ကလျာမိုးမြင့်

 

လူ ၁၀ ဦးမှာ ကိုးဦးလောက် ကိုဗစ်-၁၉ ကူးစက်ခံ ရနိုင်တဲ့အန္တရာယ်ကနေ ကာကွယ်ပေးမယ့် ကာကွယ်ဆေး ကို ဖိုင်ဇာ(Pfizer) နဲ့ ဘိုင်အိုတက်ချ် (BioNtech)ကုမ္ပဏီက အရေးပေါ်ခွင့်ပြုချက်ရရှိဖို့ ကြိုးပမ်းနေပြီး ကာကွယ်ဆေးကို လူပေါင်း ၄၃၅၀၀ ကို စမ်းသပ်ထိုးနှံ ခဲ့ရာမှာ ဘေးဥပဒ် ဖြစ်စေနိုင်တဲ့ စိုးရိမ်စရာအခြေအနေတွေ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

 

ဘယ်လောက်ထိရောက်မှုရှိသလဲ

ဖိုင်ဇာနဲ့ ဘိုင်အိုတက်ခ်ျက စမ်းသပ်နေတဲ့ ကာကွယ် ဆေးဟာ ဗိုင်းရပ်စ်ကို တိုက်ထုတ်ပစ်ဖို့ ခုခံအားစနစ်ကို လေ့ကျင့်ပေးတယ်လို့ ဆိုပါတယ်။ အဲဒီ ကာကွယ်ဆေး အမျိုးအစားသစ်ကို RNA ကာကွယ်ဆေးလို့ ခေါ်ပြီး ဗိုင်းရပ်စ်ရဲ့ အလွန်သေးငယ်တဲ့ မျိုးဗီဇကုဒ် အပိုင်းအစ တစ်ခုကို အသုံးပြုထားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီဆေးက ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်အစိတ်အပိုင်းတစ်ခု အနေနဲ့ စတင်လုပ်ဆောင်ပြီး ခုခံအားစနစ်က ပြင်ပကလို့ သိလိုက်တဲ့အရာကို စတင်တိုက်ခိုက်တော့မှာ ဖြစ်ပါတယ်။

ကာကွယ်ဆေးကို ရက်သတ္တသုံးပတ်ခွာပြီး နှစ်ကြိမ် ပေးခဲ့တဲ့အခါမှာ ကာကွယ်ဆေးထိုးထားတဲ့ လူနာတွေကို ကိုဗစ်- ၁၉ လက္ခဏာတွေဖြစ်မလာအောင် ၉၀ ရာခိုင်နှုန်းမက ကာကွယ်ပေးနိုင်တယ်လို့ ကနဦးအချက် အလက်တွေမှာ ဖော်ပြထားပါတယ်။

 

ယခင်က အသုံးပြုဖူးသလား

RNA ကာကွယ်ဆေးကို လူတွေမှာ အသုံးပြုဖို့ ခွင့်ပြုချက်ပေးခဲ့တာမျိုး ယခင်က မရှိဖူးသေးပါဘူး။ ဒါပေမယ့် သုတေသနပြုလုပ်ခဲ့ဖူးပြီး ဒီဆေးကို တခြား ရောဂါတွေအတွက် စမ်းသပ်ကုသရာမှာ အသုံးပြုခဲ့ဖူးတယ် လို့ သိရပါတယ်။ အဲဒီကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်း မှာရှိတဲ့ စည်းကမ်းထိန်းသိမ်းရေးအေဂျင်စီတွေက ထည့်သွင်းစဉ်းစားနေကြပြီး ပြည်သူလူထုအသုံးပြုဖို့ ခွင့်ပြုချက်ပေး မပေးဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။

အသက်အရွယ်ဟာ ကိုဗစ်-၁၉ ရောဂါလက္ခဏာ ပြင်းထန်နိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်တာကြောင့် ကာကွယ်ဆေးကိုခွင့်ပြုချက်ရရှိတဲ့အခါ ဘယ်သူတွေ အရင်ဆုံး လက်ဝယ်ရရှိမလဲဆိုတာဟာ အသက်အပိုင်း အခြားအပေါ်မှာ မူတည်နေပါတယ်။

