နေပြည်တော် အောက်တိုဘာ ၁၀
“၂၀၂၅ ခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန (ရုံးအမှတ်-၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းဖော်ပြချက်အရ ကမ္ဘာပေါ်ရှိ လူဦးရေ တစ်ဘီလီယံခန့်သည် အမြင်အာရုံထိခိုက်မှု ခံစားနေကြရပြီး ၉၀ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်ကြောင်း၊ အမြင်အာရုံထိခိုက်မှု၏ ၈၀ ရာခိုင်နှုန်း သည် ကာကွယ်ကုသနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် မျက်စိမမြင်ခြင်းကို ဖြစ်စေနိုင်သော ရောဂါများအနေဖြင့် အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို၊ သွေးတိုးရောဂါတို့ကြောင့် ဖြစ်စေနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါ ကင်းဝေးကြောင်း (Trachoma Elimination in Myanmar) ကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း။
မျက်ခမ်းစပ်ကဲ့သို့ ကူးစက်နိုင်သောမျက်စိရောဂါများ လျော့နည်းသွားသော်လည်း ဆီးချို၊ သွေးတိုး ရောဂါများ၏ နောက်ဆက်တွဲမျက်စိရောဂါပြဿနာများ ဦးမော့မလာစေရေးအတွက် မကူးစက်နိုင်သော ရောဂါများကာကွယ်ကုသရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် ကလေးငယ်များ မျက်စိကျန်းမာရေးအတွက် ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များတွင် မျက်စိကျန်းမာရေးစစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါဖြစ်သော အတွင်းတိမ်ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် အတွင်းတိမ်ခွဲစိတ်ခြင်းကို ဆေးရုံများ၌သာမက ကွင်းဆင်းကုသမှုအနေဖြင့် ကွင်းဆင်း အတွင်းတိမ်ခွဲစိတ်ခြင်း (Outreach Cataract Surgery)ကို ဆောင် ရွက်ပေးလျက်ရှိကြောင်း။
ယခုနှစ် ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ ဆောင်ပုဒ်သည် “Love Your Eyes” “အမြင်အာရုံ ကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့” ဖြစ်ကြောင်း၊ မျက်စိကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ ရရှိလာစေရေးအတွက် အတွေ့အကြုံများကို မျှဝေပေးခြင်းဖြင့် လူတစ်ဦး ချင်းစီတိုင်း အမြင်အာရုံကို ဦးစားပေးတန်ဖိုးထားတတ်ပြီး ပုံမှန်မျက်စိစစ်ဆေးခြင်း၊ ရောဂါရှာဖွေ ခြင်းများကို ပြုလုပ်လာစေရေး၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို လူတိုင်းလက်လှမ်း မီစွာရရှိစေရေးအတွက် ဝိုင်းဝန်း ပံ့ပိုးပေးကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အထိမ်းအမှတ် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှု ပြီး မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် မျက်မှန်များထောက်ပံ့ပေးခြင်း အစီအစဉ် ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


