နေပြည်တော် ၂ သြဂုတ်
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review−UPR)ဆိုင်ရာ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၁၀:ဝ၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် UPR အစီရင်ခံစာဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ မြန်မာနိုင်ငံ၏ အစီရင်ခံစာကို ပြုစုလျက် ရှိပါကြောင်း၊ အစီရင်ခံစာတွင် ပါဝင်ရမည့် အခန်းကဏ္ဍနှင့် အကြောင်းအရာများအလိုက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများက စာတမ်းများနှင့် အချက်အလက်များကို ပြုစုပေးပို့ခဲ့ပါကြောင်း၊ အဆိုပါ အချက်အလက်များကို အခြေခံ၍ စာတမ်းပြုစုရေး ကော်မတီက လေ့လာပြုစု ခဲ့ပြီး အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီသို့ ဆက်လက်တင်ပြခဲ့ပါကြောင်း၊ အစီရင်ခံစာ ပြုစုရေး လုပ်ငန်းကော်မတီအနေဖြင့် တင်ပြလာသည့် မူကြမ်းအပေါ် စိစစ်တည်းဖြတ် ဖြည့်စွက်ပြီး ယနေ့အစည်းအဝေးတွင် အစီရင်ခံစာမူကြမ်းကို တင်ပြထားပါကြောင်း၊ တက်ရောက် လာကြသူများက အဆိုပါ မူကြမ်းအပေါ် လေ့လာ၍ ပြင်ဆင်ဖြည့်စွက်ရန် ရှိသည်များကို ညှိနှိုင်းဆွေးနွေး အကြံပြုပေးရန် ဖြစ်ပါကြောင်း၊ အကြံပြုဆွေးနွေးချက်များ နှင့်အညီ ပြင်ဆင်ဖြည့်စွက်သည့် မူကြမ်းကို အမျိုးသားအဆင့် ကော်မတီသို့ တင်ပြမည် ဖြစ်ပါကြောင်း၊ အစီရင်ခံစာမူကြမ်းအပေါ် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ် သောအဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ဆွေးနွေး အကြံပြုချက်များ ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပြည့်စုံကောင်းမွန်သည့် အစီရင်ခံစာ တစ်ရပ် ပြုစုနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းများက မိမိတို့၏ ဖြစ်ပေါ် တိုးတက်မှုများကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပေးကြရန် လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသည့် ဌာနအဖွဲ့အစည်း အသီးသီးက အစီရင်ခံစာ မူကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)


