ကမ္ဘာပတ်လမ်းကြောင်းထဲက ဆက်သွယ်ရေးဂြိုဟ်တုများ

သိပ္ပံစာရေးဆရာကိုကိုအောင်


အမေရိကန် အာကာသသိပ္ပံ ပညာရှင်တို့သည် ၁၉၆၂ ခုနှစ် ဇူလိုင်လအတွင်းက ကမ္ဘာ့ပထမဦးဆုံးသော ဆက်သွယ်ရေး ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲ၌ အောင်မြင်စွာ နေရာချထားနိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့ဒေသတစ်ခုနှင့် တစ်ခု သတင်းပေးပို့ ဖလှယ်မှုများ၏ အမြန်နှုန်းကလည်း ထူးခြားသိသာစွာ တိုးတက်ပြောင်းလဲလာခဲ့သည်။

သတင်းဌာနတစ်ခုအနေဖြင့် ကမ္ဘာအရပ်ရပ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များစွာတို့ကို ဆက်သွယ်ရေး ဂြိုဟ်တု၏ အကူအညီဖြင့် နာရီပိုင်းအတွင်း ဖမ်းယူသိရှိနိုင်ပြီး သတင်းစာများတွင် ရိုက်နှိပ်ဖြန့်ဝေနိုင်ခဲ့သည့်အတွက် မြို့ကြီးသူ မြို့ကြီး သားတို့သာမက ကျေးလက်ဒေသများ၌ နေထိုင်သူတို့ပါ ကမ္ဘာ့သတင်းဦး၊ သတင်းထူးများကို ပူပူနွေးနွေး ဖတ်ရှုသိရှိ နိုင်ခဲ့ကြသည်။

အိုင်စီတီခေတ်၏ ရှေးဦးအစ
အိုင်စီတီခေတ်၏ ရှေးဦးအစ ပထမဟု ဆိုရမည်ဖြစ်သော တယ်လီဂရပ်ဖ်ခေါ် ကြေးနန်းဖြင့် သတင်းပေးပို့နိုင်ခဲ့သည့် ၁၈၃၀ ပြည့်နှစ် ကာလထက် ရှေးကျသော သတင်းဆက်သွယ်ရေး ခေတ်ဦးပိုင်းကာလများက တစ်နေရာမှ တစ်နေရာသို့ သတင်းပေးပို့ အကြောင်းကြားရာတွင် လူတစ်ယောက် ခြေကျင်လျှောက်နိုင်သောနှုန်း သို့တည်းမဟုတ် မြင်းတစ်ကောင် ပြေးနိုင်သောနှုန်း သို့တည်းမဟုတ် သင်္ဘောတစ်စင်း ရွက်လွှင့်သွားနိုင်သော နှုန်းများထက်မပိုသော အမြန်နှုန်းဖြင့်သာ ဆောင်ရွက်နိုင်ခဲ့ကြသည်။

သတင်းခေတ်ဦးကာလအတွင်းက က္ဘာ့လူသားတို့သည် တစ်နေရာမှတစ်နေရာသို့ လျင်မြန်စွာ သတင်းပေးပို့နိုင်ရန် အတွက် အသိÓဏ်မြင့်မားသော ငှက်များကို အသုံးချခဲ့ကြ သည်။ ထိုနည်းလမ်းသည် အတိုင်းအတာတစ်ရပ်အထိ လျင်မြန် ခဲ့သော်လည်း သတင်းပေးပို့ ဆက်သွယ်ရာတွင် အ္တရာယ် ကင်းပြီး လုံခြုံစိတ်ချရသောနည်း မဟုတ်ကြောင်း တစ်စတစ်စ သိရှိလာခဲ့ကြသည်။

ကြေးနန်းဖြင့် သတင်းပေးပို့ခြင်းသည် အိုင်စီတီခေတ်၏ ရှေးဦးအစ ဖြစ်ခဲ့သလို အတိုင်းအတာတစ်ရပ်အထိ လျင်မြန်ပြီး လုံခြုံစိတ်ချရသော နည်းလမ်းတစ်ရပ်လည်း ဖြစ်ခဲ့သည်။ ထိုမှတစ်ဆင့် ၁၈၅၈ ခုနှစ်အရောက်တွင် အတ္တလ္တိတ်သမုဒ္ဒရာ ရေပြင်အောက်မှ ဖြတ်သန်းသွယ်တန်းထားသော ကြေးနန်းကြိုးများကို အသုံးချကာ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများအကြား ပထမဦးဆုံးသော ပင်လယ်ရပ်ခြား ဆက်သွယ်မှုကို အစပျိုးနိုင်ခဲ့ကြသည်။