 

ဘယ်သူတွေကို ဦးစားပေးမလဲ

ဗြိတိန်မှာဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးပထမဆုံးဖြန့်ဝေပေးမယ့် ဦးစားပေးစာရင်း မှာ ထည့်သွင်းထားပြီး ဒုတိယဦးစားပေး စာရင်းမှာတော့ အသက်ကြီးတဲ့သူတွေနဲ့ စောင့်ရှောက်ရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ပါတယ်။ အဲဒီနောက် မှာတော့ အသက်အရွယ်အားဖြင့် ပိုင်းခြားကန့်သတ် လိုက်ပြီး အသက် ၅၀ အောက် ပြည်သူတွေဟာ ကာကွယ် ဆေး နောက်ဆုံးရရှိမယ့်သူတွေ ဖြစ်ပါတယ်။

 

ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ လုပ်ငန်းအဆင့်တွေ အားလုံး ချောချောမောမောနဲ့ပြီးစီးသွားရင်တော့ ခရစ္စမတ် ကာလမတိုင်ခင် ကာကွယ်ဆေးပထမအကြိမ် ထိုးနှံခြင်း လုပ်ဆောင်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ကျော်လွှားရမယ့် အခက်အခဲတွေနဲ့ ကာကွယ်ဆေးထောက်ပံ့ပို့ဆောင်မှု ဆိုင်ရာ စိန်ခေါ်မှုတွေကတော့ ရှိဦးမှာဖြစ်ပါတယ်။ ကာကွယ်ဆေးကိုသိုလှောင်ထိန်းသိမ်းတဲ့ နေရာမှာလည်း အာနိသင်မပျက်အောင် အပူချိန် အနုတ် ၈၀ ဒီဂရီစင်တီ ဂရိတ်မှာ သိုလှောင်ထိန်းသိမ်းထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ရေရှည်ကာကွယ်မှုပေးနိုင်သလား

ကာကွယ်ဆေးက အချိန်ဘယ်လောက်ကြာတဲ့အထိ ဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်ပေးနိုင်မှာလဲဆိုတာ ကိုတော့ မသိနိုင်သေးတဲ့အတွက် စောင့်ကြည့်ခြင်းနဲ့ပဲ အဖြေရှာရမှာပါ။ တကယ်လို့သာ တုပ်ကွေးရောဂါလိုပဲ ကာကွယ်ဆေးထိုးနှံပြီးနောက်မှာ ခုခံအားစနစ်က ကြာရှည်မခံဘူးဆိုရင်တော့ နှစ်စဉ်နှစ်တိုင်း ကာကွယ် ဆေးထိုးဖို့ လိုအပ်ကောင်း လိုအပ်လာနိုင်ပါတယ်။

ကာကွယ်ဆေးဟာ အသက်အရွယ်အုပ်စုအားလုံးမှာ ထိရောက်မှုအားဖြင့် အတူတူပဲလားဆိုတာကိုတော့ အချက်အလက်ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် အစောပိုင်းစမ်းသပ် လေ့လာမှုတွေအရ လူကြီးနဲ့လူငယ် နှစ်မျိုးလုံး ခုခံအားစနစ်ကို ထုတ်ပေးနိုင်တယ်ဆိုတာ ကိုတော့ ပြသခဲ့ပါတယ်။

 

