ကမ္ဘာနှင့် ချီသည့် အမှိုက်ပြဿနာ

၂၇ မေ

“အမှိုက်ကစ  ပြာသာဒ်မီးလောင်” ဟူသော    မြန်မာစကားပုံကဲ့သို့ပင် အသေးအဖွဲဟု ယူဆရသည့် အရာတစ်ခုခုကို အကြောင်းပြု၍ ထိပ်ဆုံးသို့ ရောက်အောင် တက်သွားသည့် ပြဿနာ။ အမှန်တကယ်အားဖြင့်လည်း အမှိုက်ကြောင့် ကမ္ဘာ့အရှေ့ပိုင်းမှနိုင်ငံနှင့် ကမ္ဘာ့အနောက်ပိုင်းမှ နိုင်ငံတို့ အကြား တင်းတင်းမာမာ အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်ကာလကတည်းက ကနေဒါနိုင်ငံမှ အမှိုက်တန်ချိန် ၁၅၀ဝ ခန့်သည် ကွန်တိန်နာ ၆၉ လုံးနှင့် အပြည့်အသိပ်ထည့်ကာ ဖိလစ်ပိုင်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စသည် မိမိတို့ နိုင်ငံ အား စော်ကားခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်က ယူဆကာ ကိုယ့်အမှိုက်ကိုယ် သိမ်းပေးရန် ကနေဒါကို အရေးဆိုနေခြင်းဖြစ်သည်။

လူတို့သုံးစွဲပြီးနောက် စွန့်ပစ်လိုက်သော ပစ္စည်းများ တစ်နည်းအားဖြင့် အမှိုက်များ  ဆွေးမြည့်ပျက်စီးနိုင်ခဲ့သည့်  ခေတ်ကာလများတွင်  အမှိုက်သည် ကြီးမားသည့်ပြဿနာ မဟုတ်ခဲ့သော်လည်း ပလတ်စတစ်ကဲ့သို့သော ဆွေးမြည့်ပျက်စီးရန်  လွန်စွာခဲယဉ်းလှသည့်  အရာဝတ္ထုများ  ပေါ်ပေါက်လာသည့် ခေတ်ကာလသို့ ရောက်ရှိချိန်မှစ၍ အမှိုက်သည် ပြည်တွင်းပြည်ပ ကမ္ဘာနှင့်ချီသည့်    ပြဿနာတစ်ရပ်   ဖြစ်လာသည်။ မကြာသေးသည့် ရက်ပိုင်းအတွင်းက  ရန်ကုန်မြို့   စမ်းချောင်းမြို့နယ်အတွင်းမှ  နှစ်ပေါင်း များစွာ မရှင်းလင်းနိုင်ခဲ့သော မြေအောက်ရေမြောင်းတစ်ခုကို ရှင်းလင်းခဲ့ရာ  စွန့်ပစ်ပလတ်စတစ်  ရေသန့်ဘူးခွံနှင့်  ဖော့များ  အများစုပါဝင်သည့် အမှိုက်တန်ချိန်များစွာ   ထွက်လာသည်။   အမှိုက်များ   ပိတ်ဆို့နေပြီး ရေမြောင်းများ ရေမစီးနိုင်ခြင်းကြောင့် မိုးရွာတိုင်းရေလျှံရသည့် ဖြစ်စဉ်များတွင်     စည်းကမ်းမဲ့စွန့်ပစ်ထားသည့်     အမှိုက်များနှင့်     ပလတ်စတစ် အမှိုက်များက အခြေခံအကြောင်းရင်းများအနက် တစ်ခုဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်သည့် မြန်မာ့ပင်လယ်ပြင်တွင် မိုက်ခရိုပလတ်စတစ်ပါဝင်မှု အချိုးအစားသည် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ဆက်စပ်သည့် ပင်လယ်ပြင်တွင် ပါဝင်မှုနှုန်းထက် ပိုမိုမြင့်မားနေကြောင်း သတင်းနှင့် မြိတ်ကျွန်းစုများရှိ ပင်လယ်ရေအောက်သန္တာကျောက်တန်းများပေါ်တွင် စွန့်ပစ်ထားသော  ငါးဖမ်းပိုက်အဟောင်းများ အပါအဝင်  စွန့်ပစ်အမှိုက်များကို    ဆယ်ယူရှင်းလင်းနေသော    သတင်းများသည် လတ်တလောသတင်းများဖြစ်သည်။ မိုက်ခရိုပလတ်စတစ်များဆိုသည်မှာ နှစ်ပေါင်းများစွာကတည်းကပင် ပင်လယ်ထဲသို့ ရောက်လာသော စွန့်ပစ်ပလတ်စတစ်ပစ္စည်းအဟောင်းများက  ရေဒဏ်၊  နေဒဏ်၊  လှိုင်းဒဏ်၊ ရာသီဥတုဒဏ်များကြောင့် တစ်စတစ်စကျိုးကျေသွားခဲ့ပြီး ၅ မီလီမီတာ မီးခြစ်ဆံ ခေါင်းသာသာထက် သေးငယ်သော အရာကလေးများအဖြစ် ရောက်ရှိ သွားခြင်းပင်ဖြစ်သည်။ ၄င်းမိုက်ခရိုပလတ်စတစ်များကို အစာဟု ထင်မှတ်၍   စားမိကြခြင်းကြောင့် ရေသတ္တဝါများ  သေကျေပျက်စီး ကြရသည်။          ဝေလငါး၊      လင်းပိုင်နှင့်      ပင်လယ်ဖျံများအပါအဝင်   ရေသတ္တဝါကြီးများမှာလည်း ပလတ်စတစ်အမှိုက်များကြောင့် ဒုက္ခရောက် ကြရသည်။