ကမ္ဘာ့ပထမဆုံး ရေဒီယိုဆက်သွယ်ရေး
၁၈၉၅ ခုနှစ်တွင် အီတလီလူမျိုး ဂူးဂလီမိုး မာကိုနီက ကမ္ဘာ့ပထမဦးဆုံးသော ရေဒီယိုဆက်သွယ်ရေး အချက်ပြမှုများ စတင် ထုတ်လွှင့်နိုင်ခဲ့ခြင်းကို အကြောင်းပြု၍ ၁၉၁၀ ပြည့်နှစ် တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ မက်ထရို ပိုလီတန် အော်ပရာ အဆောက်အအုံမှနေ၍ ကမ္ဘာ့ပထမဆုံး ရေဒီယိုအသံလွှင့်ချက်များကို စမ်းသပ်ထုတ်လွှင့်နိုင်ခဲ့သည်။

၁၉၅၀ ပြည့်လွန် နှစ်ကာလတွင်မူ ပြီးပြည့်စုံသော ရုပ်မြင်သံကြားစက်များ ပေါ်ပေါက်လာပြီး သတင်းတစ်ခုကို အချက် အလက်များသာမက လှုပ်ရှားမှုရုပ်ပုံများကိုပါ ကမ္ဘာ့ပြည်သူတို့ ကြည့်ရှုနိုင်၊ နားသောတ ဆင်နိုင်ခဲ့ကြသည်။ ထိုမှတစ်ဖန် ဂရေဟမ်ဘဲလ်နှင့် ပညာရှင်တစ်စုတို့၏ ကြိုးပမ်းတီထွင်မှုဖြင့် ၁၉၅၆ ခုနှစ်တွင် စကားပြောကြေးနန်းခေါ် တယ်လီဖုန်းကို အသုံးပြုကာ ဝေးကွာလှသော ပင်လယ်ရပ်ခြားဒေသများ အချင်းချင်း အပြန်အလှန် စကားပြောဆက်သွယ်နိုင်ခဲ့ကြသည်။

တဖြည်းဖြည်း ပြောင်းလဲတိုးတက် ဆန်းသစ်လာသော ဆက်သွယ်ရေးနည်းပညာများသည် ၁၉၆၂ ခုနှစ်က ကမ္ဘာ ပတ်လမ်းကြောင်းအတွင်း၌ ချထားခဲ့သော ဆက်သွယ်ရေး ဂြိုဟ်တုနှင့် ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ နည်းပညာများ ကြောင့် တစ်ဆစ်ချိုး ထပ်မံပြောင်းလဲ တိုးတက်ခဲ့ပြန်သည်။

၁၉၆၉ ခုနှစ် ဇူလိုင်လအတွင်းက အပိုလို ၁၁ အာကာသယာဉ်ဖြင့် လိုက်ပါသွားသော အမေရိကန် အာကာသယာဉ်မှူး နီးလ်အမ်းစထရောင်းက လမျက်နှာပြင်ပေါ်သို့ သတိကြီးစွာဖြင့် ပထမဆုံး ဆင်းသက်ခြေချနေသည်ကို ဆက်သွယ်ရေး ဂြိုဟ်တုနှင့် ရုပ်မြင်သံကြားစက်များ၏ အကူအညီဖြင့် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော ပြည်သူတို့ တအံ့တဩ ကြည့်ရှုနိုင်ခဲ့ ကြသည်။