ဘေးထွက်ဆိုးကျိုး အနည်းအကျဉ်းရှိ

ခုခံအားစနစ် အားနည်းတဲ့သူတွေလည်း ရှိနိုင်ပြီး အဲဒီလူတွေကတော့ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ဆောင် နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဘယ်ဆေးဝါးမှ ၁၀၀ ရာခိုင်နှုန်း ဘေးကင်းစိတ်ချရတယ်ဆိုတာမျိုးတော့ မရှိသေးပါဘူး။ မကြာခဏဆိုသလို ကျွန်ုပ်တို့ မစဉ်း စားဘဲ သောက်သုံးနေရတဲ့ ပါရာစီတမောလို ဆေးမှာ တောင် ဘေးထွက်ဆိုးကျိုးတော့ ရှိသေးတာပါပဲ။ ကာကွယ်ဆေးစမ်းသပ်မှုပြုလုပ်ခဲ့တဲ့ လူ ၄၃၅၀၀ မှာ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်မှုတွေ မတွေ့ရပေမယ့် လက္ခဏာအသေးအဖွဲလေးတွေတော့ ရှိတယ်လို့ ဆိုပါတယ်။

 

ကန့်သတ်ပိတ်ဆို့မှုတွေ လိုအပ်ဦးမလား

လူတွေမှာ ကိုဗစ်-၁၉ကို ခံနိုင်ရည်ရှိသွားပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ရပ်သွားပြီဆိုရင် ကျွန်ုပ်တို့ အနေနဲ့ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ တခြားအစီအမံတွေလုပ်စရာမလိုတော့ပါဘူး။ ဒါပေမယ့် ကာကွယ်ဆေးကို လုံလုံလောက်လောက်ထုတ်လုပ်နိုင်ဖို့နဲ့ ပြည်သူလူထုဆီ အမှန်တကယ်ရောက်ရှိဖို့ဆိုတဲ့ စိန်ခေါ်မှုတွေပဲ ကျန်ရှိ နေတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေအားလုံးအတွက် အချိန်ယူရဦးမှာဖြစ်တဲ့အတွက် စိတ်ချရတဲ့အခြေအနေ မရောက်မချင်း ဗိုင်းရပ်စ်ထိန်းချုပ်ရေး လမ်းညွှန်ချက် တွေ၊ အစီအမံတွေ ချမှတ်ဆောင်ရွက်နေရဦးမှာပါပဲ။

 

လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်နေထိုင်ဖို့လို

ဒါကြောင့် လက်ရှိအချိန်အတောအတွင်းမှာတော့ ဗိုင်းရပ်စ်စစ်ဆေးတာ၊ အသွားအလာ အဝင် အထွက် ကန့်သတ်ပိတ်ဆို့တာ၊ လူမှုဝေးကွာစည်းကမ်းချက်နဲ့ အညီ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေထိုင်တာ အိမ်အပြင် ထွက်တဲ့အခါ နှာခေါင်းစည်းတပ်ဆင်တာတွေဟာ နေ့စဉ် လူနေမှုဘဝမှာ အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်နေဦးမှာပါ။

ကိုဗစ်-၁၉ ကို တိုက်ထုတ်နိုင်ဖို့ ရည်ရွယ်တဲ့ RNA ကာကွယ်ဆေးကို Pfizer နဲ့ BioNtech ကုမ္ပဏီက ထုတ်လုပ်ထားပြီး ဉာဏဆိုင်ရာ မူပိုင်ခွင့် ရရှိထားပါ တယ်။ ဒီကုမ္ပဏီတွေအနေနဲ့ လာမယ့်နှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေး ၁ ဒသမ ၃ သန်းအထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ဆေးရဲ့ပမာဏထပ်တိုးထုတ်လုပ်နိုင်ဖို့ တခြား လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

 

အသေးစိတ်ဖော်ပြချက်လိုအပ်

ကာကွယ်ဆေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့ အစည်းတွေက ကြေညာချက်တွေထုတ်ပြန်ထားတာ ရှိပေမယ့်လည်း အသေးစိတ်အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖော်ပြထားတာမျိုးတွေ လိုအပ်နေပါသေး တယ်။ တကယ်တမ်းမှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အသေးစိတ် ပိုမိုသိရှိနိုင်လေလေ လူထုကျန်းမာရေး အတွက် ကောင်းလေလေဖြစ်မှာပါ။

ကိုးကား- ဘီဘီစီ၊ ဆင်ဟွာ