ဆရာကြီးဦးထွန်းတင့်

 

“တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ တို့ပြည် တို့မြေ”

 

အစချီသော နိုင်ငံတော်သီချင်း ခြေဆင်းကို သီကြွေး ရွတ်ဆို တီးမှုတ်ပြီးလျှင်ပြီးချင်း  

 

“ကမ္ဘာမကျေ၊  မြန်မာပြည်၊ 

တို့ဘိုးဘွားအမွေစစ်မို့၊  ချစ်မြတ်နိုးပေ” 

 

စသည့် သီဆိုတီးမှုတ်သံကိုကြားရသည်မှာ အလွန်ကြည်နူးပီတိဖြစ်ရပါသည်။ “ကမ္ဘာမကျေ” ဟူသော အသံကို ကြားလိုက်ရလျှင်ပင် ဇာတိသွေးဇာတိမာန်တက်ကြွပြီး “ငါမြန်မာကွ” ဟု ဟစ်ကြွေးချင်စိတ်ပေါ် လာရပါသည်။ “ငါမြန်မာကွ”ဟု ဂုဏ်ယူဝင့်ကြွားချင်စိတ်ပေါ်လာရပါသည်။

 

ဤတွင် ကမ္ဘာမကျေကို ကကြီးယပင့်ဖြင့် “ကျေ” ရမည်လော၊ ကမ္ဘာမကြေဟု ကကြီးရရစ်ဖြင့် “ကြေ” ရမည်လောဟူသော အတွေးပြဿနာ တစ်ခုပေါ်လာရပေသည်။ ထိုအခါ ကမ္ဘာမကျေဟုယပင့် “ကျေ” ဖြင့်ရေးလျှင် မည်သို့အဓိပ္ပာယ်ရှိသည်၊ ရရစ် “ကြေ” ဖြင့်ရေးလျှင် မည်သို့အဓိပ္ပာယ်ရှိသည် ဆိုသည်ကို ယပင့် “ကျေ”၊ ရရစ် “ကြေ” အနက်ကို အခြေခံ၍ စဉ်းစားဆုံးဖြတ်ကြမှသင့်မည်ဟု ခံစားမိပါသည်။

 

အသံတစ်ခုတည်းကိုသာအခြေခံ၍ အဓိပ္ပာယ်ခွဲခြား

 

မြန်မာဘာသာစကားသည် အသံတစ်သံထွက်လျှင် အနက်တစ်ခုရှိသော ဘာသာစကားဖြစ်သည် ဟုဆိုသည်။ စံမြန်မာစကားတွင် “ယပင့်ကျေ” နှင့် “ရရစ်ကြေ” သည် အသံတူနေသဖြင့် အသံတစ်ခု တည်းကိုသာအခြေခံ၍ အဓိပ္ပာယ်ခွဲခြားသတ်မှတ်ရန် မဖြစ်နိုင်ပြန်ချေ။ ထိုအခါ မြန်မာဘာသာစကား ၏ ထူးခြားသောသဘောသဘာဝရှိသည့် “ယပင့်”၊ “ရရစ်” အရေးဖြင့် ခွဲခြားဆုံးဖြတ်ကြရပါမည်။ “ယပင့်” နှင့် “ရရစ်” သည် အခြေခံအားဖြင့် အနက်ရင်း တူသော်လည်း အနက်ရိပ်အားဖြင့် ကွဲပြားသည်ဟု မှတ်ယူရပါသည်။ “ယပင့်” နှင့် “ရရစ်” အနက်ကွဲပြားသဖြင့် “ယပင့်ကျေ” နှင့် “ရရစ်ကြေ” သည် အနက်အဓိပ္ပာယ် ကွဲပြားသည်မှာ သဘာဝကျပါသည်။

 

မြန်မာစာအဖွဲ့က ပြုစုသော မြန်မာအဘိဓာန်တွင် ကကြီးယပင့် “ကျေ” နှင့် ကကြီးရရစ် “ကြေ” တို့ကို အဓိပ္ပာယ်ခွဲခြား ဖွင့်ဆိုထားပါသည်။ ကကြီးယပင့် “ကျေ” ၏အဓိပ္ပာယ်မှာ “ပျောက်ကွယ်သည်” ဟူ၍ဖြစ်သည်။ ကကြီးရရစ် “ကြေ” ၏ အဓိပ္ပာယ်မှာ “မုန့်မုန့်ညက်ညက်ဖြစ်သည်” ဟူ၍ဖြစ်သည်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကို တစ်ဆင့်တက်၍ ဆင်ခြင်ကြံဆသော် “မုန့်မုန့်ညက်ညက်ဖြစ်သည်” ဆိုသည်မှာ မုန့်မုန့်ညက်ညက်ဖြစ်ရန် ဝတ္ထုဒြပ်၊ အကောင်အထည်၊ အစိုင်အခဲ တစ်ခုခုရှိဖို့လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် ဝတ္ထုဒြပ်၊ အကောင်အထည်၊ အစိုင်အခဲ ကြေသည်ကိုသာ အရစ် “ကြေ” ဖြင့်သုံးနှုန်းရေးသားကြရပေသည်။

