နေပြည်တော် စက်တင်ဘာ ၂၂

ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Environment Facility-GEF) ၏ အဋ္ဌမမြောက် ရန်ပုံငွေထောက်ပံ့ရေးကာလ (GEF-8 Replenishment Cycle) ကို ၂၀၂၂ ခုနှစ်တွင် စတင်နိုင်ရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးအတွက် အာရှဒေသ တွင်းနိုင်ငံများ အကြိုညှိနှိုင်းအစည်းအဝေး (GEF Asia Pre-Replenishment Preparation Meeting) ကို ယမန်နေ့ ညနေ ၅ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ  မြန်မာနိုင်ငံ၏ GEF Operational Focal Point ဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် အရာထမ်းကိုယ်စားလှယ်များ ပါဝင်တက် ရောက်ဆွေးနွေးကြသည်။

GEF သည် ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ပြဿနာများဖြေရှင်းရာတွင် ဖွံ့ဖြိုး ဆဲနိုင်ငံများ ပိုမိုထိရောက်စွာပါဝင်နိုင်ရေးအတွက် လိုအပ်သည့်ရန်ပုံငွေများကို လေးနှစ် တစ်ကြိမ်လျာထား ချက်များအတိုင်း စီမံကိန်းများလျှောက်ထား ခွင့်ပြု လျက်ရှိရာ GEF-8 Replenishment Cycle ရန်ပုံငွေထောက်ပံ့ရေးဆိုင်ရာအစီအမံများအတွက် ရန်ပုံငွေ လျှောက်ထားခြင်းဆိုင်ရာ မဟာ ဗျူဟာ၊ အစီအစဉ်များနှင့် လမ်းညွှန်ချက်များ ချမှတ် နိုင်ရန် ရေးဆွဲလျက်ရှိသဖြင့် ဦးတည်ချက်များ၊ ဦးစားပေးကဏ္ဍများ၊ စီမံချက်/ စီမံကိန်းများနှင့် ရည်မှန်းချက်များ စသည်တို့နှင့်စပ်လျဉ်း၍ အာရှဒေသတွင်းနိုင်ငံများ ၏ လိုအပ်ချက်များ၊ သဘောထားမှတ်ချက်များကို အာရှဒေသကိုယ်စား တင်ပြပေး နိုင်ရေး ဆွေးနွေးညှိနှိုင်းကြသည်။ 

ယခုကျင်းပသည့်အစည်းအဝေးကို မြန်မာနိုင်ငံပါဝင်သည့် အာရှဒေသဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး (GEF ၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ Operational Focal Point လည်းဖြစ်သည့်) Ms. Anna Teh ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး GEF အတွင်းရေးမှူးရုံးနှင့် အာရှဒေသ အတွင်းရှိ GEF ရန်ပုံငွေလက်ခံရရှိသည့်နိုင်ငံများမှ Operational Focal Point များ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်