သိန်းညွန့် (PZL)
ကမ္ဘာပေါ်တွင် တောင်ငုံးငှက်အမျိုးအစား ၁၄ မျိုး ရှိသည့်အနက် မြန်မာနိုင်ငံတွင် ၁၀ မျိုးတွေ့ရှိ နိုင်သည်။ (Craig Robson 2008) ထိုသို့ မြန်မာ နိုင်ငံတွင် တွေ့ရှိရသော တောင်ငုံးငှက် အမျိုး အစား ၁၀ မျိုးအနက် တောင်ငုံးရင်မည်း ငှက်မျိုးစိတ် Gurney's Pitta (Hydronis gurneyi) သည် ကမ္ဘာပေါ်တွင် IUCN အနီရောင် စာရင်းအရ မျိုးသုဉ်းပျောက်ကွယ်ရန် ထိပ်ဆုံးသို့ရောက် ရှိနေသော Critically endangered ငှက်အမျိုး အစားဖြစ်သည်။
မြေနိမ့် မြေပြန့်တွင် တွေ့ရှိနိုင်
အဆိုပါ ငှက်မျိုးစိတ်အား ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွင်သာ တွေ့ရနိုင်ပြီး နေထိုင်ကျက်စားရာ နေရာမှာလည်း မြေနိမ့်မြေပြန့် တောအမျိုးအစား (Sundaland) မျိုးတွင်သာ တွေ့ရှိနိုင်သော ငှက်မျိုးစိတ်ဖြစ်သည်။ ရှားပါးငှက်မျိုးစိတ်ဖြစ်သော တောင်ငုံးရင်မည်း ငှက်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေရင်းဖြင့် ၎င်းတို့နေထိုင် ကျက်စားရာနေရာများ တဖြည်းဖြည်း ပျောက်ဆုံးပြီး ယခုဆိုလျှင် ထိုင်းနိုင်ငံတွင် သဘာဝတောထဲ၌ လုံးဝမျိုးသုဉ်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ငှက်ပညာရှင်များက ၂၀၁၄ ခုနှစ်တွင် ဖော်ပြထားသည်။
ယခုဆိုလျှင် တောင်ငုံးရင်မည်းငှက်မျိုးစိတ်ကို မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ တွေ့ရှိနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး တောင်ဘက်ပိုင်း ငဝန်သစ်တောကြိုးဝိုင်းနှင့် လေညာသစ်တောကြိုးဝိုင်းတို့တွင် တွေ့ရှိနိုင်သည်။
တီတူးငှက်ဟုလည်း ခေါ်ဆိုကြ
တောင်ငုံးရင်မည်းငှက်သည် မြေပြင်တွင်သာ ကျက်စားတတ်သော သေးငယ်သည့် တောင်ငုံး အမျိုးအစား ငှက်ဖြစ်ပြီး အရောင်အသွေးစုံလင်လှသည်။ ဒေသခံများက ထိုငှက်ကို တီတူးငှက်ဟုလည်း ခေါ်ဆိုကြသည်။ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုသော ဆန္ဒတူ၊ စေတနာတူ၊ ဝါသနာတူသူတို့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အသင်းအဖွဲ့များသည် တောင်ငုံးရင်မည်းငှက် လေ့လာခြင်းကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ၂၀၁၆ ခုနှစ်အထိ လေညာနှင့် ငဝန်သစ်တောကြိုးဝိုင်းအတွင်း လေ့လာခဲ့ကြသည်။

ထိုသို့ နှစ်စဉ်လေ့လာချက်များအရ ၎င်းတို့နေထိုင်ကျက်စားရာ နေရာများသည် သဘာဝတောများအဖြစ်မှ ဆီအုန်းစိုက်ခင်းများ၊ ရော်ဘာစိုက်ခင်းများ၊ ကွမ်းသီးပင်များအဖြစ် အလျင်အမြန် ပြောင်းလဲလာခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ်ကတည်းက အစပြုပြောင်းလဲလာခဲ့သော ဆီအုန်းစိုက်ခင်းများသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ကုမ္ပဏီကြီးများမှ ဆီအုန်းနှင့် ရော်ဘာပင်များ စိုက်ပျိုးရန် သစ်တောဧရိယာများကို ပိုမိုချဲ့ထွင်လာခဲ့ကြကြောင်း စသည်ဖြင့် တွေ့ရှိခဲ့ကြသည်။ ပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ တောင်ငုံးရင်မည်းငှက်များ နေထိုင်ကျက်စားရာနေရာသည် ၈၁ ရာခိုင်နှုန်း (ဧရိယာအားဖြင့် ၃၂၂၅ စတုရန်းကီလိုမီတာမှ ၆၅၆ စတုရန်းကီလိုမီတာခန့်) အထိ ကျဆင်းလာခဲ့သည်ဟု သိရသည်။ ထို့အပြင် အချို့နေရာများတွင် လမ်းဖောက်ခြင်းကဲ့သို့သော လုပ်ဆောင်မှုများ ပြုလုပ်လာခြင်းကြောင့် တောင်ငုံးရင်မည်းငှက်သာမက အခြားသော တောရိုင်းတိရစ္ဆာန်များပါ နေထိုင်ကျက်စားရာနေရာများ ပျောက်ဆုံးလာခဲ့ရသည်။
