နေပြည်တော် ၁၈ မတ်
“ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review - UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ” ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်လှထွန်းနှင့် ဒေါက်တာဒေါ်မြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review - UPR)” အရ မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက် (၁၆၆)ချက်နှင့် ပတ်သက်၍ ကဏ္ဍ(၁၂)ရပ်အပေါ် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီက ပြုစုတင်ပြလာသည့် အစီရင်ခံစာ (မူကြမ်း) တို့ကို အကြံပြုသုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။
၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် “အမျိုးသားအဆင့်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး”တွင် အစည်းအဝေးဆုံးဖြတ်ချက် (၉)ချက်ချမှတ်ခဲ့ရာ ဆုံးဖြတ်ချက်များအားလုံး ဆောင်ရွက်ပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ကဏ္ဍ(၁၂)ရပ်အပေါ် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ တင်ပြချက်များအရ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆိုရန်ကိစ္စရပ်များ” (၄၁)ချက်တွင် ဆောင်ရွက်ပြီး (၁၃)ချက်၊ ဆောင်ရွက်ဆဲ (၂၈)ချက်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ခံ ဆောင်ရွက်နေသော “အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ” (၇)ချက်တွင် ဆောင်ရွက်ပြီး (၁)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ” (၄)ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၂)ချက်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တာဝန်ယူဆောင်ရွက်ရသည့် “ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ” (၁၉) ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၁၇)ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေးကိစ္စနှင့် မြေသိမ်းမှုကိစ္စရပ်များ” (၁၀)ချက်တွင် ဆောင်ရွက်ပြီး (၄)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကျား/မတန်းတူရည်တူရှိမှု မြှင့်တင်ရေးကိစ္စရပ်များနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေးကိစ္စရပ်များ” (၁၅)ချက်တွင် ဆောင်ရွက်ပြီး (၉)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်နှင့် ခွဲခြားမှုမပြုရေးကိစ္စရပ်များ (၁၅)ချက်တွင် ဆောင်ရွက်ပြီး (၇)ချက်၊ ဆောင်ရွက်ဆဲ (၈)ချက်၊ ပညာရေးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များ” (၁၃)ချက်တွင် ဆောင်ရွက်ပြီး (၈)ချက်၊ ဆောင်ရွက်ဆဲ (၅)ချက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိစ္စရပ်များ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကိစ္စရပ်များ” (၁၈)ချက်တွင် ဆောင်ရွက်ပြီး (၁၄)ချက်၊ ဆောင်ရွက်ဆဲ (၄)ချက်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များ” (၅)ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၃)ချက်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်ရသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ” (၁၂)ချက်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ခံ ဆောင်ရွက်နေသော “နိုင်ငံသားစိစစ်ရေးကိစ္စရပ်များ၊ ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းနေရသူများ ကိစ္စရပ်များနှင့် လူကုန်ကူးခြင်းကိစ္စရပ်များ” (၇)ချက်တို့သည် ဆောင်ရွက်ဆဲကိစ္စရပ်များဖြစ်ပြီး စုစုပေါင်းအကြံပြုတိုက်တွန်းချက် (၁၆၆)ချက်တွင် ဆောင်ရွက်ပြီး (၆၂)ချက်နှင့် ဆောင်ရွက်ဆဲ (၁၀၄)ချက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ အချက်များထဲမှ စဉ်ဆက်မပြတ် လုပ်ဆောင်နေရမည့် ကိစ္စရပ်များမှလွဲ၍ ကျန်ကိစ္စရပ်များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် အလေးထားဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ကဏ္ဍ (၁၂)ရပ်အလိုက် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများ တင်ပြလာမှုအပေါ် အခြေခံ၍ အစီရင်ခံစာ(မူကြမ်း)အား ရေးသားပြုစုပြီး ဖြစ်ပါကြောင်း၊ အဆိုပါအစီရင်ခံစာ(မူကြမ်း)ကို အမျိုးသားအဆင့် ကော်မတီဝင်များအားလုံးသို့ ဖြန့်ဝေပေးပြီးဖြစ်သဖြင့် အကြံပြုလိုသည့်အချက်များရှိပါက ဆွေးနွေးအကြံပြုပေးကြစေလိုပါကြောင်း၊ အစီရင်ခံစာ(မူကြမ်း)တွင် အပိုင်း(၅)ပိုင်း ပါဝင်ကာ မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ အသေးစိတ်ကို ထည့်သွင်းဖော်ပြထားပါကြောင်း။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ တင်ပြမှုအရ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်မှ ၁၃ ရက်အထိ Universal Periodic Review (UPR) လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ကျင်းပပြုလုပ်မည်ဟု