 

ကကြီးယပင့် “ကျေ” ၏ အဓိပ္ပာယ်ကို“ပျောက် ကွယ်သည်” ဟု ဖွင့်ဆိုသည်မှာ မုန့်မုန့်ညက်ညက် ဖြစ်နိုင်သော ဝတ္ထုဒြပ်၊ အကောင်အထည်၊ အစိုင်အခဲ တစ်ခုခုပျောက်ကွယ်သွားသည်ကို ဆိုလိုသည်မဟုတ်။ ဝတ္ထုဒြပ်၊ အကောင်အထည်၊ အစိုင်အခဲ မဟုတ်သော ထိနိုင်တွေ့နိုင် မြင်နိုင်သည့်အရာ မဟုတ်သော နာမ်တစ်ခုခု၊ တစ်နည်းဆိုသော် စိတ္တဇ နာမ်တစ်ခုခု “ပျောက်ကွယ်” သွားသည်ကိုသာ အပင့် “ကျေ” ဖြင့် သုံးနှုန်းရေးသားကြပေသည်။

 

ထို့ကြောင့် “ကျေ-(ပျောက်ကွယ်)၊ ကျေကုံ-၊ ကျေချမ်း-၊ ကျေနပ်-၊ ကျေပ-၊ ကျေပျောက်-၊ ကျေပွန်-၊ ကျေလည်-၊ ကျေအေး-၊ ကျိန်းကျေ-၊ စာကျေ-၊ စိတ်ကျေ-၊ စိတ်မကျေပွဲ။ ဆယ်လီကျေ-၊ ဇယားကျေ-၊ တာဝန်ကျေ-၊ ဒဏ်ကျေဆေး-၊ နောကျေ-၊ ပဲတင်းပဲကျေ-၊ ပျက်ကျေ-၊ မင်းတိုင်း ကျေလုပ်-၊ လောကွတ်ကျေ-၊ ဝတ်ကျေတမ်းကျေ၊ ဝတ်ကျေဝတ်ကုံ၊ သဘောတရားကျေညက်-၊ သေကျေ-၊ အခဲမကျေ၊ အသုံးလုံးကျေ-၊ ဥဒါန်း မကျေ၊ ကမ္ဘာမကျေ၊ အောက်သက်ကျေ-” တို့ကို “ယပင့်ကျေ” ဖြင့်ရေးကြသည်။ အားလုံး စိတ္တဇနာမ်များဖြစ်၍ “ယပင့်ကျေ” ဖြင့် သုံးသည်ကိုတွေ့ရသည်။ ပျောက်ကွယ်သည့် အဓိပ္ပာယ်ချည်းဖြစ်သည်။

 

ကကြီးရရစ် “ကြေ” ကို “ကောလီကြေ-၊ ကမ္ဘာကြေသော်လည်းဥဒါန်းမကျေ၊ ကြေ- (မုန့်မုန့် ညက်ညက်ဖြစ်-)၊ စိစိညက်ညက်ကြေ-၊ တွန့်ကြေ-၊ ထောင်းထောင်းကြေ-၊ ဖွတ်ဖွတ်ကြေ-၊ မွမွကြေ-၊ လေကြေဆေး၊ သိသိကြေ-၊ အစာကြေညက်-၊ အတွင်းကြေကြေ-။” တို့တွင် သုံးသည်။

 

အထက်ဖော်ပြပါ အပင့် “ကျေ”နှင့် အရစ် “ကြေ” ရေးထုံး အသုံးအနှုန်းနှစ်ရပ်တွင် အပင့် “ကျေ”သုံး ဝေါဟာရ အားလုံးသည် “ပျောက်ကွယ်” သည့် အနက်ရှိကြ၍ စိတ္တဇနာမ်များနှင့် တွဲဖက် သုံးနှုန်းထားသည်ကို တွေ့ကြရပေမည်။ အရစ် “ကြေ” နှင့် တွဲဖက်သောနာမ်များသည် ဝတ္ထု၊ ဒြပ်၊ အကောင်အထည်ဖြစ်သော၊ ထိတွေ့၍ရနိုင်သော နာမ်များဖြစ်ကြသည်။ ထို့ကြောင့် “မုန့်မုန့် ညက်ညက်” ဖြစ်သောအနက်ချည်းဖြစ်သည်။

 

