ကမ္ဘာ့ပျော်ရွှင်မှုအညွှန်းကိန်းတွင် ဂျပန်နိုင်ငံ အဆင့် ၅၈ သတ်မှတ်ခံရ

 

လူမှုရေးဆိုင်ရာ သက်သာချောင်ချိရေး အစီအစဉ်ကောင်းမွန်မှုနှင့် ပညာရေးအဆင့်အတန်းမြင့်မားသော နောဒစ်တိုင်းပြည်များမှ ပြည်သူများမှာ ၎င်းတို့၏ဘဝကို စိတ်ကျေနပ်မှုအရှိဆုံးဖြစ်ကြောင်း ကမ္ဘာ့ပျော်ရွှင်စရာအကောင်းဆုံး နေရာများဆိုင်ရာ အစီရင်ခံစာကဆိုသည်။

 

ဂျပန်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်ကထက် အဆင့် ၄ ဆင့်လျော့ချကာ အဆင့် ၅၈ နေရာတွင် ရှိနေသည်။ ကုလသမဂ္ဂ စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကွန်ရက်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာက နိုင်ငံသားများက မည်မျှအထိပျော်ရွှင်သည်ကို ကမ္ဘာ့နိုင်ငံနှင့် နယ်မြေ ၁၅၆ ခု ကို အဆင့်သတ်မှတ်ခြင်းဖြစ်သည်။ အဆိုပါ နှစ်စဉ်ထုတ်ပြန်နေကျ စစ်တမ်းက ပြည်တွင်းထုတ်လုပ်မှု တန်ဖိုး၊ လူ့သက်တမ်းနှင့် လူမှုရေးဆိုင်ရာ လွတ်လပ်မှုကဲ့သို့သော အချက်များကိုအခြေခံ၍ တွက်ချက်ခြင်းဖြစ်သည်။

 

 

ယမန်နေ့ကထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာတွင် ဖင်လန်နိုင်ငံက နှစ်နှစ်ဆက်တိုက် ထိပ်ဆုံး တွင် ရပ်တည်ခဲ့သည်။ ဒိန်းမတ်နိုင်ငံက ဒုတိယနေရာတွင်ရှိကာ နော်ဝေနိုင်ငံက တတိယနေရာ ရပ်တည် ခဲ့သည်။ ဗြိတိန်နိုင်ငံက အဆင့် ၁၅ နှင့် အမေရိကန်ပြည်ထောင်စုက အဆင့် ၁၉ ဖြစ်သည်။

 

 G-7 နိုင်ငံ များတွင် ဂျပန်နိုင်ငံက အောက်ဆုံးအဆင့်ဖြစ်သည်။ ဂျပန်နိုင်ငံမှာ ပြည်သူများက ကျန်းမာစွာ နေထိုင် နိုင်ခြင်းရှိသော်လည်း လူမှုရေးဆိုင်ရာ လွတ်လပ်မှုနှင့် သဒ္ဓါတရားထက်သန်မှုတို့တွင် ရမှတ်နည်းပါးမှု ကြောင့် ထိုအဆင့်၌ သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

 

အဆင့် ၁၅၆ နေရာ၌ရှိသည့် တောင်ဆူဒန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ပျော်ရွှင်စရာအနည်းဆုံးနိုင်ငံ ဖြစ်သည်။ တောင်ဆူဒန်နိုင်ငံ၌ နှစ်ပေါင်းများစွာကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်နှစ် ဩဂုတ်လ အတွင်း ငြိမ်းချမ်းရေး သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

 

ကိုးကား-အန်အိတ်ခ်ျကေ

 

ဘာသာပြန်-မေဇော်ထက်