နေပြည်တော် ၁၀ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယပတ် ကြာသပတေးနေ့ကို “ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့” အဖြစ်သတ်မှတ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအားလုံးမှာ နှစ်စဉ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံတွင်လည်း သက္ကရာဇ် ၂၀ဝ၀ ပြည့်နှစ်မှစ၍ စတင်ကျင်းပခဲ့ပါကြောင်း။
ယခုနှစ်၏ ကမ္ဘာ့မျက် မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်မှာ “Vision First” “အမြင် အာရုံကောင်းစေဖို့ ဉီးစားပေးကာ ဆောင်ရွက်စို့”ဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံးက မျက်စိကျန်းမာရေး အမြင်အာရုံကောင်းမွန်စေရန် ဉီးစားပေးကာ မျက်စိစမ်းသပ်ကြရန်နှင့် လိုအပ်လျှင် ကုသမှုခံယူကြရန် တိုက်တွန်းနှိုးဆော်လိုခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ခန့်မှန်းချက်အရကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့သူပေါင်း (၂၄၆)သန်းနှင့် မျက်စိကွယ်သူ ပေါင်းမှာ (၃၉)သန်းခန့်ရှိရာ အမြင်အာရုံချို့တဲ့သူများ၏ ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြပြီး ၈၀ ရာခိုင်နှုန်းမှာ ကာကွယ်ကုသ၍ ရရှိနိုင်ကြောင်း။
၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့သော အမျိုးသားအဆင့် မျက်မမြင် ဖြစ်ပွားမှုနှုန်း စစ်တမ်းအရ မြန်မာနိုင်ငံတွင် အသက်(၅၀)နှင့် အထက်ပြည်သူများ အကြားတွင် မျက်မမြင် ဖြစ်ပွားမှုနှုန်း (၂ ဒသမ ၉ ရာခိုင်နှုန်း)ရှိပြီး အတွင်းတိမ်ရောဂါမှာ မျက်စိကွယ်ခြင်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မျက်စိအတွင်းတိမ်ရောဂါကို ထိထိရောက်ရောက် ကုသမှုပေးနိုင်ခြင်းဖြင့် မျက်မမြင်လျော့နည်းရေးကို ဦးတည်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ WHO ၏ ရည်မှန်းချက်ဖြစ်သော အတွင်းတိမ်ခွဲစိတ်မှုနှုန်းမှာ လူဦးရေ(၁)သန်းလျှင် (၃၀ဝ၀)သတ်မှတ်ထားရာ ယခုအခါတွင် အတွင်းတိမ်ခွဲ စိတ်မှုနှုန်းမှာ (၂၀၁၈) ခုနှစ်တွင် (၂၂၈၀)အထိ တိုးတက်လာပြီဖြစ်ပါကြောင်း၊ ပြည်သူလူထုအား ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှု ပိုမိုစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် မျက်စိဆရာဝန်များနှင့် မျက်မှန်ကျွမ်းကျင်ဝန်ထမ်းများ ပိုမိုမွေးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါသည် WHO ၏ (Elimination Criteria for Trachoma) သတ်မှတ်ချက်ဖြစ်တဲ့ ကူးစက်မျက်ခမ်းစပ် ဖြစ်ပွားနှုန်း (၁နှစ်မှ ၉ နှစ်အထိ ကလေးများ) ၅ ရာခိုင်နှုန်း အောက်သို့ကျဆင်းရေးနှင့် မျက်တောင်စိုက် မျက်တောင်မွှေးစူး ရောဂါကို ဖြစ်ပွားနှုန်း ဝ ဒသမ ၁ ရာခိုင်နှုန်းအောက်သို့ လျော့ကျစေရေးတို့မှာ ပြည့်မီနေပြီဖြစ်ပါကြောင်း။
သို့ဖြစ်၍ ၂၀၂၀ ခုနှစ်တွင် မျက်ခမ်းစပ်ရောဂါ ကင်းစင်ကြောင်း ကြေညာနိုင်ရန်အတွက် မျက်ခမ်းစပ်ရောဂါဖြစ်ပွားနှုန်း စစ်တမ်းကောက်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပဏာမမျက်စိ ကျန်းမာရေးစောင့်ရှောက်မှု (Primary Eye Care) ကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပဏာမမျက်စိကျန်းမာရေး စောင့်ရှောက်မှုသင်တန်းများ ပို့ချခြင်း၊ ကျောင်းများတွင် မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ကျေးလက်ဒေသအထိ ကွင်းဆင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို နှစ်စဉ်တိုးမြှင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ရည်မှန်းချက်ဖြစ်သော (၂၀၂၀)ခုနှစ်တွင် ကာကွယ်ကုသ၍ရသော မျက်စိရောဂါများ လျော့နည်းပပျောက်ရေး ဆောင်ရွက်နိုင်မည်ဖြစ်၍ အင်တိုက်အားတိုက်ပူးပေါင်း ဆောင်ရွက်ပြီး ပြည်သူတစ်ရပ်လုံး အနေနှင့် မျက်စိကျန်းမာရေးကို အလေးထားပြီး စမ်းသပ်စစ်ဆေးကုသမှုကို ခံယူကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနားတွင် ပြသထားသော ဓာတ်ပုံပြခန်းများနှင့် မျက်စိစစ်ဆေး စမ်းသပ်ပေးနေမှုများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးရှိ မကြာမီဖွင့် လှစ်တော့မည့် (၅)ထပ်လူနာဆောင်သစ်ကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


