ရန်ကုန်  အောက်တိုဘာ  ၂၇

 

အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်(ICF)က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလား နဂါးလှေလှော် ပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ်တွင် ချန်ဒူး၌ ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ၏ လက်ရည်စစ်ပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အား ကစားအဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့တွင် ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲ၏ အမျိုးသား (၁၀)တက်လှော် မီတာ ၂၀၀ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းက ပထမ (ရွှေတံဆိပ်)ဆု၊ မြန်မာအသင်းက ဒုတိယ(ငွေတံဆိပ်)ဆုနှင့် ထိုင်းအသင်းက တတိယ(ကြေးတံဆိပ်) ဆုကို လည်းကောင်း  အမျိုးသား+အမျိုးသမီး (၁၀) တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)ဆု၊ ထိုင်းအသင်းက ဒုတိယ (ငွေတံဆိပ်)ဆုနှင့် အင်ဒိုနီးရှားအသင်းက တတိယ (ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသား(၁၀)တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်း က ပထမ‌(ရွှေတံဆိပ်)ဆု၊ ဟောင်ကောင်အသင်းက ဒုတိယ(ငွေတံဆိပ်)ဆုနှင့် ရုရှားအသင်းက တတိယ (ကြေးတံဆိပ်)ဆုကို လည်းကောင်း၊ အမျိုးသား + အမျိုးသမီး (၁၀)တက်လှော် မီတာ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက စတုတ္ထအဆင့်ကို လည်းကောင်း ဆွတ်ခူးရရှိခဲ့ ခြင်းဖြစ်သည်။

 

မြန်မာ‌လှေလှော်အဖွဲ့သည် ပြိုင်ပွဲ (၈)မျိုး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၅) ခု၊ ငွေတံဆိပ် (၂)ခုနှင့် စတုတ္ထအဆင့်တို့ ရရှိကာ စုစုပေါင်း ဆုတံဆိပ်(၈) ခုရရှိခဲ့ပြီး အဆိုပါ ပြိုင်ပွဲများသို့ အိမ်ရှင် တရုတ်အသင်း၊ ဥရောပအသင်းများ၊ အာရှအသင်းများနှင့် အာဆီယံနိုင်ငံများမှ အသင်းပေါင်း(၁၈)သင်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။ မြန်မာ‌လှေလှော်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ Puerto Princesa မြို့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024  ICF Dragon Boat World  Cup)သို့ ၀င်ရောက်ယှဉ်ပြိုင်ရန်‌ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)