ထို့ပြင် လေညာနှင့် ငဝန်သစ်တော ကြိုးဝိုင်းအတွင်း အမဲလိုက်ခြင်းကြောင့် သားရိုင်းတိရစ္ဆာန်များ အကောင်ရေများ တဖြည်းဖြည်း ကျဆင်းနည်းပါးလာခဲ့ကြောင်း၊ ဒေသခံများသည် တစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် သားရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးကြသလို ထိုင်းနိုင်ငံဘက်မှလည်း မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်၍ နို့တိုက်သတ္တဝါများ၊ အောက်ချင်းငှက်များ၊ သင်းခွေချပ်များနှင့် လိပ်များကို ဖမ်းဆီးခြင်းများလည်းရှိကြောင်း သိရသည်။
တောင်ငုံးရင်မည်းငှက်များသည် အမဲလိုက် မုဆိုးများ ပစ်မှတ်ထားဖမ်းဆီးလိုသော သတ္တဝါမျိုးစိတ် မဟုတ်သော်ငြား သင်းခွေချပ်များကို ဖမ်းဆီးရန် မြေပြင်တွင် ထောင်ချောက်ဖြင့် ထောင်သောအခါတွင် တောင်ငုံးရင်မည်းငှက်များ အဆိုပါထောင် ချောက်တွင်မိကာ ဖမ်းဆီးခံရသည်များလည်း ရှိသည်။
ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ တနင်္သာရီ တောင်ပိုင်းတွင်သာ တွေ့ရှိနိုင်သော တောင်ငုံးရင်မည်း ငှက်မျိုးစိတ်များ ရှင်သန်ကျက်စားရာ လေညာ နှင့် ငဝန်သစ်တောကြိုးဝိုင်းသည် တစ်ကမ္ဘာလုံးတွင် နောက်ဆုံးခံတပ် တစ်ခုသာဖြစ်ကြောင်း၊ နိုင်ငံခြားသား ငှက်သုတေသနပညာရှင်များက အဆိုပါ ငှက်မျိုးစိတ်အား လာရောက်သုတေသန ပြုလေ့လာရန် ကြိမ်ဖန်များစွာ ဆက်သွယ်မေးမြန်းမှုများ ရှိနေကြောင်း၊ ၂၀၁၆ ခုနှစ်တွင် အကောင်ရေစာရင်း ကောက်ယူခဲ့စဉ်က အဖိုအမ ကောင်ရေ ၂၀ ခန့် တွေ့ရှိ မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း အဆိုပါ ငှက်မျိုးစိတ်များကို လေ့လာသုတေသနပြုနေသူ ပညာရှင်တစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဦးစားပေးလုပ်ဆောင်လျက်ရှိ
မျက်မှောက်ပစ္စက္ခကာလတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကမ္ဘာတစ်ဝန်း ဦးစားပေး လုပ်ဆောင်လျက်ရှိနေသလို မြန်မာနိုင်ငံ သစ်တောဦးစီးဌာနအနေဖြင့်လည်း အဆိုပါ ရှားပါးတောင်ငုံးရင်မည်း ငှက်မျိုးစိတ်များ အသက်ရှင်ရပ်တည်နိုင်ရေးနှင့် ၎င်းတို့၏ နေရင်းဒေသ သဘာဝတောများ ထိခိုက်စေသော အခြေအနေမဖြစ်ပေါ်စေရေး ကိစ္စအဝဝကို ဝါသနာတူ၊ စေတနာ တရားရှိကြသူများဖြင့် ဖွဲ့စည်းကာ တောင်ငုံးရင်မည်းငှက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် အလေးပေး ဆောင်ရွက်နေကြောင်း ဝမ်းမြောက်ဖွယ်သတင်းစကား ကြားသိရပါသည်။
သို့ဖြစ်သည်နှင့်အညီ တောင်ငုံးရင်မည်း ငှက်မျိုးစိတ်များသည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၌သာ တွေ့ရှိနိုင်သော ငှက်မျိုးစိတ်တစ် မျိုးဖြစ်ခြင်းကြောင့် အဆိုပါရှားပါးငှက်မျိုးစိတ်များ မြန်မာ့မြေပေါ်တွင် မျိုးသုဉ်းပျောက်ကွယ် မသွားစေရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့်အတူ လူသားတိုင်းက တာဝန်သိသိ၊ စေတနာရှိရှိဖြင့် ပါဝင်လက်တွဲ ပူးပေါင်း ဆောင်ရွက်သင့်ပါကြောင်း စိတ်ရင်းစေတနာ အမှန်ဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။