နေပြည်တော် ၆ ဩဂုတ်

 

ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် Universal Periodic Review (UPR) နှင့်ပတ်သက်၍ အမျိုးသားအဆင့် စတုတ္ထအကြိမ် အစီရင်ခံစာ (မူကြမ်း) အပေါ် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စုစည်းတင်ပြဆောင်ရွက်ရသည့် အချက်အလက်များ ပိုမိုတိကျ ခိုင်မာအားကောင်းစေရေး သုံးသပ်ခြင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

 

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review - UPR) ၏ အကြံပြုတိုက်တွန်းချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက် (၁၆၆)ချက်နှင့် ကဏ္ဍ (၁၂)ရပ်တို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကျား - မ တန်းတူရည်တူရှိမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထိခိုက်ခံစားလွယ်သောအုပ်စုများ ကာကွယ်ရေးကိစ္စရပ်များ အချက် (၁၅)ချက်၊ ခွဲခြားမှုမပြုရေးကိစ္စရပ်များအချက် (၁၅)ချက်တို့ကို တာဝန်ယူရမည်ဖြစ်ရာ ကဏ္ဍအလိုက် စုစည်းတင်ပြ ဆောင်ရွက်လျက်ရှိသည့် အချက်အလက်များနှင့် ပတ်သက်သည့်ကိစ္စများ၊ အခြားဝန်ကြီးဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် သဘောထားမှတ်ချက်တောင်းခံလာသည့် အချက်များကို ပြန်လည်ဖြေကြား ဆောင်ရွက်နေသည့်ကိစ္စများ၊ စတုတ္တအကြိမ်အစီရင်ခံစာ (မူကြမ်း)ပါ အချက်အလက်များ ပိုမိုအားကောင်းစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က ထပ်မံဖြည့်စွက်ရန်အချက်များကို ဆွေးနွေးကြရာ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားချိန်အတွင်း ထိခိုက်လွယ်အုပ်စုများအပါအဝင် ပြည်သူအားလုံးကို ခွဲခြားမှုမရှိဘဲ တစ်ဦးတစ်ယောက်မျှ ချန်ရစ်မထားရေးမူဖြင့် လူ့အခွင့်အရေးများကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်တုံ့ပြန်နိုင်မှုများ၊ IDP Camp များတွင် လိုအပ်သော ပံ့ပိုးမှုများကို လက်တွေ့ဖြည့်ဆည်း ဆောင်ရွက်ပေးမှုများ၊ မသန်စွမ်းသူများအတွက် အစိုးရက ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး ထောက်ပံ့ပေးနေမှုများပါဝင်ရေး၊ ကဏ္ဍအလိုက် ရေရှည်ဆောင်ရွက်မှုများကို မိမိတို့ဝန်ကြီးဌာနက ရေးသားပြုစုထားသော အချက်အလက်များသည် တိုတိုရှင်းရှင်းနှင့် ထိမိပေါ်လွင်စေရေး၊ ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ လူ့အခွင့်အရေးများကို မိမိတို့နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆောင်ရွက်ပြီးကိစ္စများနှင့် ဆောင်ရွက်ဆဲကိစ္စများကိုလည်း အချိန်ကာလ သတ်မှတ်ဖော်ပြနိုင်ရေး၊  ဘာသာပြန်အရေးအသားများသည် တိုတိုထိထိဖြင့် လိုရင်းအဓိပ္ပါယ်ပေါ်လွင်စေရေး၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေများကို မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အမှန်ဖော်ဆောင်ပေးလျက်ရှိသည့် အခြေအနေများကို ဤအစီရင်ခံစာတွင် ပွင့်လင်းမြင်သာစွာ ကမ္ဘာကသိရှိစေရန် ဆောင်ရွက်ရေးနှင့် သတ်မှတ်ရက်အမီ တင်ပြနိုင်ရေးတို့ကို အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းညှိနှိုင်း ပြောကြားခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်