နေပြည်တော် ၁၀ ဇူလိုင်
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR)အရ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ National Report ကို ၂၀၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ် ဖတ်ကြားတင်သွင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယအကျော့ UPR အစီရင်ခံစာ တင်သွင်းခြင်း ကို ယခုနှစ် အောက်တိုဘာလတွင် တင်သွင်းရမည်ဖြစ်ပါကြောင်း၊ အစီရင်ခံစာပြုစုရေးကော်မတီ အနေဖြင့် UPR အစီရင်ခံစာ (စတုတ္ထမူကြမ်း) (အပြီးသတ်မူကြမ်း) ကို UPR အမျိုးသား အဆင့်ကော်မတီသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ UPR အကြံပြုချက်များတွင် အစိုးရအနေဖြင့် လူ့အခွင့်အရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် ယန္တရားတစ်ရပ် ထူထောင်ရန် တိုက်တွန်းထားပါကြောင်း၊ အဆိုပါ ယန္တရားတစ်ရပ် ထူထောင်နိုင်ရေးအတွက် ဖွဲ့စည်းမည့်အဖွဲ့နှင့် တာဝန်များကို ဝိုင်းဝန်းဆွေးနွေး ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာနှင့် စပ်လျဉ်း၍ အမျိုးသားအဆင့်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် ယန္တရားတစ်ရပ် ထူထောင်နိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ National Report ဖတ်ကြားတင်သွင်းနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က္ကဌ ဦးလှမြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