မျက်မှောက်ကာလ ဆက်သွယ်ရေးဂြိုဟ်တုများ
ယနေ့ မျက်မှောက်ကာလတွင် ဂြိုဟ်တုဆက်သွယ်ရေးဆိုင်ရာ နည်းပညာက အံ့ဩဖွယ်ကောင်းလောက်အောင် အရှိန်အဟုန်ပြင်းစွာ တိုးတက်လျက်ရှိသည်။ ကမ္ဘာအရပ်ရပ်တွင် သုံးစွဲနေကြသော သန်းပေါင်းထောင်ချီရှိသည့် လက်ကိုင် ဖုန်းများ၊ သတင်းဌာနများနှင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေး အေဂျင်စီများ စသည်တို့၏ ဆက်သွယ်မှု ကွန်ရက်စနစ်များသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်း၌ လွှတ်တင်ထားသော ဆက်သွယ်ရေးဂြိုဟ်တု အလုံးပေါင်း ၂၅၀ဝ ကျော်အပေါ်၌ ရာနှုန်းပြည့် တည်မှီလျက်ရှိသည်။

ယင်းဆက်သွယ်ရေးဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း တစ်လုံးနှင့်တစ်လုံး ကီလိုမီတာ ၈၀ဝ မှ ကီလိုမီတာ ၃၂၀ဝ အထိ ကွာဝေးအောင် နေရာချထားသည့်အတွက် အချင်းချင်းတိုက်မိရန် အလွန်ခဲယဉ်းသည်။ သို့ရာတွင် ထူးခြား ဖြစ်စဉ်အနေဖြင့် ၂၀ဝ၉ ခုနှစ် ဖေဖော်ဝါရီလက အာကာသအတွင်း၌ လွင့်မျောနေသည့် ရုရှားစစ်ဘက်ဆိုင်ရာ ဂြိုဟ်တု အဟောင်းတစ်လုံးက အမေရိကန် ဆက်သွယ်ရေးဂြိုဟ်တု အီရီဒီယံ ၃၃ ကို ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသအထက် ကီလိုမီတာ ၈၀ဝ အမြင့်ရှိ ကမ္ဘာပတ် လမ်းကြောင်းထဲတွင် ဝင်တိုက်မိခဲ့သည်။

ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံး၏ ပျမ်းမျှတန်ဖိုးမှာ အမေရိကန်ဒေါ်လာ လေးသန်းမှ ငါးသန်းအတွင်းသာ ရှိသော်လည်း ယင်းဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း နေရာချထား နိုင်ရန် ဒုံးပျံဖြင့် ပစ်လွှတ်ရသည့်အတွက် အဆိုပါဒုံးပျံ၏ ကုန်ကျစရိတ်၊ ဒုံးပစ်စင်၏ ကုန်ကျစရိတ် စသည်တို့ကိုပါ ထည့်သွင်းတွက်ချက်ပါက ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း ချထားနိုင်ရန် အမေရိကန် ဒေါ်လာ သန်းပေါင်းထောင်နှင့်ချီ၍ အကုန်အကျခံကြရသည်။

ဂြိုဟ်တုတစ်လုံး၏ သက်တမ်းသည် စတင်နေရာချထားသည့်အချိန်မှ ဂျက်လောင်စာတွန်းကန်အား ကျသွားချိန်အထိ သာလျှင် ဖြစ်သည်။ ဂျက်လောင်စာတွန်းကန်အား လျော့ကျသွားသည်နှင့် ကမ္ဘာမြေ၏ ဆွဲအားကြောင့် တဖြည်းဖြည်း နိမ့်ဆင်းလာကာ ကမ္ဘာ့လေထုအတွင်းသို့ ရောက်ရှိသည်နှင့် လေထုထဲရှိ အမှုန်အမွှားများနှင့် ထိတွေ ့ပွတ်တိုက်ပြီး မီးလောင် ပြာကျသွားရသည်။

ကမ္ဘာပတ်လမ်းကြောင်းအတွင်း၌ နေရာချထားသော ဂြိုဟ်တုများသည် သက်တမ်းကုန်၍ ကမ္ဘာပေါ်သို့ ပျက်ကျလာချိန်တွင် ၂၄ နာရီတိုင်း၌ တစ်ပတ်လည်ပတ်နေသော ကမ္ဘာကြီး၏ ပထဝီသဘောတရားကြောင့် အဆိုပါဂြိုဟ်တု ပျက်ကျနိုင်သည့် နေရာကို အတိအကျ မှန်းဆ၍ မရနိုင်ပေ။ ယုတ်စွအဆုံး ဂြိုဟ်တုပျက်ယွင်း၍ ကမ္ဘာ့မြေပြင်ပေါ် ကျရောက်ခါနီး နှစ်နာရီခန့်မျှ လိုသောအချိန်၌ပင် ခန့်မှန်းချက်များ လွဲချော်သွားနိုင်သေးသည်။

