ရန်ကုန် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၌ တည်ရှိသည့် မိုးယွန်းကြီးအင်းဘေးမဲ့တောတွင် ကမ္ဘာပေါ်၌မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်ကျားမျိုးစိတ်ကောင်ရေ ၅၀၀ ခန့် ဝင်ရောက်ကျက်စားနေကြောင်း မိုးယွန်းကြီးအင်းဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ကောင်းမွန်သော ရေဝပ်ဒေသတစ်ခုဖြစ်ပြီး ဌာနေငှက်များနှင့် ရေပျော် ငှက်များကျက်စားရာ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် ၁၂ မျိုးသည် ရာသီအလိုက် ဝင်ရောက်ကျက်စားလျက်ရှိရာ အဆိုပါငှက်မျိုးစိတ်များတွင် ပါဝင်သည့် ငှက်ကျားမျိုးစိတ်များ ယခုလတွင် အုပ်စုလိုက် ဝင်ရောက်ကျက်စားနေ ခြင်းဖြစ်သည်။
“ဒီနှစ်မှာ မုတ်သုန်စောပြီး နွေအကုန် မိုးအကူးမှာ မိုးယွန်းကြီးအင်းကို မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ ငှက်ကျားကောင်ရေ ၅၀၀ နီးပါး ဝင်လာတာတွေ့ရပါတယ်။ အခုလိုတွေ့မြင်ရတာဟာ အင်းအတွက် ဝမ်းသာဂုဏ်ယူစရာပါ။ အခြားသောရေဝပ်ဒေသတွေမှာမရှိဘဲ မိုးယွန်းကြီးအင်းမှာပဲ တွေ့ရတာပါ။ တစ်နှစ်ပတ်လုံး ဟိုနားဒီနား သုံးလေးကောင်တွေ့ရပေမယ့် ဒီလတွေမှာ အုပ်စုလိုက် ဝင်ရောက်တာကို တွေ့ရပါတယ်။ အရှေ့တောင်အာရှဒေသရဲ့ ဌာနေငှက်မျိုးစိတ်ဖြစ်တဲ့အတွက် ကမ္ဘောဒီးယား၊ ထိုင်းနဲ့ စင်ကာပူ နိုင်ငံမှာတွေ့ရပြီး ကမ္ဘောဒီးယားနိုင်ငံမှာ သားပေါက်တယ်လို့ ယူဆရပါတယ်။ အစာရေစာပေါများတဲ့ မိုးယွန်းကြီးအင်းကို အများဆုံးဝင်ရောက်တာဟာ ရေပျော်ငှက်တွေရဲ့ သဘာဝအရ အစာရေစာပေါများတဲ့ ရေဝပ်ဒေသတွေကို သိရှိထားတာကြောင့် စားကျက်မြေပေါများတဲ့ မိုးယွန်းကြီးအင်းကို ဝင်ရောက်ကျက်စားတာဟာ ဂုဏ်ယူစရာပါ။ ဒါကြောင့် ကမ္ဘာပေါ်မှာ မျိုးသုဉ်းဖို့ အန္တရာယ်ရှိနေတဲ့ ငှက်မျိုးစိတ်တွေ ဝင်ရောက်ကျက်စားတဲ့ မိုးယွန်းကြီးအင်းဘေးမဲ့တော ရေရှည် တည်တံ့ဖို့အတွက် အားလုံးဝိုင်းဝန်း ထိန်းသိမ်းသွားဖို့လည်း လိုပါတယ်”ဟု မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
မိုးယွန်းကြီးအင်း ဘေးမဲ့တောသို့ ငှက်ကျားမျိုးစိတ်များ ဧပြီလတွင် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လဆန်းပိုင်းတွင် ပြန်လည်ထွက်ခွာလေ့ရှိကြောင်း၊ နွေနှင့်မိုးရာသီ စပ်ကြားကာလ၌ စပါးပင်များတွင် ကပ်နေသည့် ခရုများကို ခရုတုတ် ငှက်များက စားသုံးလေ့ရှိပြီး ရေစပ်စပ်ရှိသည့် လယ်ကွက်များ၌ ဂုံးခရုများကို ငှက်ကျားမျိုးစိတ်များက စားသုံးလေ့ရှိရာ ယခုလပိုင်းတွင် ငှက်ကျားများ အုပ်လိုက် ကျရောက်ကျက်စားခြင်းသည် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏အလှကို ပိုမို ပေါ်လွင် စေလျက် တောင်သူတို့၏ စပါးခင်းများကို ဖျက်ဆီးလေ့ရှိသည့် မိုးရာသီခရုများ၏ အန္တရာယ်ကိုလည်း လျော့ပါး စေလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရှင်သန်ကျက်စားသည့် ခရုတုတ်ငှက်များသည် အင်းလေးကန်တွင် သားပေါက်၍ မိုးယွန်းကြီးအင်း အပါအဝင် ရေဝပ်ဒေသများသို့ လှည့်လည်ကျက်စားလေ့ရှိပြီး ငှက်ကြီးဝန်ပိုမျိုးစိတ်သည် သြဂုတ်လမှ စက်တင်ဘာလအထိ မိုးယွန်းကြီးအင်းအတွင်း ကျက်စား လေ့ရှိ၍ ငှက်ကျားမျိုးစိတ်သည် အင်းလေးကန်နှင့် အင်းတော်ကြီးကန်တွင် ကျက်စားလေ့မရှိဘဲ မိုးယွန်းကြီးအင်းသို့ ဝင်ရောက်ကျက်စားလေ့ရှိကြောင်း သိရသည်။ ငှက်ကျားမျိုးစိတ်သည် ဥရောပ တိုက်တွင် စပိန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဂရိ၊ ဟော်လန်နိုင်ငံတို့တွင် ကျက်စားလေ့ရှိပြီး အိန္ဒိယနိုင်ငံနှင့် အာဖရိကတိုက်တို့တွင်လည်း ကျက်စားလေ့ရှိ၍ အာရှတိုက်တွင် မြန်မာနိုင်ငံ၏ ရမ်ဆာ ရေဝပ်ဒေသတစ်ခုဖြစ်သော မိုးယွန်းအင်းဘေးမဲ့တောသို့ အုပ်စုလိုက် ဝင်ရောက်ကျက်စားလေ့ရှိကြောင်း သိရသည်။
သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်