ရန်ကုန် အောက်တိုဘာ ၂၅
အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup ) နှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေ လှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Championships)ကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ Puerto Princesa မြို့တို့၌ အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကျင်းပလျက်ရှိရာ အောက်တိုဘာ ၂၅ ရက်က ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ အမျိုးသားရှစ်တက်လှော် မီတာ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာ လှေလှော် အားကစားသမားများက ပထမ(ရွှေတံဆိပ်)ဆုကို ဆွတ်ခူးရရှိထားကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ အမျိုးသားရှစ်တက်လှော် မီတာ၂၀၀၀ ဗိုလ်လုပွဲတွင် အသင်း ၁၂ သင်း ယှဥ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)ဆု၊ ထိုင်းအသင်းက ဒုတိယ (ငွေတံဆိပ်)ဆုနှင့် တရုတ်အသင်းက တတိယ(ကြေးတံဆိပ်)ဆု ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်သည့် အားကစားအဖွဲ့တွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူး၊ နည်းပြ၊ အားကစားသမား အမျိုးသား၊ အမျိုးသမီး ၂၀ ၊ စုစုပေါင်း ၂၃ ဦး ပါဝင်ကြောင်းနှင့် ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)