ဤတွင် “ကျေ” ဆိုသည်မှာ ပျောက်ကွယ်သည်ဟု အဓိပ္ပာယ်ရှိ၍ “မကျေ” ဆိုသည်မှာ မပျောက်ကွယ်ဟု ဆိုရပါမည်။ ထို့အတူ “ကြေ” ဆိုသည်မှာ မုန့်မုန့်ညက်ညက်ဖြစ်သည်ဟု အဓိပ္ပာယ်ရှိသဖြင့် “မကြေ” ဆိုသည်မှာ မုန့်မုန့်ညက်ညက်မဖြစ်ဟု ဆိုရပါမည်။

 

အဘယ်အရာ မပျောက်ကွယ်သနည်း၊ သို့မဟုတ် အဘယ်အရာ မုန့်မုန့်ညက်ညက် မဖြစ်သနည်း။ ဆက်လက်၍ ဆင်ခြင်စဉ်းစားကြပါဦးစို့။ ယခုအခါ “ကမ္ဘာ” အကြောင်းကို စဉ်းစားဆင်ခြင် ကြပါမည်။

 

ကမ္ဘာဆိုသည်မှာ မြန်မာဘာသာစကားမဟုတ်ပါ။ ပါဠိသက်ဘာသာစကားဖြစ်ပါသည်။ ပါဠိဘာသာတွင် “ကပ္ပ” ဟုဆိုသည်ကို မြန်မာမှုပြု၍ “ကမ္ဘာ” ဟုခေါ်ဆိုခြင်းဖြစ်သည်။ “ကပ္ပ” ဟူသော ပါဠိဘာသာစကား၏အဓိပ္ပာယ်ကို ကြည့်ကြပါမည်။

 

“ကပ္ပ”၏ အဓိပ္ပာယ်ကို တိပိဋကပါဠိမြန်မာ အဘိဓာန်တွင် အဓိပ္ပာယ်ကွဲ ၂၉ ခု ပြထားသည်ကို တွေ့ရသည်။ ထိုတွင် “ကပ္ပ”၏အဓိပ္ပာယ်တစ်ခုမှာ “ကပ်၊ ကမ္ဘာ” ဖြစ်သည်။ အဘိဓာနပ္ပဒီပိကာကျမ်းတွင် “ကပ္ပ” ၏ အဓိပ္ပာယ်ကို ၁၂ ချက်ပြထားပါသည်။ ထိုတွင် “ကပ္ပ” ၏ အဓိပ္ပာယ်တစ်ရပ်မှာ “အန္တရကပ် စသည်တွင်ဆိုသော ကပ်” ဟူသော အဓိပ္ပာယ်ဖြစ်သည်။

 

ပါဠိဘာသာ “ကပ္ပ” ကို မြန်မာမှုပြုသော “ကမ္ဘာ” ဟူသည်မှာ အချိန်အခါကိုသာ ညွှန်းဆိုခြင်း ဖြစ်ပေသည်။ သို့သော် ခရီးဆောင်မြန်မာအဘိဓာန်တွင်မူ မြန်မာမှုအရ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့် ဆိုထားသည်ကိုတွေ့ရပါသည်-

၁။ အလွန်ရှည်လျားသောကာလအပိုင်းအခြား။

၂။ သတ္တဝါများနေထိုင်ရာ တောတောင်ရေမြေ။

၃။ [သိပ္ပံ]နေရှိရာမှ အစဉ်အားဖြင့် တတိယဖြစ်၍ အရံဂြိုဟ်တစ်လုံးရှိသော ဂြိုဟ်။

 

ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သုံးရပ်တွင် အဖွင့် ၁ သည် “မဟာကပ်” ကို ဆိုလိုပါသည်။ “လေးသင်္ချေ နှင့်ကမ္ဘာတစ်သိန်း၊ ဆယ့်ခြောက်သင်္ချေနှင့်ကမ္ဘာတစ်သိန်း၊ ဘဒ္ဒကမ္ဘာ၊ သာရကမ္ဘာ” စသည်တို့တွင် လာသော “ကမ္ဘာ” မျိုးကိုဆိုလိုသည်။ အချိန်ကာလ ကိုညွှန်းသည်။ အဖွင့် ၂ သည် “တောတောင်ရေမြေ နှင့်တကွသော သတ္တလောကကြီး” ကို ဆိုလိုသည်။ အဖွင့် ၃ သည် “ကမ္ဘာဂြိုဟ်” ဖြစ်သည်။ ကျွန်ုပ်တို့နေထိုင်ရာ မဟာပထဝီမြေကြီးကို ဆိုလိုသည်။ ကမ္ဘာမကျေမှ ကမ္ဘာသည် မည်သည့်ကမ္ဘာဖြစ်သနည်း။ အဖွင့် ၂ ကမ္ဘာလည်းမဟုတ်၊ အဖွင့် ၃ ကမ္ဘာလည်းမဟုတ်၊ အဖွင့် ၁ ကမ္ဘာဖြစ်သည်။ မဟာကပ်ဖြစ်သော ကမ္ဘာကိုဆိုလိုသည်။ ကမ္ဘာမကျေမှ ကမ္ဘာသည် ကတ္တားပုဒ်မဟုတ်။ အချိန်ပြ ပုဒ်သာဖြစ်သည်။ “ကပ်ကမ္ဘာများစွာတိုင်အောင်၊ မဟာကပ်ကမ္ဘာ အချိန်ကြာမြင့်စွာတိုင်အောင်” ဟူသောအနက်ဖြင့် အချိန်ပြပုဒ်ဖြစ်သည်။ “မဟာ ပထဝီ-ကမ္ဘာမြေကြီး မပျောက်ကွယ်ဟုလည်း မဆိုလို။ သတ္တလောကကြီး မပျောက်ကွယ်ဟု လည်းမဆိုလို။” ကမ္ဘာသည် အချိန်ပြပုဒ်သာဖြစ်သည်။

