာ အမိနိုင်ငံမှာပင် ယခုရက်သတ္တပတ်အစောပိုင်း (ဒီဇင်ဘာလ ဒုတိယရက်သတ္တပတ်အစပိုင်း)မှာပင် ဆုများ ကို ကိုယ်တိုင်ကိုယ်ကျရယူခဲ့ပြီးဖြစ်သည်။

တစ်ယောက် တစ်နယ်စီမှာနေ၊  ပိတောက်နဲ့ချယ်ရီပမာပေ    ကမ္ဘာတစ်ခွင် ပျံ့နှံ့နေသော  အရပ်ဒေသ  အသီးသီးမှနေ၍ နိုဘယ်ဆုရှင်တို့ အခမ်းအနားတက်ရောက် ခဲ့ကြကာ အပြုံးပန်းများ ဖလှယ်ခဲ့ကြသည်။

 ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်နိုင်ရေး အတွက် ကျားကုတ်ကျားခဲ    ကြိုးပမ်းစွမ်း ဆောင်လျက်ရှိကြသော သိပ္ပံပညာရှင်အပေါင်း ကို ဦးညွှတ်ဂုဏ်ပြုပါကြောင်း ဆွီဒင်ဘုရင် မင်းမြတ်က သူ၏  မိန့်ခွန်းတွင်   ထုတ်ဖော် ချီးကျူးခဲ့သည်။

 ပြီးခဲ့သည့်   အောက်တိုဘာလအတွင်း နိုဘယ်ဆု၏   ဆုအမျိုးအစား   ခြောက်မျိုး အတွက်   မည်သူတို့   ဆွတ်ခူးရရှိကြသည်ကို ‘နော်ဝေ   နိုဘယ်ကော်မတီက    ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။

 “အကယ်၍ လာမည့်နှစ်တွင် ကိုဗစ်ကပ် ရောဂါချုပ်ငြိမ်းသွား၍ ယခင့်ယခင် ထုံးတမ်း စဉ်လာများနှင့်အညီ နိုဘယ်ဆုပေးပွဲကြီးကို  ခြိမ့်ခြိမ့်သဲသဲ    ဆင်နွှဲကြပါဦးစို့ ဟူ၍ ယင်းကော်မတီက     အခမ်းအနားတွင် ထုတ်ပြန်ကြေညာခဲ့ရာ     အများသူငါတို့မှာ မျှော်လင့်ဖွယ်တစ်ချက်ဖြစ်ရပြန်သည်။

 လာမည့်နှစ်   နိုဘယ်ဆုပေးပွဲကြီးကို သိုက်သိုက်ဝန်းဝန်း စည်စည်ပင်ပင် ကျင်းပ နိုင်မည်ဆိုလျှင် ၂၀၂၀ပြည့်နှစ် နိုဘယ်ဆုရှင်များ ပွဲတက်ခွင့် ပြန်လည်ရရှိပါမည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် ခမ်းခမ်းနားနား ညစာ စားပွဲကြီးများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် ပွဲသဘင်များ နှင့်အတူ ကမ္ဘာ့မြို့ကြီးနှစ်မြို့ဖြစ်သော စတော့ ဟုမ်းနှင့် အော်စလိုမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပလေ့ရှိသော   နိုဘယ်ဆုပေးပွဲကြီးမှာ ကပ်ရောဂါဘေးကြောင့်  ကြားလေသွေးကာ ဝေးခဲ့ကြရလေပြီ။

 “ကပ်ရောဂါဘေးကြောင့် ကျွန်တော်တို့ဆီ လာရောက်ဖို့ လူကြီးမင်း နိုဘယ်ဆုရှင်တွေ အခွင့်မသာချိန်မှာ အဝေးရောက်ဆုနဲ့ပဲ ကျေနပ်ကြပါဟူ၍ ‘နိုဘယ်ဖောင်ဒေးရှင်း ဘုတ်အဖွဲ့ဥက္ကဋ္ဌ  ကားလ်ဟန်းရစ်ဟယ်ဒင် က သူ၏ မိန့်ခွန်းတွင် ဖော်ကျူးသည်။

ကမ္ဘာတစ်လွှား  ကမောက်ကမနဲ့ ချောက်ကျတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ရပါတယ်ဆို တာ လူတိုင်း အသိပါပဲ။ ဒါပေသိ နိုဘယ်ဆုက ဖော်ညွှန်းနေတာကတော့ လူသားမျိုးနွယ်ရဲ့ စွမ်းပကား ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသား တွေဟာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအပေါင်းကို ကျော်လွှားနိုင်အောင် မတုံ့မဆိုင်း၊ ချက်ချင်း လက်ငင်း အဖြေရှာတတ်တဲ့ စွမ်းရည်ပြည့်စုံ ပါတယ်။

