ဂွ ၁ ဇွန်
မြန်မာနိုင်ငံတွင်သာရှိသည့် ကမ္ဘာ့ရှားပါးမျိုးနွယ်ဝင် ရခိုင်တောင်လိပ် အကောင်ရေ ၅၀ ခန့်ကို ရခိုင်ပြည်နယ် ဂွမြို့နယ် ရခိုင်ရိုးမ ဆင်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ရုံးဝင်းခြံ အတွင်း၌ ခြံလှောင်ထိန်းသိမ်း စောင့်ရှောက်မွေးမြူထားကြောင်း ဇွန် ၁ ရက်က သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS -Myanmar)၏ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့(TSA) မှ ဦးထွန်းသူ(သုတေသနအရာရှိ)၏ ပြောပြချက်အရသိရသည်။

ဘေးမဲ့တောအတွင်း သဘာဝအတိုင်း သွားလာနေထိုင်ကြသော်လည်း နည်းမျိုးစုံဖြင့်မျိုးသုဉ်းပျောက်ကွယ်နိုင်သဖြင့်၂၀ဝ၅ ခုနှစ်မှ စ၍ခြံတည်ဆောက်ကာ ရခိုင်တောင်လိပ် ငါး ကောင်ကို စတင်မွေးမြူထိန်းသိမ်းလာခဲ့ရာ ယခုအခါ အကောင်ရေ ၅၀ ခန့်အထိရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှားပါးရခိုင် တောင်လိပ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ရခိုင်ရိုးမဆင်ဘေးမဲ့တော ဝန်ထမ်းများမှ လိုအပ်ချက်များ ဖြည့်ဆည်းပေးပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် သားဖောက်ရာတွင်လည်း သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS)နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ (TSA)မှ ဝန်ထမ်းများက ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးလျက် ရှိသည်။

"ဒီရခိုင်တောင်လိပ်တွေက မြန်မာမျိုးရင်းစစ်စစ်တွေပါ။ ပြည်ပနိုင်ငံတွေမှာလည်းဒါမျိုးမရှိဘူး။မြန်မာမျိုးရင်းစစ်စစ်တွေမျိုးသုဉ်းနိုင်တဲ့ အနေအထားရှိနေလို့ သားဖောက်ထိန်းသိမ်း ထားရတာပါ။ နောက်ဒီလိပ်တွေက တစ်နှစ်မှာ တစ်ကြိမ်ပဲ ဥအုတာ။ တစ်ကြိမ်ဥရင်သုံးလုံးနဲ့ ခုနှစ်လုံး လောက်ပဲ ဥတယ်။ ခုနှစ်လုံးဥတယ်ဆိုတာ တော်တော်ရှားတယ်။ ဥအုတိုင်းလည်း အကုန်လုံးမပေါက်ဘူး။ တစ်ကောင်နှစ်ကောင်လောက်ပဲ ပေါက်တာ။အ ခြားလိပ်တွေဆိုရင် တစ်နှစ်ကို သုံးလေးခါလောက်ဥအုပြီး သားပေါက်နှုန်းကလည်း ကောင်းတယ်။အခြားလိပ်တွေနဲ့ နှိုင်းယှဉ်ရင် ဥနှုန်းရော သားပေါက်နှုန်းရော တအား အားနည်းတဲ့ လိပ်မျိုးစိတ်မျိုးပါ"ဟု ဦးထွန်းသူ က ပြောသည်။

ရခိုင်တောင်လိပ်သည် မြန်မာနိုင်ငံ အပူပိုင်း အမြဲစိမ်းသစ်တော၊ ဝါးတောများနှင့်ရံဖန်ရံခါ၌ စမ်းချောင်းငယ်များ တစ်လျှောက်တွင်လည်း ပေါက်ဖွားရှင်သန်လေ့ရှိကာ အထူးသဖြင့်ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ခြမ်း ဒေသများတွင် တွေ့ရှိနိုင်ပြီး မြန်မာနိုင်ငံ၏ ဇီဝအမွေအနှစ် ရတနာလိပ်မျိုးစိတ် တစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရသည်။ မြန်မာ နိုင်ငံတွင် ရှေးယခင်က ပေါများစွာ တွေ့ခဲ့သော်လည်း ယခုအခါ တတိယ ရှားပါးသောမျိုးစိတ်ထိတိုင် နှစ်အနည်းငယ်အတွင်း ပြောင်းလဲသွားသည့်လိပ်မျိုးစိတ်ဖြစ်ကြောင်းလည်း သိရသည်။
အများသုံး အမည် (Rakhine Forest Turtle)၊ သိပ္ပံအမည် (Heosemys depressa) ဟု ခေါ်ဆိုသော ရခိုင်တောင်လိပ်မျိုးစိတ်ကို အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(International Union for Conservation of Nature-IUCN) ကမျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် Critically Endangered (CR) အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံအနေဖြင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ (၁၉၉၄)နှင့် ငါးလုပ်ငန်းဥပဒေ(၁၉၉၃) အရ ကာကွယ်ထားကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ - ပိန်းဇလုပ်သိန်းညွန့်