ဂြိုဟ်တုများပျက်ကျလျှင်
သို့ရာတွင် ဂြိုဟ်တုများ ပျက်ကျသည့်အခါ အစိတ်အပိုင်းအများစုမှာ မီးလောင်ပျက်စီးသွားကြသည်သာ ဖြစ်သည်။ အပူဒဏ်ခံနိုင်ရန် တိုက်တေနီယမ်၊ သံမဏိ စသည်တို့ဖြင့် အထူးပြုလုပ်ထားသည့် လောင်စာကန်ကဲ့သို့သော အစိတ်အပိုင်း များသည်သာလျှင် မီးမလောင်နိုင်ဘဲ မြေပြင်ပေါ် သို့မဟုတ် ပင်လယ်နှင့် သမုဒ္ဒရာများအတွင်းသို့ သက်ဆင်း ကျရောက်လာနိုင်သည်။

ဆက်သွယ်ရေးဂြိုဟ်တုများ အပါအဝင် ပျက်ကျလာသော ဂြိုဟ်တုအပျက်အစီး အစိတ်အပိုင်းများသည် ရေဒီယိုသတ္တိကြွနှုန်း မြင့်မားနေနိုင်သဖြင့် လွယ်လင့်တကူ ကောက်ယူသယ်ဆောင်ခြင်း မပြုသင့်ပေ။ သယ်ယူသူများနှင့် ရွှေ့ပြောင်း သယ်ဆောင်ထားသိုရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသူများအား ပြင်းထန်သော ကင်ဆာဝေဒနာများ ဖြစ်ပွား စေနိုင်သည်ကို သတိပြုကြရမည် ဖြစ်သည်။

ဆက်သွယ်ရေးဂြိုဟ်တုနှင့် မိုးလေဝသဂြိုဟ်တု စသော ဂြိုဟ်တုများ သက်တမ်းကုန်ဆုံးချိန် ရောက်လာသည့်အခါ ပျက်မကျစေဘဲ အာကာသထဲ၌ ဆက်လက်ထားရှိနိုင်သော်လည်း ယင်းကဲ့သို့ အာကာသထဲ၌ တည်ရှိနေစေရေးအတွက် ကမ္ဘာ့မြေပြင်စခန်းမှနေ၍ ထိန်းချုပ်ကွပ်ကဲရသော စရိတ်စကများက အလွန်ကြီးမားသောကြောင့် ပျက်ကျစေခြင်း ဖြစ်သည်။ ဂြိုဟ်တုများကို ကမ္ဘာပတ်လမ်းကြောင်းထဲ၌ နေရာချထားသည့်အခါ ဒုံးကန်စက်ကလေးများကိုသုံး၍ လိုရာလမ်းကြောင်းသို့ ရောက်ရှိစေနိုင်သလို ထို့ထက် ပိုမိုမြင့်မားသော လမ်းကြောင်းဆီသို့လည်း နေရာရွှေ့ပြောင်းပေးနိုင်သည်။

ဆက်သွယ်ရေးဂြိုဟ်တု အပါအဝင် ဂြိုဟ်တုအမျိုးမျိုးတို့ကို လည်းကောင်း၊ လပေါ်သို့ အရောက်သွားမည့် ဂြိုဟ်ပတ်ယာဉ် နှင့် လဆင်းယာဉ်များကိုလည်းကောင်း၊ နိုင်ငံတကာအာကာသ စခန်းယာဉ် (International Space Station - ISS) ဆီသို့ သုတေသနဆိုင်ရာ ပစ္စည်းများနှင့် ကုန်စည်များကို သယ်ယူပို့ဆောင်ပေးမည့် ကုန်တင် အာကာသယာဉ်များကို လည်းကောင်း၊ အင်္ဂါဂြိုဟ်လေ့လာရေး အာကာသယာဉ် အပါအဝင် အာကာသ စူးစမ်းလေ့လာရေးယာဉ်နှင့် အာကာသ သုတေသန ယာဉ်အမျိုးမျိုးတို့ကိုလည်းကောင်း ကမ္ဘာ့မြေပြင်ပေါ်မှ အာကာသ ဟင်းလင်းပြင်ထဲသို့ ပစ်လွှတ်ရာတွင် ဒုံးပျံများကို အသုံးပြုကြရသည်။