 

 မြန်မာပြည်ဟူသော အမည်ဝေါဟာရ၊ မြန်မာပြည်ဟူသော ဥဒါန်းစကားကိုဆိုလို

 

ဤသို့ဆိုလျှင် ကမ္ဘာမကျေတွင် ကမ္ဘာက အချိန်ပြပုဒ်ဖြစ်၍ မကျေက ကြိယာပုဒ်ဖြစ်သော် ကတ္တားကားအဘယ်နည်း။ ကတ္တားမှာ ကမ္ဘာမကျေနောက်မှ ကပ်လျက်ပါလာသော “မြန်မာပြည်” ဖြစ်သည်။ မြန်မာပြည်ဟုဆိုရာတွင်လည်း ကျွန်ုပ်တို့ နေထိုင်ရာ မြေပုံပါမြန်မာပြည်ကြီးကို ဆိုလိုခြင်းမဟုတ်။ မြန်မာပြည်ဟူသော အမည်ဝေါဟာရ၊ မြန်မာပြည်ဟူသော ဥဒါန်းစကားကို ဆိုလိုခြင်း ဖြစ်ပါသည်။

 

ဤတွင် ဖြစ်ပျက်တတ်သည့်သဘောသဘာဝ ဝေါဟာရကို ဝေဖန်သုံးသပ်ရသော် ကမ္ဘာမကြေ “ကမ္ဘာကြီး မုန့်မုန့်ညက်ညက်မဖြစ်” ဟူသောဝေါဟာရ၊ အသုံးမရှိနိုင်ပါ။ “ကမ္ဘာကြေသည်၊ ကမ္ဘာ မြေကြီးမုန့်မုန့်ညက်ညက်ဖြစ်သည်” ဟူသော အတိဿယဝုတ္တိ အလင်္ကာဝေါဟာရသာ ရှိနိုင်သည်။ ထို့အတူ “ကမ္ဘာကျေသည်” ဟူသော ဝေါဟာရမရှိနိုင်။ ကမ္ဘာမကျေဟူသော ဝေါဟာရသာ ရှိနိုင်သည်ဟု ဆင်ခြင်နိုင်ကြပါသည်။

“ကမ္ဘာကြေလည်း၊ မကျေတို့ဘဲ” (သခင်ကြီး ဧချင်း) ဆိုသည်မှာ “ဤကမ္ဘာမြေ မဟာပထဝီသည် မုန့်မုန့်ညက်ညက် ကြေမွပျက်စီးသွားသော်လည်း ဥဒါန်းမော်ကွန်းမကျေ”ဟု ဆိုလိုပေသည်။

 

“ပြစ်ပြစ်ပျက်ကြေ၊ နိုင်သောထွေကို၊ မကျေကမ္ဘာ” (သုံးထောင်မှူးဆိုထွတ်ဦးစွန်းကို ချီမော်ကွန်း)ဆိုသည်မှာ “အကုန်အစင် ပျက်စီးကြေမွသည်အထိနိုင်သောအဖြစ်မှာ ကမ္ဘာပတ်လုံးပြောထုံး မော်ကွန်းဥဒါန်းမကျေရာ”ဟု ဆိုလိုပါသည်။

 

“ကမ္ဘာမကျေ မြန်မာပြည်” ဆိုသည်မှာ “ကပ်ကမ္ဘာများစွာ ကြာမြင့်သည့်တိုင်အောင် ဥဒါန်းမကျေ ပြောစမှတ် တွင်နေမည့် မြန်မာပြည်”ဟု ဆိုလိုပါကြောင်း ဖော်ပြလိုက်ရပါသည်။ ။