ကမ္ဘာလုံးချီသည့် အမှိုက်ပုံကြီးမှာ ပစိဖိတ်မဟာအမှိုက်ပုံဟုခေါ်သော ဧရာမအမှိုက်ပုံကြီးဖြစ်သည်။ ၄င်းအမှိုက်ပုံကြီးသည် ဟာဝိုင်ယီကျွန်းနှင့် အမေရိကန်ပြည်ထောင်စု  ကယ်လီဖိုးနီးယားပြည်နယ်  ကမ်းရိုးတန်းတို့အကြား  လမ်းခုလတ်တွင်  ပစိဖိတ်သမုဒ္ဒရာအတွင်း  ပေါလောမျောနေ ခြင်းဖြစ်သည်။ 

အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ခြောက်သိန်းကျော်ပြီး   ပြင်သစ်နိုင်ငံ   အကျယ်အဝန်းထက်    သုံးဆပိုကြီးသည်။    နိုင်လွန် ပလတ်စတစ် ငါးဖမ်းပိုက်အဟောင်းများ၊ ငါးဖမ်းကိရိယာဟောင်းများ၊ နိုင်လွန်ကြိုးများနှင့်  အခြားပလတ်စတစ်အပိုင်းအစပေါင်း ၁ ဒသမ ၈ ထရီလီယံကျော်(အလေးချိန်အားဖြင့်    တန်ချိန်    ၉၀ဝဝဝ    ကျော်)  တို့ ပင်လယ်ရေစီးကြောင်းများကြောင့်      တစ်နေရာထဲတွင်    လာရောက် စုဝေးနေကြခြင်းဖြစ်သည်ဟု  သုတေသီတို့က ဆိုကြသည်။ ယင်းအမှိုက်ပုံကြီး မည်သည့်အချိန်ကစ၍   စုဝေးတည်ရှိနေသည်ကို    မသိရသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်ကမှ  စတင်သတိပြုမိခဲ့ကြခြင်း  ဖြစ်သည်။

ပလတ်စတစ်နှင့်   ဖော့ဘူးခွံများအပါအဝင်  မဆွေးမြည့်နိုင်သည့် ပစ္စည်းများကို    စနစ်တကျစီမံခန့်ခွဲသည့်နည်းလမ်းများဖြင့်    စွန့်ပစ်ရန် မြို့တိုင်းရွာတိုင်းတွင်     ကျင့်သုံးဆောင်ရွက်ကြရေး၊   အခြားနိုင်ငံများမှ စွန့်ပစ်အမှိုက်များ ပုံစံအမျိုးမျိုးဖြင့် ခေါင်းမြီးခြုံ၍ မိမိနိုင်ငံသို့ ရောက်ရှိ မလာရေးအတွက် သတိပြုနိုင်ကြပါစေကြောင်း။           ။

မြန်မာ့အလင်း