မကွေး ဇွန် ၅
၂၀၂၂ ခုနှစ်၊ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ဆုရပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့နေထိုင်ရာ ကမ္ဘာမြေကြီး၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ညစ်ညမ်းလာမှုပြဿနာများကို ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းနိုင်ရေးအတွက် ၁၉၇၂ ခုနှစ်၊ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကမ္ဘာနိုင်ငံအသီးသီးရှိ နိုင်ငံခေါင်းဆောင်များစုဝေးပြီး ကမ္ဘာ့ပထမဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံဖြစ်သည့် ကုလသမဂ္ဂလူသားနှင့် ပတ်ဝင်းကျင်ညီလာခံအား ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း(၅၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပြဿနာများအနက် နှစ်စဉ်အလိုက်ဖြစ်ပွားနေသည့် အရေကြီးပြဿနာရပ်များအား ပိုမိုသိရှိကာ အလေားထားဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် နှစ်စဉ်အလိုက် အထိမ်းအမှတ် ဆောင်ပုဒ်များ သတ်မှတ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းနားများအား ကျင်းပရခြင်းဖြစ်ကာ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “တစ်ခုတည်း သောကမ္ဘာမြေ (Only One Earth)” အဖြစ် သတ်မှတ်ထားပြီး သဘာဝတရားနဲ့အညီ ရေရှည်တည်တံ့ခိုင်မြဲစွာ နေထိုင်ရန်လိုအပ်သည့်အပြင် ရာသီဥတုဆိုင်ရာပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များတွင် လူသားတိုင်းပါင်ဝင်ဆောင်ရွက်ရေး တိုက်တွန်းနှိုးဆော်ထားပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျုဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေး၊ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကိုထိန်သိမ်းရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား အသိပညာပေး ဗီဒီယိုကလစ်အား ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အားလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သူအား ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ နှစ်သိမ့်ဆုရရှိခဲ့သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပြီးနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် ပြသထားသော အသိပညာပေးဆိုင်းဘုတ်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)