ဒုံးပျံများ
ဒုံးပျံများသည် အာကာသထဲသို့ ပစ်လွှတ်မည့် ဂြိုဟ်တုများနှင့် အာကာသယာဉ် အမျိုးမျိုးတို့အား ကမ္ဘာ့မြေဆွဲအားကို ဆန့်ကျင်လျက် အာကာသ ဟင်းလင်းပြင်ကြီးဆီသို့ တွန်းပို့နိုင်ရန် အောက်ဆီဂျင်ဓာတ်ငွေ့ အပါအဝင် အခြားသော ဓာတု လောင်စာများကို အသုံးပြုရသည်။ ဒုံးပျံများကို အာကာသအတွင်းသို့ တွန်းပို့နိုင်ရန်အတွက် ဓာတုလောင်စာများ စွမ်းအားပြည့် လောင်ကျွမ်းနိုင်ရန် အောက်ဆီဂျင်ဓာတ်ငွေ့ကို ထည့်သွင်းပေးထားရခြင်း ဖြစ်သည်။

ဒုံးပျံအင်ဂျင်သည် မော်တော်ကားအင်ဂျင်၊ သင်္ဘောအင်ဂျင်၊ ရထားအင်ဂျင်၊ လေယာဉ်အင်ဂျင်များကဲ့သို့ စက်ပစ္စည်း အစိတ်အပိုင်းများ၏ လည်ပတ်လှုပ်ရှားမှု လုံးဝမရှိဘဲ ဓာတုလောင်စာများ လောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် စွန့်ထုတ် ဓာတ်ငွေ့များ၏ တွန်းကန်အားဖြင့်သာ ရွေ့လျားမောင်းနှင်ရသော အင်ဂျင်အမျိုးအစား ဖြစ်သည်။

မော်တော်ကားအင်ဂျင်၊ သင်္ဘောအင်ဂျင်၊ ရထားအင်ဂျင်နှင့် လေယာဉ်အင်ဂျင်များသည် စွမ်းအင်ရရှိရေးအတွက် ထည့်သွင်း အသုံးပြုထားသော ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းပေါက်ကွဲနိုင်ရန် လေထုထဲမှ အောက်ဆီဂျင်ဓာတ်ငွေ့ကို စုပ်ယူ အသုံးပြုကြရသည်။ သို့ဖြစ်၍ အဆိုပါ အင်ဂျင်များကို အောက်ဆီဂျင်ရှိသောနေရာ တစ်နည်းအားဖြင့် ကမ္ဘာ့ လေထုအတွင်း၌သာ အသုံးပြုနိုင်သည်။

သို့ရာတွင် ဒုံးပျံအင်ဂျင်များကမူ အသင့်ကြိုတင်ထည့်သွင်းထားသော အောက်ဆီဂျင်ဓာတ်ငွေ့နှင့် ဓာတုလောင်စာများ ရောနှောလောင်ကျွမ်းမှုကြောင့် တွန်းအားကို ရရှိသည့်အတွက် ကမ္ဘာ့လေထုအတွင်း၌ သာမက လေထုကင်းမဲ့သော အာကာသ ဟင်းလင်းပြင်ထဲ၌ပါ အသုံးပြုနိုင်သည်။
ဒုံးပျံများတွင် လောင်စာအဖြစ် ထည့်သွင်းအသုံးပြုရသော ဓာတုပစ္စည်းများကို အချိုးအစား မှန်ကန်အောင် ရောစပ်စီစဉ် ထည့်သွင်းကြရသည်။ လက်နက်နှင့် မီးရှူးမီးပန်းများ ထုတ်လုပ်ရာတွင် အသုံးပြုသော ယမ်းမှုန့်များ၌ နိုက်ထရိတ် ၇၅ ရာခိုင်နှုန်း၊ ကာဗွန် ၁၅ ရာခိုင်နှုန်းနှင့် ဆာလ်ဖာ ၁၀ ရာခိုင်နှုန်း အသီးသီး ပါဝင်ကြသည်။ သို့ဖြစ်၍ အဆိုပါ ယမ်းမှုန့်များကို လောင်ကျွမ်းစေသည့်အခါ ပေါက်ကွဲမှုလည်း တစ်ပါတည်း ဖြစ်ပေါ်လာသည်။