သိရှိရသည့်အတွက် UPR အစီရင်ခံစာ (မူချော) မြန်မာဘာသာကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလဒုတိယပတ်အတွင်း အပြီးသတ်ပြုစုဆောင်ရွက်ရန်နှင့် အင်္ဂလိပ်ဘာသာပြန်ဆိုမှုကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မေလပထမပတ်အတွင်း အပြီးသတ် ရေးသားပြုစုနိုင်ရေး အထူးကိစ္စရပ်တစ်ခု အဖြစ်သတ်မှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ အစီရင်ခံစာ(မူချော)အား မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပြုစုပြီးချိန်တွင်လည်း UPR ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မိမိတို့၏ဆောင်ရွက်ချက်များထဲမှ အထူးအလေးပေး ဖော်ပြလိုသည့် ကိစ္စရပ်အသစ်များရှိပါက “အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ” ထံသို့ ပေးပို့ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ယနေ့ကာလတွင် မိမိတို့နိုင်ငံအပေါ် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာကနည်းမျိုးစုံဖြင့် ဝိုင်းဝန်းထိုးနှက်နေသည့် အချိန်ဖြစ်သည့်အတွက် အထူးဂရုပြု ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဘက်မှ မည်သို့ပင်ဖြေရှင်း ကြိုးပမ်းဆောင်ရွက်နေသော်လည်း အချို့သောနိုင်ငံများနှင့် အဖွဲ့အစည်းများက မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အသိအမှတ်မပြုဘဲ သက်သေခိုင်လုံမှုမရှိသည့် အကြောင်းအရာများကို အခြေခံပြီး စွပ်စွဲပြောဆိုနေကြသည်ကိုလည်း စိတ်မကောင်းစွာ တွေ့ရှိနေရပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာ၏ စွပ်စွဲချက်များသည် မှန်ကန်မှုမရှိကြောင်းကို အကောင်းဆုံးသက်သေပြနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှသာ မိမိတို့နိုင်ငံအပေါ် ကျရောက်လာနိုင်သည့် မလိုလားအပ်သော ဘေးအန္တရာယ်များကို ဖယ်ရှားနိုင်ပြီး ပြည်သူတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြည်တွင်း/ပြည်ပ ဖိအားများအပေါ် မည်မျှထိ ရင်ဆိုင်ဖြေရှင်းနေရသည်ကို ပြည်သူများသိရှိအောင် ချပြရန်လိုအပ်မှာဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့နည်းတူ ပြည်သူများကလည်း တစ်ဖက် တစ်လမ်းက ဝိုင်းဝန်းပူးပေါင်းကာ ကူညီဆောင်ရွက်ပေးလာအောင် စည်းရုံးဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း၊ INGO ၊ NGO များနှင့် CSO များ၏ အားကိုလည်း ရယူဆောင်ရွက်ရန် လိုအပ်ပြီး ၎င်းတို့၏ အကြံပြုချက်များကို အလေးအနက်ထား ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့ရေးသားပြုစုနေသည့် အမျိုးသားအဆင့် အစီရင်ခံစာ (National Report) သည် ပိုမိုပြီးပြည့်စုံလာမည်ဟု ထင်မြင်ယူဆပါကြောင်း။
တာဝန်ခံဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းကော်မတီနှင့် ကော်မတီများ၏ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကြောင့် ယခုဆိုလျှင် National Report သည် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပြီ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကလည်း တာဝန်ယူထားသည့် ကဏ္ဍအလိုက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးနေကြသည့်အတွက် တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုပြုစုရေးသားထားသည့် National Report ကို ကြည့်ရှုလေ့လာမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ မရှိသည်ကို ဖော်ထုတ်ပြသနိုင်မည် ဖြစ်သည့်အပြင် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှုရှိစေရေးအတွက် ဘက်ပေါင်းစုံက အစွမ်းကုန်ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ အစီရင်ခံစာ (မူကြမ်း) အပေါ် အကြံပြုလိုသည်များနှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review - UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် Universal Periodic Review (UPR) အကြံပြုတိုက်တွန်းချက် (၁၆၆)ချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကဏ္ဍ (၁၂)ရပ်နှင့် စပ်လျဉ်း၍ တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် “အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ” ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆/၂၁ ၏ နောက်ဆက်တွဲပါ အပိုဒ်(၅)အရ မြန်မာနိုင်ငံက တင်သွင်းမည့် အမျိုးသားအဆင့်အစီရင်ခံစာ (မူကြမ်း) နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်တို့က လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆/၂၁ ၏ နောက်ဆက်တွဲပါ အပိုဒ်(၅)အရ မြန်မာနိုင်ငံက တင်သွင်းမည့် အစီရင်ခံစာ(မူကြမ်း)နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြံပြု ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