အသိအမှတ်ပြုတဲ့ ဆု

နိုဘယ်ဆုဆိုတာကတော့ သိပ္ပံရေးရာ စူးစမ်းလေ့လာမှုနယ်ပယ်၊    စာပေထုတ် ချောက်မှုနယ်ပယ်၊ လူသားဆန်တဲ့ စိတ်ဓာတ် နဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီ ပေးတဲ့ နယ်ပယ်တွေမှာ ထူးချွန်အံ့လောက် ခရီးပေါက်သူတွေကို    အသိအမှတ်ပြုတဲ့ ဆုဖြစ်ပြီး  လူကြီးမင်း  နိုဘယ်ဆုရှင်တွေရဲ့ စွမ်းဆောင်မှုတွေအပေါ်   တစ်ကမ္ဘာလုံးက အတုယူအားကျမှုတွေနဲ့ ပေါင်းစပ်ပြီး သာယာ ရွှေပြည်  ကမ္ဘာသစ်ကြီးဆီသို့   ကျွန်တော်တို့ အားလုံး အရောက်လှမ်းနိုင်ကြမှာပါ။  ကမ္ဘာ ကြီးရဲ့ အနာဂတ်ဘဝ သာယာလှပဖို့ လူကြီး မင်းတို့ရဲ့   စွမ်းဆောင်မှုတွေက   အထောက် အကူပြုပါမယ်ဟူ၍     မစ္စတာကားလ်က ဆိုမိန့်ခဲ့လေသည်။

မစ္စတာကားလ်ဆိုမိန့်သလိုပင် “ရူပဗေဒ ဘာသာရပ်ဖြင့် ပူးတွဲနိုဘယ်ဆုရရှိသော ပုဂ္ဂိုလ်သုံးဦးတို့သည် နဂါးငွေ့တန်းဗဟိုချက်ရှိ “တွင်းနက်ကြီးများ (ဝါ) Black Holes နှင့် ပတ်သက်၍ သုတေသနပြုခဲ့ကြပြီး စကြဝဠာ အကြောင်းကို   လူသားမျိုးနွယ်တို့   ပိုမို၍ နက်နက်ရှိုင်းရှိုင်း သိရှိလာအောင် စွမ်းဆောင် ကြိုးပမ်းနိုင်ခဲ့ကြသည်။

 အလားတူပင် ‘ဓာတုဗေဒ ဘာသာရပ်ဖြင့် ပူးတွဲနိုဘယ်ဆုရရှိသူ ပုဂ္ဂိုလ်နှစ်ဦးသည် မျိုးဗီဇ    အင်ဂျင်နီယာနည်းပညာနယ်ပယ် တွင်    ‘မျိုးဗီဇကတ်ကြေး     (Genetic Scissors)(ဝါ) Crispr-Cas 9 ကို  ရှာဖွေတွေ့ ရှိခဲ့ကြလေသည်။ သက်ရှိတို့၏  “မျိုးဗီဇ(ဝါ) ဒီအင်န်အေကို မိမိလိုချင်သော အစိတ်အပိုင်း တွင်   ပြောင်းလဲပေးခြင်း   (Gene-editing) နည်းစနစ်ကို   ရှာဖွေဖော်ထုတ်နိုင်သူများ ဖြစ်ကြသည်။

 ထိုနည်းတူပင် ဇီဝကမ္မဗေဒ (သို့မဟုတ်) ဆေးပညာဘာသာရပ်ဖြင့်  နိုဘယ်ဆုပူးတွဲ ရရှိကြသူ အမေရိကန် သိပ္ပံပညာရှင်နှစ်ဦးနှင့် ဗြိတိသျှ       သိပ္ပံပညာရှင်တစ်ဦးတို့သည် အသည်းရောင်စီဗိုင်းရပ်စ်ပိုး (Hepatitis C) ကို  ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြင့်   နိုဘယ်ဆု အတွက်  ရွေးချယ်ခံခဲ့ကြရသည်။ လူသန်း ပေါင်းများစွာ၏ အသက်ဇီဝိန်များကို ကယ်တင်ပေးနိုင်မည့် ရှာဖွေတွေ့ရှိချက်ဖြစ်ပြီး အသည်းကင်ဆာဖြစ်စေနိုင်သော ယင်းပိုးနှင့် ပတ်သက်၍ ဇာစ်မြစ်ကို  ပိုမိုသိရှိလာခြင်းဖြင့် ကမ္ဘာကြီးကို  အသည်းရောင် ‘စီ ပိုးဘေးမှ ကင်းဝေးစေနိုင်ပေလိမ့်မည်။ ယနေ့ကာလ တွင် ကမ္ဘာတစ်ဝန်း၌ ‘စီပိုးရှိသူ လူပေါင်းသန်း ၇၀ ရှိပြီး   ယင်းပိုးကြောင့်   နှစ်စဉ်လူပေါင်း လေးသိန်းခန့် သေဆုံးနေကြရပေရာ ဆေးသိပ္ပံ ပညာရှင်များ၏ ‘အောင်ပွဲဟု ဆိုနိုင်ပေအံ့။