ဒုံးပျံအင်ဂျင်များ အနေဖြင့်မူ လောင်ကျွမ်းရုံ သက်သက်သာ လိုအပ်ပြီး ပေါက်ကွဲမှုအဆင့်အထိ မလိုအပ်သည့်အတွက် ဒုံးပျံလောင်စာများကို နိုက်ထရိတ် ၇၂ ရာခိုင်နှုန်း၊ ကာဗွန် ၂၄ ရာခိုင်နှုန်းနှင့် ဆာလ်ဖာ ၄ ရာခိုင်နှုန်း အချိုးအစားအတိုင်း ရောစပ်ထားရသည်။ သို့ဖြစ်၍ ပေါက်ကွဲမှု မဖြစ်နိုင်တော့ဘဲ အရှိန်ပြင်းပြင်းဖြင့်သာ လောင်ကျွမ်းသည့် လောင်စာများအဖြစ် ဒုံးပျံများကို အာကာသအတွင်းသို့ လျင်မြန်စွာ တွန်းပို့ပေးနိုင်ကြသည်။

ဤသည်ကား ဒုံးပျံများကို ကမ္ဘာ့မြေပြင်ပေါ်မှ အာကာသ ဟင်းလင်းပြင်ဆီသို့ တွန်းပို့ရာတွင် အသုံးပြုရသော လောင်စာ အခဲများ၏ အလုပ်လုပ်ဆောင်ပုံ သဘောတရားပင်ဖြစ်သည်။ ဤသို့သော ဒုံးပျံသုံး လောင်စာခဲများသည် စတင်လောင်ကျွမ်း သည်မှစ၍ လောင်စာကုန်သည့် အချိန်အထိ အဆက်မပြတ် လောင်ကျွမ်းကြသည့်အတွက် လိုသလိုထိန်းချုပ်၍ မရနိုင်ပေ။
ဆက်သွယ်ရေး ဂြိုဟ်တုနှင့် မိုးလေဝသဂြိုဟ်တုများကို က္ဘာပတ်လမ်းကြောင်းအတွင်း၌ နေရာချထားခြင်း၊ နေရာ ရွှေ့ပြောင်းခြင်း၊ သက်တမ်းကုန်ဆုံးချိန် ရောက်ရှိသော်လည်း အာကာသထဲ၌ပင် ဆက်လက်ထားရှိခြင်း စသည့် ကိစ္စရပ်များ အတွက်မူ လောင်စာအခဲကို မသုံးဘဲ လောင်စာအရည်များကိုသာလျှင် အသုံးပြုကြရသည်။ လောင်စာအရည်ကို အသုံး ပြုသော ဒုံးကန်စက်ကလေးများကို ဂြိုဟ်တုများ၌ တပ်ဆင်တည်ဆောက်ပေးထားသည့်အတွက် အဆိုပါဂြိုဟ်တုများကို မြေပြင်စခန်းမှနေ၍ လိုသလို ထိန်းချုပ်ပဲ့ကိုင်ပေးနိုင်ကြသည်။

ဤသို့အားဖြင့် စဉ်ဆက်မပြတ် တိုးတက်နေသော အိုင်စီတီ နယ်ပယ်ကြီးအတွက် ဆက်သွယ်ရေးဂြိုဟ်တုများက အဓိက အခန်းကဏ္ဍတွင် ရှိနေကြသလို အနာဂတ်ကာလ ကမ္ဘာ့ပြည်သူတို့၏ ဆက်သွယ်ရေးဆိုင်ရာ ကိစ္စအဝဝနှင့်တကွ အာကာသ စူးစမ်းလေ့လာရေး၊ အာကာသ သုတေသနလုပ်ငန်း၊ အာကာသ ခရီးသွားလုပ်ငန်းများအတွက်လည်း ဆက်သွယ်ရေးဂြိုဟ်တု များက ယခုထက်ပို၍ပင် အရေးပါ အရာရောက်နေမည်မှာ ဧကန်မလွဲ ဖြစ်ပေတော့သည်။      ။