ကမ္ဘာ့ပျားနေ့ (World Bee Day) အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော် မေ ၂၀

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဦးစီးကျင်းပသည့် ကမ္ဘာ့ပျားနေ့ (World Bee Day)အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ် တာဝန်ခံရုံး၌ ကျင်းပသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကပျားမွေးမြူသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ကမ္ဘာ့ပျားနေ့ (World Bee Day) ပေါ်ပေါက်လာပုံနှင့်ပတ်သက်၍  Slovenia နိုင်ငံသား Anton Jansa သည် ၁၇၆၆ ခုနှစ်တွင် ကမ္ဘာ့ခေတ်မီ ပျားမွေးမြူရေးသမိုင်းကို ပထမဦးစွာ စတင်ခဲ့သူဖြစ်ကြောင်း၊ Anton Jansa ကို ဂုဏ်ပြုရန်အတွက် ၎င်း၏မွေးနေ့ဖြစ်သည့် မေ ၂၀ ရက်ကို ကမ္ဘာ့ပျားနေ့ သတ်မှတ်ရန် Slovenia နိုင်ငံက အဆိုတင်သွင်းခဲ့ပြီး ၂၀၁၇ ခုနှစ် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့၏ ညီလာခံတွင် နှစ်စဉ် မေ ၂၀ ရက်တွင် ကမ္ဘာ့ပျားနေ့ကျင်းပရန် တစ်ညီတညွတ်တည်း သဘောတူခဲ့ကြောင်း၊ ပထမဦးဆုံး ကမ္ဘာ့ပျားနေ့ကို ၂၀၁၈ခုနှစ်တွင် Slovenia တွင် စတင်ကျင်းပခဲ့ကြောင်း၊ ထို့အတူ ကမ္ဘာတစ်ဝန်း တွင်လည်း ကမ္ဘာ့ပျားနေ့ အခမ်းအနားများကို ကျင်းပကြပြီး ပျားရည်နှင့် ပျားထွက်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြကြောင်း၊

 

မြန်မာနိုင်ငံခေတ်မီပျားမွေးမြူရေးကို ၁၉၇၉ ခုနှစ်တွင်  လယ်ယာနှင့် သစ်တောဝန်ကြီးဌာနက ကမ္ဘာ့ကုလသမဂ္ဂအစီအစဉ်နှင့် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့တို့၏ ပူးပေါင်းကူညီမှုဖြင့် ဥရောပပျားမျိုး ပျားအုံ(၃၅၀)ကို ဩစတြေးလျနိုင်ငံမှ မှာယူပြီး ပျားမွေးမြူရေး ကျွမ်းကျင်သူ ပိုလန်နိုင်ငံသားနှင့် ခေတ်မီပျားမွေးမြူရေးလုပ်ငန်းကို စတင်ခဲ့ကြောင်း၊ ၁၉၇၉ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ သင်တန်းသား (၁၀)ဦးကို အခြေခံပျား မွေးမြူရေး သင်တန်းပို့ချခဲ့ကြောင်း၊ ၎င်းသင်တန်းသားထဲမှ ၆ ဦးကို ဩစတြေးလျနိုင်ငံသို့ ဒီပလိုမာလုပ်ငန်းခွင်သင်တန်းသို့ တက်ရောက်စေခဲ့ကြောင်း၊ ထို့နောက် အခြေခံပျား မွေးမြူရေးသင်တန်းဖွင့်လှစ်၍ သင်တန်းသားအမြောက်အမြားကို  လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပါကြောင်း။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ပျားမွေးမြူသူဦးရေ ၈၂၀ နှင့် ပုဂ္ဂလိက ပျားအုံ(၂၀၁၁၄၃) အုံအထိ တိုးတက်မွေးမြူလျက်ရှိကြောင်း၊ ပျားအုံပေါင်း ၂၀၁၁၄၃ အုံမှ ပျားရည် ၆၅၀၀ မက်ထရစ်တန် ထုတ်လုပ်၍ တစ်နှစ်ပျှမ်းမျှ (၂၅၀၀) မက်ထရစ်တန် နိုင်ငံခြားသို့ တင်ပို့လျက်ရှိပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းရရှိလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ပျားမွေးမြူရေးကဏ္ဍမှ နှစ်စဉ်စိုက်ပျိုးဧက သိန်း ၂၀ ခန့် ဝတ်မှုန်ကူး ဝန်ဆောင်မှုပေးလျက်ရှိပြီး ယခုဘဏ္ဍာနှစ်တွင်လည်း မြန်မာနိုင်ငံ နေကြာစိုက်ဧက၏ ၁၁ ရာခိုင်နှုန်းကို ဝတ်မှုန်ကူးမှု ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေသပျားမျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက် နိုင်ခြင်းသည် တစ်ဖက်တစ်လမ်းမှ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုပါ စောင့်ရှောက်ခြင်း ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်အတွက် အရေးပါလှသည့်ပျားများကို ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းမှာ ကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ကမ္ဘာ့ပျားနေ့ အထိမ်းအမှတ် ပျားဘုရင်မ သားလောင်းကော်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်နှင့် ဦးမောင်တင့်တို့က ပြိုင်ပွဲစည်းကမ်း၊ အမှတ်ပေး စည်းမျဉ်းများနှင့် ပျားဘုရင်မ သားလောင်းကော်ခြင်းနည်းပညာနှင့် လုပ်ငန် စဉ်အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပျားဘုရင်မသားလောင်း ကော်စွမ်းရည်ဆုများ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ ပထမ၊ ဒုတိယ၊ တတိယအဆင့်ရရှိသည့် ကျွမ်းကျင်လုပ်သားများနှင့် ပျားစခန်း တာဝန်ခံများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

(သတင်းစဉ်)