နိုဘယ်ဆုအတွက် သူတို့ထိုက်တန်

 အမေရိကန်သူ ကဗျာဆရာမတစ်ဦးမှာ စာပေဆိုင်ရာ နိုဘယ်ဆု ဆွတ်ခူးနိုင်သည်။ သူသည် အမှားအယွင်းမရှိ လှပသော ကဗျာ ဖွင့်ဟမှုအတွက် ထူးချွန်ပြောင်မြောက်သူဖြစ် သည်။ နယူးယောက် ဇာတိဖွား ကဗျာဆရာမ မှာ ကဗျာစာအုပ်ပေါင်း ၁၂ အုပ် ရေးသားပြုစုခဲ့ ပြီးဖြစ်သည်။

လေလံဈေးကွက် တိုးတက်အောင် နည်းပညာဖော်ထုတ်ခဲ့ကြသော အမေရိကန် စီးပွားရေးပညာရှင်နှစ်ဦးမှာ လူမှုအဖွဲ့အစည်း တိုးတက်မှုအတွက်  တီထွင်ဆန်းသစ်သော အယူအဆကို  ဖော်ထုတ်နိုင်သူများ ဖြစ်ကြသည်။   လေလံဈေးကွက်    သီအိုရီ၊ လေလံ ဈေးကွက်ပုံစံသစ်        ဖန်တီးပေးခြင်းဖြင့် နိုဘယ်ဆုအတွက် သူတို့ထိုက်တန်ပါသည်။

 ၂၀၂၀ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုမူ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ရပ်ဖြစ်သော ‘ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ရရှိသည်။  ကမ္ဘာနှင့်ချီ၍ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက် ခြင်း၊    စားနပ်ရိက္ခာလုံလောက်မှုရှိစေခြင်း တို့အတွက် ကြိုးပမ်းစွမ်းဆောင်ခဲ့သော ဒဗလျူအက်ဖ်ပီအဖွဲ့ကြီးမှာ ထိုက်တန်သော ဂုဏ်ပြုမှုရရှိလေပြီ။ အငတ်ဘေးမှဝေးစေခြင်း၊ ကမ္ဘာ့ပဋိပက္ခဖြစ်ပွားရာ    ဒေသများတွင် ငြိမ်းချမ်းရေးရရှိလာအောင် တစ်ခန်းတစ်ကဏ္ဍမှ    ပါဝင်ကြိုးပမ်းခြင်းတို့အရ နိုဘယ်ဆုနှင့် ထိုက်တန်သည်ဆို၏။

 ဆွီဒင်လူမျိုး     ဓာတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်   (၁၈၃၃-၁၈၉၆)သည် တီထွင်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့ရာမှ ကြွယ်ဝချမ်းသာလာခဲ့သူဖြစ်သည်။ နိုဘယ်သည် ဒိုင်းနမိုက်(ဝါ)ယမ်းဘီလူးကို တီထွင်နိုင်ခဲ့ရာမှ နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။

 နိုဘယ်သည် ကမ္ဘာတစ်ဝန်းတွင် ဒိုင်းနမိုက်စက်ရုံများနှင့် ခဲယမ်းမီးကျောက် စက်ရုံများကို ထူထောင်နိုင်ခဲ့သည်။ တီထွင်စဉ် က ငြိမ်းချမ်းသော လုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်အရ ဒိုင်းနမိုက်ကို တီထွင် ခဲ့သော်လည်း  နောင်အခါတွင် စစ်ပွဲများ၌ ဒိုင်းနမိုက်ကို အသုံးပြုလာကြရာ သူ တရား သံဝေဂရရှိလာသည်။

 ၁၈၉၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ကွယ်လွန်ခြင်းမရှိမီ တစ်နှစ်အလိုကာလတွင် ရေးသားခဲ့သော သေတမ်းစာအရ သူပိုင်ဆိုင် သော ဓနဥစ္စာများကို သီးသန့်ထား၍ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက်    ကြိုးပမ်းသူများကို နှစ်စဉ်ရွေးချယ်ဆုချီးမြှင့်ပေးရန် နိုဘယ်ဆုကော်မတီ (ဆွီဒင်တော်ဝင် သိပ္ပံအကယ်ဒမီ) ကို ထူထောင်နိုင်ခဲ့သည်။

 လောကလူ့ဘောင် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ‘လူသားဆန်မှု မြင့်မားရေး တို့အတွက် မိမိပိုင်ဆိုင်ခဲ့သော စည်းစိမ်တစ်ခု လုံးကို လူသားအပေါင်းအတွက် အသုံးပြုနိုင်ရန် အမွေထားရစ်ခဲ့သော ပုဂ္ဂိုလ်ထူးနိုဘယ်၏ မြင့်မြတ်သော စိတ်နေစိတ်ထားနှင့် နှစ်စဉ် ပေါ်ထွက်ခဲ့၊ ပေါ်ထွက်ဆဲ   လူသားအကျိုးပြု ထူးချွန်သူပုဂ္ဂိုလ်အပေါင်းကို ကျွန်ုပ်ဂုဏ်ပြုမိရင်း “ကမ္ဘာမိုးမြေ   ပညာရနံ့သင်းပျံ့စေ’’ဟု ကျူးရင့်မိပါသတည်း။

ကိုရင်ဩ

Ref: News Agencies